Subscribe Us

header ads

အောင်မြင်မှုစံချိန်တင်ပြီးနောက် EA က Battlefield စတူဒီယိုများမှ ဝန်ထမ်းများကို ထုတ်ပယ်

Image: Electronic Arts

Battlefield 6 ဂိမ်းဟာ စီးရီးတစ်ခုလုံးရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးရောင်းအားနဲ့ အောင်မြင်မှုအရှိဆုံး အဖြစ် စတင်နိုင်ခဲ့ပေမဲ့ လအနည်းငယ်အကြာမှာတော့ EA ကုမ္ပဏီက Battlefield စတူဒီယိုတွေက ဝန်ထမ်းတွေကို စတင်လျှော့ချနေပြီလို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ Live-service ဝန်ဆောင်မှုအပေါ် ဖိအားပေးမှုတွေ၊ နည်းပညာအသုံးပြုမှုအပေါ် ကစားသူတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကုမ္ပဏီကို ဒေါ်လာ ၅၅ ဘီလီယံနဲ့ ပုဂ္ဂလိကပိုင်အဖြစ် ဝယ်ယူတော့မဲ့ အခြေအနေတွေကြားမှာ ထွက်ပေါ်လာတာပါ။ IGN ရဲ့ ဖော်ပြချက်အရ Battlefield 6 အတွက် တာဝန်ယူထားတဲ့ Criterion၊ DICE၊ Ripple Effect နဲ့ Motive စတူဒီယို လေးခုလုံးမှာ ဝန်ထမ်းလျှော့ချမှုတွေ ရှိနေပြီး ကုမ္ပဏီဘက်ကတော့ ဒါဟာ အဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် ပြန်လည်ဖွဲ့စည်းတာဖြစ်တယ်လို့ ဝန်ထမ်းတွေကို ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ Battlefield 6 ဟာ ပထမ ၃ ရက်အတွင်းမှာတင် အချပ်ရေ ၇ သန်းကျော် ရောင်းချခဲ့ရပြီး ၂၀၂၅ ခုနှစ်ရဲ့ အမေရိကန်မှာ အရောင်းရဆုံးဂိမ်း ဖြစ်ခဲ့ပါတယ်။ Steam ပလက်ဖောင်းမှာလည်း တစ်ပြိုင်နက်တည်း ကစားသူ ၇ သိန်းကျော်အထိ ရှိခဲ့ပြီး စံချိန်တင်အောင်မြင်မှုတွေ ရခဲ့တာပါ။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ကစားသူအရေအတွက်ဟာ သိသိသာသာ ထိုးဆင်းသွားခဲ့ပြီး လက်ရှိမှာ သောင်းဂဏန်းဝန်းကျင်ပဲ ကျန်ပါတော့တယ်။ ဒီလိုဖြစ်ရတာကတော့ ဂိမ်းအတွင်း ငွေကြေးအလွန်အမင်း ကောက်ခံတာ၊ AI သုံးပြီး အလှဆင်ပစ္စည်းတွေ ဖန်တီးတာနဲ့ content အသစ်ထွက်ရှိမှု နှေးကွေးတာတွေအပေါ် ကစားသူတွေက စိတ်ပျက်ပြီး ဝေဖန်ကန့်ကွက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

ဒီအခြေအနေတွေအပြင် Battlefield ရဲ့ ခေါင်းဆောင်ဖြစ်သူ Vince Zampella ဟာ ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ ယာဉ်မတော်တဆမှုကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့တာကလည်း စီးရီးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ Battlefield 2042 ရဲ့ အမှားတွေကို ပြင်ဆင်ပြီး ဒီစီးရီးကို ပြန်လည်ဦးမော့အောင် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း EA ကုမ္ပဏီကို ဆော်ဒီအာရေဗျရဲ့ Public Investment Fund နဲ့ ရင်းနှီးမြှုပ်နှံသူအဖွဲ့က ဒေါ်လာ ၅၅ ဘီလီယံနဲ့ ဝယ်ယူပြီး အများပိုင်ကုမ္ပဏီအဖြစ်ကနေ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေတာပါ။

EA ဘက်ကတော့ ဝန်ထမ်းလျှော့ချတာဟာ အခုဝယ်ယူမယ့်ကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ ဆိုထားပေမဲ့ ဂိမ်းအောင်မြင်နေချိန်မှာ အခုလို ဝန်ထမ်းလျှော့တာ၊ AI နည်းပညာတွေကို သုံးတာနဲ့ ပိုင်ရှင်အပြောင်းအလဲဖြစ်တာတွေကြောင့် ဂိမ်းဖန်တီးသူတွေနဲ့ ကစားသူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ EA ကတော့ Battlefield ကို သူတို့ရဲ့ အဓိကဦးစားပေးအဖြစ် ဆက်လက်ထားရှိမယ်လို့ ပြောနေပေမဲ့ အဖွဲ့အစည်းကတော့ အရင်ကထက် သေးငယ်သွားပြီး ရှေ့ဆက်သွားမယ့်ပုံစံကလည်း ကစားသူတွေရဲ့ စောင့်ကြည့်စစ်ဆေးမှုကို အပြင်းအထန် ခံနေရဆဲ ဖြစ်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: TechSpot

Post a Comment

0 Comments