Subscribe Us

header ads

အီရန်စစ်ပွဲနှင့် AI Data Center များအပေါ် ရိုက်ခတ်လာနိုင်သည့် အကျိုးဆက်များ


Image: Fadel SENNA—AFP/Getty Images

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ နည်းပညာကုမ္ပဏီကြီးတွေဟာ အရှေ့အလယ်ပိုင်းဒေသဆီကို ဒေါ်လာဘီလီယံပေါင်းများစွာ စီးဝင်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒေသတွင်းအစိုးရတွေရဲ့ ထောက်ပံ့မှု၊ ဈေးသက်သာပြီး အလွယ်တကူရနိုင်တဲ့ စွမ်းအင်နဲ့ မြေနေရာတွေကြောင့် ဒီဒေသဟာ AI အခြေခံအဆောက်အအုံတွေအတွက် အချက်အချာနေရာ ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ အခုဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲဟာ အိမ်နီးချင်းနိုင်ငံတွေဆီကိုပါ ကူးစက်ပြန့်နှံ့လာတာကြောင့် အရှေ့အလယ်ပိုင်းမှာ တည်ဆောက်နေတဲ့ Data Center တွေနဲ့ ဒီဂျစ်တယ်အခြေခံအဆောက်အအုံတွေရဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက CNBC ကို ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတွေမှာရှိတဲ့ AWS (Amazon Web Services) အဆောက်အအုံတွေကို ထိမှန်ခဲ့တာကြောင့် ဘဏ်လုပ်ငန်း၊ ငွေပေးချေမှု၊ လုပ်ငန်းစုနဲ့ လူသုံးကုန်ဝန်ဆောင်မှုတွေမှာ ပြတ်တောက်မှုတွေ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒီစစ်ပွဲကြောင့် နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ လက်ရှိတည်ဆောက်ပြီးသား AI အခြေခံအဆောက်အအုံတွေကို စွန့်ခွာသွားဖို့ မရှိသေးပေမဲ့ စစ်ပွဲကသာ ရေရှည်ဆွဲသွားမယ်ဆိုရင် နောင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေအပေါ်တော့ ကြီးကြီးမားမား သက်ရောက်မှုရှိလာနိုင်ပါတယ်။ Hilco Global ရဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူး Patrick J. Murphy က ပင်လယ်ကွေ့ဒေသမှာ နိုင်ငံရေးအရ စိုးရိမ်ရမှုတွေ ဆက်တက်နေမယ်ဆိုရင် ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ နောက်ထပ်ပရောဂျက်တွေကို စွမ်းအင်၊ ဥပဒေပိုင်းနဲ့ လုံခြုံရေး ပိုပြီးစိတ်ချရတဲ့ မြောက်ဥရောပ၊ အိန္ဒိယ ဒါမှမဟုတ် အရှေ့တောင်အာရှ ဒေသတွေဆီကို ရွှေ့ပြောင်းလုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

တိုက်ခိုက်ရန်ပစ်မှတ်များဖြစ်လာသည့် Data Center များ

အရှေ့အလယ်ပိုင်းဒေသဟာ AI အရှိန်အဟုန်ကို ထောက်ပံ့ပေးမယ့် အဓိကဗဟိုချက်တစ်ခုအဖြစ် အလျင်အမြန် ပြောင်းလဲလာခဲ့တာပါ။ ဒေသတွင်းအစိုးရတွေကလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့နဲ့ အမေရိကန်အစိုးရရဲ့ သဘောထားကို လိုက်လျောတဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်မှုတွေကို လျှော့ချဖို့ ကြိုးပမ်းခဲ့ကြတာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ယူအေအီးမှာရှိတဲ့ OpenAI ရဲ့ "Stargate" လို့ အမည်ပေးထားတဲ့ AI Campus မှာ Oracle၊ Nvidia နဲ့ Cisco တို့ ပါဝင်ပတ်သက်နေပြီး ၅ ဂစ်ဂါဝပ် (GW) အထိ ထုတ်လုပ်ပေးနိုင်မယ့် Data Center တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆော်ဒီကုမ္ပဏီ Humain ကလည်း ဒေါ်လာဘီလီယံချီ ရင်းနှီးမြှုပ်နှံနေသလို Microsoft ကလည်း ၂၀၂၉ ခုနှစ်အရောက်မှာ ယူအေအီးမှာ ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီအဆောက်အအုံတွေရဲ့ လုံခြုံရေးကိစ္စက အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ CSIS ရဲ့ ညွှန်ကြားရေးမှူး Aalok Mehta က အခုတိုက်ခိုက်မှုတွေဟာ ခေတ်သစ်စစ်ပွဲတွေမှာ Data Center တွေဟာ တိုက်ခိုက်ခံရဖို့ သင့်တော်တဲ့ ပစ်မှတ်တွေအဖြစ် သတ်မှတ်ခံလိုက်ရပြီဆိုတာကို ပြသနေတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ အနာဂတ်မှာ Data Center လုံခြုံရေးကို ဘယ်လိုစဉ်းစားမလဲဆိုတာ သိသိသာသာ ပြောင်းလဲသွားမှာပါ။ AI အခြေခံအဆောက်အအုံ ကုမ္ပဏီတွေဟာ အန္တရာယ်နည်းတဲ့ ဒေသတွေဆီ ရွှေ့ပြောင်းဖို့ ဒါမှမဟုတ် လက်ရှိနဲ့ အနာဂတ် Data Center တွေကို ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ဒရုန်းတားဆီးရေး နည်းပညာတွေနဲ့ အခိုင်အမာ ကာကွယ်ဖို့အတွက် အရေးပေါ်အစီအစဉ်တွေ ဆွဲထားကြဖို့ လိုအပ်လာပြီလို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကြာရှည်နိုင်သည့်ပဋိပက္ခ

စစ်ပွဲကာလ ကြာရှည်လာနိုင်တဲ့ အခြေအနေရှိနေပေမဲ့ အရှေ့အလယ်ပိုင်းဒေသဟာ AI အခြေခံအဆောက်အအုံ တည်ဆောက်လိုတဲ့ ကုမ္ပဏီတွေအတွက် ဆွဲဆောင်မှုရှိနေဆဲ အချက်တွေရှိနေပါတယ်။

Atlantic Council အကြံပေးအဖွဲ့ရဲ့ အကြီးတန်းညွှန်ကြားရေးမှူး Tess deBlanc-Knowles က CNBC ကို ပြောကြားရာမှာတော့ ဒီဒေသဟာ နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကနေ ရရှိနိုင်တဲ့ အရင်းအနှီး၊ အစိုးရကိုယ်တိုင်က စိတ်အားထက်သန်စွာ ပါဝင်ပတ်သက်မှု၊ လိုအပ်တဲ့ စွမ်းအင်တွေ ရရှိနိုင်မှုနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) ဈေးကွက်တွေဆီ သွားရာလမ်းကြောင်းဖြစ်နေမှု စတဲ့အချက်တွေကြောင့် ကုမ္ပဏီတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေဆဲပါပဲလို့ ဆိုပါတယ်။

ဒါ့အပြင် အရှေ့အလယ်ပိုင်း အစိုးရတွေအနေနဲ့လည်း အမေရိကန်ကုမ္ပဏီတွေကို ယုံကြည်မှုပြန်ရအောင် ကြိုးပမ်းပြီး သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့ အစွမ်းကုန် တိုက်တွန်းသွားကြမှာပါ။ Mehta ရဲ့ အဆိုအရ ယူအေအီး ဆိုရင် AI နည်းပညာ တည်ဆောက်မှုကို သူတို့ရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ အရာအဖြစ် ရှုမြင်ထားပြီး ဒီနည်းပညာအပေါ်မှာပဲ အလောင်းအစားကြီးကြီး လုပ်ထားတာပါ။ ဒါကြောင့်လည်း AI အကူးအပြောင်းအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေသလို ကြီးမားတဲ့ AI အခြေခံအဆောက်အအုံ မိတ်ဖက်လုပ်ငန်းတွေ ဖြစ်လာဖို့အတွက်လည်း အဓိကနေရာကနေ ကူညီဆောင်ရွက်ပေးနေပါတယ်။

လက်ရှိ လည်ပတ်နေတဲ့ အဆောက်အအုံတွေအတွက် ကုန်ကျစရိတ်တွေက အလွန်ကြီးမားနေတာ၊ စွမ်းအင်စာချုပ်တွေ၊ မြေနေရာ သဘောတူညီချက်တွေနဲ့ Fiber ဆက်ကြောင်းတွေ ရှိနေတာကြောင့် AI Hyperscalers တွေအနေနဲ့ လက်ရှိလုပ်ငန်းတွေကို တခြားနေရာဆီ ရွှေ့ပြောင်းဖို့ဆိုတာမျိုးကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ Morningstar ရဲ့ အကြီးတန်း လေ့လာဆန်းစစ်သူ Tancrede Fulop ကတော့ Data Center တွေဆိုတာ ဝန်ဆောင်မှု ပိုမိုမြန်ဆန်ကောင်းမွန်ဖို့အတွက် သုံးစွဲသူတွေနဲ့ နီးစပ်တဲ့နေရာမှာ ရှိနေဖို့ လိုအပ်တာကြောင့် လုပ်ငန်းတွေကို ရွှေ့ပြောင်းတာ ဒါမှမဟုတ် ပိတ်ပစ်တာမျိုး လုပ်လိုက်ရင် ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်တွေ (SLA) ကို ချိုးဖောက်သလို ဖြစ်သွားနိုင်ပြီး ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဒါပေမဲ့လည်း အီရန်စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအပေါ် သက်ရောက်နိုင်တဲ့ အခြေအနေတွေကို ရင်းနှီးမြှုပ်နှံမှု ကော်မတီတွေနဲ့ ဘုတ်အဖွဲ့တွေကတော့ အသေအချာ တွက်ချက်နေကြမှာပါ။ ဒီဒေသကနေ လုံးလုံးလျားလျား ထွက်ခွာသွားတာမျိုးထက် ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေကို နှေးကွေးစေတာ ဒါမှမဟုတ် စီစဉ်ထားတဲ့ မိတ်ဖက်လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားတာမျိုးနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အန္တရာယ်တွေကို ကာကွယ်ဖို့ (Hedge) ခြေလှမ်းတွေ လုပ်ဆောင်လာနိုင်တယ်လို့ deBlanc-Knowles က ဆိုပါတယ်။

အကယ်၍ ပဋိပက္ခကသာ ဆက်ပြီးရှိနေမယ် ဒါမှမဟုတ် ပိုပြီးပြင်းထန်လာမယ်ဆိုရင်တော့ ဒီလို ကာကွယ်တဲ့ အဆင့်ကနေတစ်ဆင့် ဒေသတွင်းစစ်ပွဲကြောင့် ဖြစ်လာမယ့် ရေရှည်အနှောင့်အယှက်တွေကို ရှောင်ရှားနိုင်ဖို့အတွက် တခြား ဒေသတွင်း ဗဟိုချက်နေရာတွေကို ရှာဖွေသုံးသပ်တဲ့ အဆင့်အထိ ကူးပြောင်းသွားနိုင်တယ်လို့လည်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်တွင် အရှေ့အလယ်ပိုင်းရှိ ဒေတာစင်တာ သဘောတူညီချက်များမှာ အမေရိကန်ဒေါ်လာ ၂.၄၆ ဘီလီယံ အထိ တန်ကြေးရှိခဲ့

၂၀၂၅ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသရဲ့ Data Center အရောင်းအဝယ် တန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၂.၄၆ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Pure Data Centre Group အနေနဲ့ အဲဒီဒေသတွင်း လုပ်ငန်းတွေကို အရှိန်လျှော့ချသွားရနိုင်တယ်လို့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ ယာယီစီအီးအိုဖြစ်သူ Gary Wojtaszek က CNBC ကို ပြောကြားခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ လက်ရှိမှာ ရီယာဒ် နဲ့ အဘူဒါဘီတို့မှာ Data Center တွေ လည်ပတ်နေပြီး ရှေ့ဆက်တိုးချဲ့ဖို့လည်း စီစဉ်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

Image via CNBC

အရှေ့အလယ်ပိုင်းမှာ ရရှိနိုင်တဲ့ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ရည်ညွှန်းပြီး Wojtaszek က "ပြီးခဲ့တဲ့ အပတ်အထိတော့ အခြေအနေတွေက တကယ့်ကို အားရစရာကြီးလို့ ကျွန်တော် ထင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဒီမှာ လုပ်ငန်းတွေကို ခဏလောက် အရှိန်လျှော့ထားတာ ကောင်းမယ် ထင်တယ်လို့ ဖြစ်သွားပြီ" လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ ဒီပဋိပက္ခတွေဟာ ပြန်လည်ငြိမ်သက်သွားမှာဖြစ်ပြီး အနာဂတ်မှာ အဲဒီဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပိုပြီးတော့တောင် အာရုံစိုက်လာကြလိမ့်ဦးမယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ အနာဂတ်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေအတွက် ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်ကို အသေအချာ တွက်ချက်လာကြတော့မယ်လို့ Mehta က ဆိုပါတယ်။ သူတို့အနေနဲ့ ဒီစစ်ပွဲက ဘယ်လောက်ကြာမှာလဲ၊ လုံခြုံရေးအတွက် အဆောက်အအုံတွေကို အခိုင်အမာ ကာကွယ်ဖို့ ဘယ်လောက်ကုန်ကျမလဲ၊ တခြားရွေးချယ်စရာ နေရာကောင်းတွေ ရှိနိုင်မလားနဲ့ တခြားနေရာကို ပြောင်းရွှေ့လိုက်ရင်ရော လုပ်ငန်းတွေ ဘယ်လောက်အထိ ကြန့်ကြာသွားမလဲ ဆိုတဲ့ မေးခွန်းတွေကို အလေးအနက်ထား စဉ်းစားလာကြမှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး Google နဲ့ Microsoft တို့ကတော့ သူတို့ရဲ့ ဒေသတွင်း Data Center နဲ့ AI ပရောဂျက်တွေအပေါ် စစ်ပွဲရဲ့ ရိုက်ခတ်မှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ AWS၊ G42၊ Humain နဲ့ OpenAI တို့ကလည်း သတင်းထုတ်ပြန်ချိန်အထိ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: CNBC

Post a Comment

0 Comments