![]() |
| Image: Huawei |
Huawei ဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက် desktop system အသစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ အဲ့ဒါတွေကတော့ Qingyun W515y နဲ့ W585y တို့ ဖြစ်ပါတယ်။ ဒီစက်တွေမှာ Huawei ရဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ Kirin 9000X processor ကို အသုံးပြုထားပြီး တရုတ်ဈေးကွက်မှာ Windows ရဲ့ နေရာကို ဝင်ယူဖို့ ရည်မှန်းထားတဲ့ Tongxin UOS V20 ဒါမှမဟုတ် Galaxy Kylin V10 operating system တွေနဲ့ တွဲဖက်ပေးထားပါတယ်။
Kirin 9000X chip ကိုတော့ ကုမ္ပဏီက လူအများသိအောင် တရားဝင် မိတ်ဆက်ပွဲ မလုပ်ရသေးပါဘူး။ ဒါပေမဲ့ သတင်းတွေအရ၊ HiSilicon က ဖန်တီးထားတဲ့ ဒီ 8-core/ 16-thread processor ဟာ 2.5 GHz base clock ရှိတယ်လို့ ဆိုပါတယ်။ Kirin 9000X ဟာ Kirin 9000C ကိုဆက်ခံတဲ့မျိုးဆက်ဖြစ်ပြီး အခု PC အသစ်တွေကလည်း အရင်မျိုးဆက် Qingyun W515x နဲ့ W585x တို့ရဲ့ နေရာကို တိုက်ရိုက်အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။
![]() |
| Image: Huawei |
မူလ Kirin 9000 ကတော့ Arm architecture ကို အခြေခံထားပြီး 3.13 GHz core တစ်ခု၊ 2.54 GHz core ၃ခုပါတဲ့ Cortex-A77 ၃ခုနဲ့ 2.05 GHz Cortex-A55 core ၄ခုတို့ ပါဝင်ပါတယ်။ ဒါ့အပြင် 24-core ရှိတဲ့ Mali-G78 iGPU လည်း ပါပါသေးတယ်။ Huawei ဟာ Kirin 9000 ကို စမတ်ဖုန်း၊ လက်တော့ပ်နဲ့ desktop တွေလို ပစ္စည်းအမျိုးမျိုးမှာ သုံးနိုင်ဖို့ မျိုးကွဲပေါင်းစုံကို ထုတ်ဝေခဲ့ပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်မှုကန့်သတ်ချက်တွေ မချမှတ်ခင်တုန်းက Kirin 9000 ကို TSMC က 5nm+ (N5) process node နဲ့ ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
![]() |
| Image: Huawei |
Huawei ဘက်က Qingyun W515y နဲ့ W585y မော်ဒယ်တွေရဲ့ specification အပြည့်အစုံကိုတော့ မကြေညာသေးပါဘူး။ ဒီစက်တွေမှာ quad-channel LPDDR5x memory၊ SSD နဲ့ hard drive (ဘယ်လောက်ဆိုတာ မဖော်ပြထား) တို့ ပါဝင်ပြီး၊ optical drive (DVD-RW) ကိုလည်း ထည့်ချင်ရင် ထည့်နိုင်တယ်လို့ပဲ ထုတ်လုပ်သူက ပြောထားပါတယ်။ Qingyun W515y နဲ့ W585y နှစ်မျိုးလုံးဟာ 11.5 x 3.7 x 12.4 လက်မ (293 x 93 x 315.5 mm) ဆိုတဲ့ အရွယ်အစား တူညီကြပြီး optical drive နဲ့ hard drive မပါရင် 7.9 ပေါင် (3.6 kg) လေးပါတယ်။ ပြောရရင် ယခင်မျိုးဆက်နဲ့ အရွယ်အစားတူတူဖြစ်ပြီး အနည်းငယ် ပိုမိုပေါ့ပါးသွားပါတယ်။
Huawei ဟာ သူ့ရဲ့ HarmonyOS ကို ထုတ်ကုန်မျိုးစုံမှာ အားတက်သရော ပရိုမိုးရှင်းလုပ်နေတာ အခုတလော တွေ့နေရပါတယ်။ ဒါကြောင့် အခု PC တွေမှာ အဲ့ဒီ OS မပါဝင်တာက နည်းနည်းတော့ အံ့ဩစရာကောင်းနေပါတယ်။ အရင်မျိုးဆက် Qingyun W515x နဲ့ W585x တွေတုန်းကလည်း HarmonyOS ကို မသုံးခဲ့ပါဘူး။ အဲ့ဒီအစား ဒီစက်တွေမှာ UnionTech (Tongxin) က ဖန်တီးထားတဲ့ UOS V20 (Unified Operating System) ဒါမှမဟုတ် Galaxy Kylin V10 ကို ရွေးချယ်ခွင့် ပေးထားပါတယ်။ ဒီ operating system နှစ်ခုလုံးက Linux ကို အခြေခံပြီး သူတို့ရဲ့ ကိုယ်ပိုင်ပြင်ဆင်မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။
Qingyun W515y နဲ့ W585y တို့ရဲ့ ဒီဇိုင်းကတော့ အရင်မျိုးဆက်နဲ့ ဘာမှမပြောင်းလဲသွားပါဘူး။ Case ရဲ့ အရှေ့ဘက်မှာ USB Type-C port တစ်ခု၊ USB 3.2 Gen 1 Type-A port သုံးခု၊ ပြီးတော့ 3.5mm microphone နဲ့ headphone ပေါက်တစ်ခု ပါဝင်ပါတယ်။ အနောက်ဘက် panel မှာတော့ USB 3.2 Gen 1 Type-A port လေးခု၊ Gigabit Ethernet port တစ်ခု၊ serial port တစ်ခု၊ 3.5mm audio ပေါက် သုံးခု၊ VGA port တစ်ခု နဲ့ HDMI port တစ်ခု တပ်ဆင်ပေးထားပါတယ်။
Huawei က Qingyun W515y နဲ့ W585y မော်ဒယ်တွေမှာ K100 wire keyboard နဲ့ M100 mouse တို့ကိုပါ တစ်ခါတည်း ထည့်ပေးထားမှာပါ။ ဒါပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမဲ့နေ့ရက်ကိုတော့ Huawei က မကြေညာသေးပါဘူး။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Tom's Hardware



0 Comments