![]() |
| Image: Bandai Namco |
Ace Combat 8: Wings of Theve ဂိမ်းဟာ ဂိမ်းစီးရီးတစ်ခုလုံးရဲ့ သမိုင်းမှာ PC ပလက်ဖောင်းပေါ် စတင်မိတ်ဆက်မှု အကဲသာဆုံးအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ SteamDB ရဲ့ အချက်အလက်တွေအရ အောက်တိုဘာလ ၂ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ဒီဂိမ်းဟာ ထွက်ရှိပြီး နောက်တစ်ရက်မှာတင် Steam မှာ ကစားသူဦးရေ ၅၂,၀၀၀ ကျော်အထိ ရောက်ရှိခဲ့တာပါ။
ဒါဟာ ၂၀၁၉ တုန်းက ထွက်ခဲ့တဲ့ Ace Combat 7: Skies Unknown ရဲ့ ကစားသူ ၁၃,၇၅၈ ယောက်နဲ့ ယှဉ်ရင် ၄ ဆနီးပါး ပိုများခဲ့သလို သူ့ရှေ့က Assault Horizon ရဲ့ ကစားသူ ၃,၇၉၅ ယောက်ထက်လည်း အဆမတန် ပိုများခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Steam ရဲ့ ကမ္ဘာလုံးဆိုင်ရာ အရောင်းရဆုံး ဂိမ်းစာရင်းထဲမှာလည်း ပါဝင်လာခဲ့ပုံပါပဲ။ Ace Combat 7 ထွက်ပြီး ခုနစ်နှစ်ကျော်မှ Bandai Namco က ပြန်လည်အသက်သွင်းခဲ့တဲ့ လေယာဥ်ဂိမ်းစီးရီးတစ်ခုအတွက်တော့ ဒါဟာ တကယ့်ကို မဆိုးလှတဲ့ ရလဒ်လို့ဆိုနိုင်ပါတယ်။
ဒါပေမဲ့ Steam ပေါ်က Review တွေကတော့ အရမ်းကြီး ကောင်းတယ်လို့မဆိုနိုင်ပါဘူး။ Positive Review ပမာဏကလည်း ၇၈ ရာခိုင်နှုန်းပဲ ရှိတာကြောင့် "Mostly Positive" အဆင့်မှာပဲ ရှိနေပါတယ်။ ကစားသူတွေအနေနဲ့ လေကြောင်းတိုက်ပွဲတွေ၊ စစ်ဆင်ရေး အမျိုးအစား စုံလင်မှု၊ ဇာတ်လမ်းပိုင်းနဲ့ နောက်ခံတေးဂီတတွေကို သဘောကျကြပေမဲ့ အဓိက အားနည်းချက်အဖြစ် ဂိမ်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ငြီးတွားနေကြပါတယ်။ အထူးသဖြင့် Frame Rate တွေဟာ မျှော်လင့်ထားသလောက် မရတာနဲ့ Multiplayer ပိုင်းပေါ် အမြင်ကွဲပြားနေကြတာပါ။
ဒါ့အပြင် ဂိမ်းကိုကြိုတင်မှာယူခဲ့သူတွေ ထပ်ဆောင်းရရှိတဲ့ Ace Combat Zero: The Belkan War ဂိမ်းနဲ့ ပတ်သက်လို့လည်း ဇဝေဇဝါ ဖြစ်ခဲ့ကြပါသေးတယ်။ အကြောင်းကတော့ မူပိုင်ခွင့် ကန့်သတ်ချက်တွေကြောင့် Combat Zero: The Belkan War ကိုသီးခြားဂိမ်းတစ်ခုအဖြစ်ကစားလို့မရဘဲ Wings of Theve ဂိမ်းကို စက်ထဲမှာ ထည့်ထားမှသာ အဲဒီဂိမ်းကို DLC တစ်ခုအနေနဲ့ ဆော့လို့ရမှာမို့လို့ပါ။ Bandai Namco ဘက်ကတော့ တရားဝင် ရောင်းအားကိန်းဂဏန်းတွေကို ထုတ်ပြန်ခြင်း မရှိသေးသလို Steam ဟာ ပလက်ဖောင်း သုံးခုထဲက တစ်ခုပဲ ရှိသေးတာကြောင့် စတင်ထွက်ရှိချိန်မှာ ဘယ်လောက်ရောင်းအားကောင်းသလဲဆိုတာ တရားဝင်မသိရသေးပါဘူး။ Frame Rate ပြဿနာတွေအတွက် Patch အချို့ ထုတ်ပေးလိုက်ရင်တော့ Review ရလဒ်တွေ ပိုကောင်းလာလိမ့်မယ်လို့ ယူဆရပါတယ်။
Source: Techpowerup

0 Comments