| Image: Gskill |
ကွန်ပျူတာနဲ့ ဖုန်းအပါအဝင် လျှပ်စစ်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို တက်စေတဲ့ Memory ပြတ်လပ်တဲ့ပြဿနာက ဒီနှစ်ကုန်ပိုင်းကနေ ၂၀၂၇ အထိ ပိုဆိုးလာဖို့ပဲ ရှိပြီး ပြန်သက်သာလာမယ့် အလားအလာကို ၂၀၂၈ ကျမှပဲ မြင်ရနိုင်ဖွယ် ရှိပါတယ်။ ၂၀၂၅ခုနှစ်မှာ စတင်လာခဲ့တဲ့ ဒီ Memory ပြဿနာဟာ အခုဆိုရင် ပိုမိုဆိုးရွားလာလို့ RAMageddon လို့တောင် တင်စားခေါ်ဝေါ်နေကြပါပြီ။
မန်မိုရီထုတ်လုပ်သူတွေနဲ့ လုပ်ငန်းတွင်း လေ့လာဆန်းစစ်သူအများစုကတော့ မန်မိုရီစျေးတက်လာရခြင်းဟာ AI ကြောင့် ဝယ်လိုအားတက်လာတာလို့ ပုံချနေကြပေမဲ့ ကာလီဖိုးနီးယားမှာ စွဲဆိုလိုက်တဲ့ တရားစွဲဆိုမှုအသစ်တစ်ခုမှာတော့ မန်မိုရီဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတဲ့ ကုမ္ပဏီကြီး ၃ ခုက လက်ရှိအခြေအနေကို အခွင့်ကောင်းယူပြီးဈေးနှုန်းတွေကို မတရား ညှိနှိုင်းမြှင့်တင်နေကြတယ်လို့ စွပ်စွဲထားပါတယ်။
မန်မိုရီလုပ်ငန်းဆိုင်ရာ အကြံပေးနဲ့ Samsung China ရဲ့အမှုဆောင်ဟောင်းတစ်ဦးဖြစ်သူ Ethan Tan အဆိုအရ ၂၀၂၆ တတိယသုံးလပတ်မှာတင် RAM ဈေးတွေဟာ ၄၀% ကနေ ၅၀% အထိ ထိုးတက်သွားနိုင်ပြီး စတုတ္ထသုံးလပတ်မှာ နောက်ထပ် ၃၀% ကနေ ၄၀% အထိ ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ ဒီပမာဏက အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေ ခန့်မှန်းထားတာထက် အများကြီး ပိုများနေတာပါ။
ကမ္ဘာပေါ်က DRAM နဲ့ NAND အားလုံးနီးပါးကို Samsung၊ SK Hynix နဲ့ Micron ကုမ္ပဏီ ၃ ခုတည်းကပဲ ထုတ်လုပ်နေတာဖြစ်ပြီး၊ သာမန် PC နဲ့ ဖုန်းတွေထက် AI data center တွေဆီ ရောင်းရတာက အမြတ်အဆမတန် ပိုရတာကြောင့် ဖြစ်ပါတယ်။
လတ်တလောမှာ data center တွေရဲ့ ဝယ်လိုအားက အဲဒီကုမ္ပဏီ ၃ ခုစလုံးရဲ့ စုစုပေါင်းထုတ်လုပ်မှုပမာဏထက်တောင် ကျော်လွန်နေတာကြောင့် လွန်ခဲ့တဲ့ ၄ နှစ်တာအတွင်းမှာ ဈေးနှုန်းတွေဟာ ၇၀၀% အထိတောင် မြင့်တက်သွားခဲ့ပါတယ်။ ရလဒ်အနေနဲ့ သာမန်သုံးစွဲသူတွေအတွက် မန်မိုရီဈေးနှုန်းတွေဟာ ဝယ်ဖို့လက်လှမ်းမမီနိုင်လောက်အောင် ကြီးမြင့်လာခဲ့ပြီး Apple၊ Sony နဲ့ Microsoft အပါအဝင် အခြားကုမ္ပဏီကြီးတွေကိုပါ သူတို့ပစ္စည်းဈေးနှုန်းတွေ အဆမတန် လိုက်လံမြှင့်တင်ဖို့ တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။
ဆီမီးကွန်ဒတ်တာ နည်းပညာတိုးတက်မှုတွေက ၂၀၂၆ ခုနှစ်မှာ ကုန်ထုတ်လုပ်မှုပမာဏကို ၇% ကနေ ၈% အထိပဲ တိုးပေးနိုင်မှာမို့လို့ ပစ္စည်းပြတ်လပ်တဲ့ပြဿနာက လာမယ့်နှစ်အထိ ဆက်ရှိနေဦးမှာဖြစ်ပြီး၊ လာမယ့်နှစ်မှာလည်း တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်း ၄၀% မှ ٤၅% အထိ ထပ်မံမြင့်တက်လာနိုင်တယ်လို့ Tan က တွက်ချက်ထားပါတယ်။ ကုန်ထုတ်လုပ်မှုပမာဏ ပြန်လည်တိုးတက်လာတာနဲ့ AI ဝယ်လိုအား ပြန်လည်တည်ငြိမ်သွားတာတို့ ပေါင်းစပ်သွားမယ့် ၂၀၂၈ ခုနှစ်ကျမှသာ ဈေးနှုန်းတွေဟာ ၁၅% မှ ၂၀% ခန့် ပြန်လည်ကျဆင်းသွားနိုင်ခြေ ရှိပါတယ်။
ဒါ့အပြင် CXMT လို တရုတ်နိုင်ငံက မန်မိုရီထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ စျေးကွက်အပေါ်သက်ရောက်မှုဟာ လာမယ့် ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေမှာ အကန့်အသတ်နဲ့ပဲ ရှိနေဦးမယ်လို့ မျှော်လင့်ရပါတယ်။ အဓိကအကြောင်းရင်းကတော့ တရုတ်ပြည်တွင်းက ထုတ်လုပ်သူတွေအနေနဲ့ မျိုးဆက်သစ် chip တွေထုတ်ဖို့ လိုအပ်တဲ့ EUV lithography လို အဆင့်မြင့်နည်းပညာအသုံးပြုတဲ့စက်တွေကို ဝယ်ယူခွင့် ပိတ်ဆို့ခံထားရလို့ ဖြစ်ပါတယ်။
စမ်းသပ်ချက်တွေအရ CXMT ရဲ့ DDR5 RAM က သာမန် PC တွေအတွက် သုံးလို့ရနေပြီမို့ Apple အနေနဲ့လည်း နာမည်ပျက်စာရင်းသွင်းခံထားရတဲ့ အဲဒီတရုတ်ကုမ္ပဏီဆီက ပစ္စည်းဝယ်ခွင့်ရဖို့ အမေရိကန်အစိုးရကို လိုက်လံနားချနေပါတယ်။ ဒါပေမဲ့လည်း CXMT အနေနဲ့ လတ်တလောမှာ DDR6 သို့မဟုတ် HBM3E နည်းပညာတွေဆီ တက်လှမ်းနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ၂၀၂၈ လောက်မှာတော့ တရုတ်ပြည်တွင်းရဲ့ NAND နည်းပညာက ကျန်လုပ်ငန်းနယ်ပယ်တစ်ခုလုံးနဲ့ ရင်ဘောင်တန်းနိုင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါပေမဲ့ ကာလီဖိုးနီးယားက တရားလို ၁၇ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကတော့ အခုဈေးတက်တာဟာ အဆိုပါကုမ္ပဏီကြီးတွေရဲ့ တမင်ကြံစည်မှုကြောင့်လို့ ယူဆနေပါတယ်။ Law360 ရဲ့ ဖော်ပြချက်အရ Samsung၊ SK Hynix နဲ့ Micron တို့ဟာ ဈေးကွက်အတွင်း မတရားယှဉ်ပြိုင်မှုပုံစံနဲ့ ဈေးကစားဖို့အတွက် DRAM ထုတ်လုပ်မှုကို တမင်သက်သက် ကန့်သတ်ထားတယ်လို့ စွပ်စွဲပြီး တရားစွဲထားတာပါ။
Garciaguirre et al. v. Samsung Electronics Co., Ltd. et al. တရားစွဲဆိုမှုအမှုတွင်းမှာ တရားလိုတွေဘက်က စွပ်စွဲထားတာကတော့—ဒီကုမ္ပဏီ ၃ ခုဟာ မန်မိုရီဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာတောင် DRAM ထုတ်လုပ်မှုပမာဏကို တမင်တကာ လျှော့ချပစ်ခဲ့ကြတယ်၊ ပြီးတော့ ၎င်းတို့ရဲ့ ကုန်ထုတ်လုပ်မှုအင်အားတွေကို အမြတ် ပိုရမယ့် HBM server memory ဘက်ဆီ ပြောင်းလဲအသုံးချခဲ့ကြတယ်၊ ဒါ့အပြင် ဈေးနှုန်းတွေကို ပိုပြီး မြင့်တက်လာစေဖို့အတွက် သမားရိုးကျ ဖြန့်ချိရေး လမ်းကြောင်းတွေကိုပါ ဖျက်သိမ်းပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့ရဲ့ အဓိကထောက်ပြတဲ့အချက်ကတော့- တကယ်လို့သာ တရားမျှတတဲ့ ပြိုင်ဆိုင်မှုရှိတဲ့ ဈေးကွက်ဆိုရင် ဈေးတက်လာတဲ့အချိန်မှာ အနည်းဆုံး ထုတ်လုပ်သူတစ်ဦးက ကုန်ထုတ်လုပ်မှုကို တိုးမြှင့်ရမှာဖြစ်ပြီး အဲဒီအခါ ကျန်တဲ့သူတွေကလည်း လိုက်လုပ်ကြရမှာ ဖြစ်တယ်လို့ ထောက်ပြထားတာပါ။
ဒီအမှုက အဆင့်မြင့် DRAM နဲ့ NAND ထုတ်လုပ်မှုကဏ္ဍမှာ ဘာလို့ ထိပ်သီးကုမ္ပဏီ ၃ ခုတည်းကပဲ ဆယ်စုနှစ်ချီ လက်ဝါးကြီးအုပ်ထားနိုင်လဲဆိုတဲ့ အချက်ကိုလည်း မီးမောင်းထိုးပြနေပါတယ်။ မန်မိုရီစက်ရုံတစ်ရုံ တည်ဆောက်တဲ့အခါ ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ပြီး နှစ်ပေါင်းများစွာ အချိန်ယူရတဲ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ကုန်သွယ်ရေးလျှို့ဝှက်ချက်တွေ လိုအပ်လို့ပါ။ ဒါ့အပြင် အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှု ဥပဒေတွေကြောင့်လည်း တရုတ် CXMT လို ကုမ္ပဏီတွေက အဆင့်မြင့်ဆုံး စက်ရုံသုံးပစ္စည်းတွေကို ဝယ်ခွင့်မရဘဲ ပိတ်ဆို့ခံထားရပါတယ်။
တကယ်လို့ ဒီအမှုက ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း တတိယအကြိမ်မြောက် မန်မိုရီဈေးနှုန်း အရှုပ်တော်ပုံ ဖြစ်လာမှာပါ။
ပြီးခဲ့တဲ့ ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်ကြားကာလတုန်းကလည်း Samsung၊ SK Hynix (ထိုစဉ်က Hynix)၊ Micron နဲ့ အခုအခါ လုပ်ငန်းရပ်ဆိုင်းသွားပြီဖြစ်တဲ့ Infineon နဲ့ Elpida တို့ရဲ့ DRAM ဌာနတွေဟာ မန်မိုရီဈေးနှုန်းတွေကို တိုင်ပင်ပြီး တမင်သတ်မှတ်ခဲ့ကြကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံခဲ့ရဖူးပါတယ်။ ထိုစဉ်က ပြစ်ဒဏ်အနေနဲ့ Samsung က အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ SK Hynix က ဒေါ်လာ ၁၅ သန်းအထိ ဒဏ်ရိုက်ခြင်း ခံခဲ့ရပါတယ်။
ဒါတင်မကသေးဘဲ ၂၀၁၀ ပြည့်နှစ်နှောင်းပိုင်းမှာ ဈေးတွေပြန်တက်တုန်းကလည်း ဒီထိပ်သီးကုမ္ပဏီ ၃ ခုဟာ ထပ်မံသံသယဖြစ်ဖွယ် အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ၂၀၁၈ ခုနှစ်က အမေရိကန်မှာ အုပ်စုလိုက် တရားစွဲဆိုခြင်း ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သက်သေမခိုင်မာလို့ အယူခံအဆင့်မှာ ပယ်ချခံခဲ့ရသလို တရုတ်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကိုလည်း ခံခဲ့ရဖူးပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: TechSpot
0 Comments