Subscribe Us

header ads

ပျက်အစဥ် ပြင်မဆုံးသည့် Windows 11 ကြောင့် Microsoft ရုန်းကန်နေရ

Image: Microsoft

Windows 11 ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတုန်းက မိတ်ဆက်ခဲ့ပေမယ့် ရိုးရိုးသားသားပြောရရင် ပရိသတ်တုံ့ပြန်မှုက သိပ်မရှိခဲ့ပါဘူး။ အဓိကကတော့ ဒီ OS သုံးဖို့ သတ်မှတ်ထားတဲ့ Hardware လိုအပ်ချက်ပိုမိုများပြားလာတာတွေကြောင့် ဘယ်သူကမှ အထူးအဆန်း ဒါမှမဟုတ် အထင်ကြီးလောက်စရာအဖြစ် မျှော်လင့်ထားတာမျိုး မရှိခဲ့ပါဘူး။  ခေတ်မီပြီး ကောင်းမွန်ထက်မြက်တဲ့ အတွေ့အကြုံကို ပေးအပ်ဖို့ ကတိပေးခဲ့ပေမယ့် နှစ်အနည်းငယ်ကျော်လာတဲ့အခါမှာတော့ သူ့ရဲ့ အခြေခံလုပ်ဆောင်ချက်တွေမှာတောင် Bug တွေနဲ့ ရုန်းကန်နေရပြီး သုံးစွဲသူအရေအတွက်ကလည်း မတိုးတက်လာတာကြောင့် လူအများက သံသယဖြစ်နေကြပါတယ်။

Windows 11 ထွက်တာ ၄ နှစ်ကျော်လာပြီဖြစ်ပေမယ့် Windows 10 သုံးစွဲသူတွေကတော့ အပြောင်းအလဲမလုပ်ဘဲ ဆက်သုံးနေဆဲပါပဲ။ ဥရောပမှာဆိုရင် Microsoft account နဲ့ Windows 10 ကို ချိတ်ဆက်ထားတဲ့သူတွေအတွက် Extended Security Updates တွေကို အခမဲ့ ပေးနေရပါတယ်။ Windows 11 ရဲ့ အသုံးပြုမှု အတွေ့အကြုံက စတင်ထွက်ရှိချိန်ကထက် ပိုဆိုးရွားလာသလို Microsoft ရဲ့ ကိုယ်တိုင်ကလည်း သုံးစွဲသူတွေကို စိတ်ပျက်သွားအောင် လုပ်နေခဲ့ပါတယ်။

ရိုးရိုးပြောရရင် Windows 11 ရဲ့ အဓိက Interface အစိတ်အပိုင်းတွေက ယုံကြည်စိတ်ချရမှု မရှိတော့ပါဘူး။ မကြာသေးခင်ကမှ Microsoft က Support Bulletin ကနေတဆင့် Start Menu၊ Taskbar၊ File Explorer နဲ့ Settings app တို့လို အရေးကြီးတဲ့ Core Features တွေဟာ နောက်ဆုံးပေါ် Updates တွေကြောင့် ပျက်စီးနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီပြဿနာတွေဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ Update မှာ ပါလာတဲ့ XAML လို့ခေါ်တဲ့ ဆော့ဖ်ဝဲလ် အစိတ်အပိုင်းတစ်ခုကနေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

ဒီပြဿနာတွေရဲ့ ဆိုးကျိုးက အတော်ကို ကြီးပါတယ်။ Explorer.exe နဲ့ ShellHost Process တွေ Crash ဖြစ်တာ၊ Start Menu က Critical Error တက်ပြီး ပွင့်မလာတာ၊ Settings app ကို ဖွင့်လို့မရတာတွေဟာ Microsoft ကိုယ်တိုင် မှတ်တမ်းတင်ထားတဲ့ လက္ခဏာတွေထဲက ပါဝင်ပါတယ်။ ပြောရမယ်ဆိုရင် OS ရဲ့ အဓိက User Interface အားလုံးနီးပါးက ထိခိုက်နေတာပါ။ ဒီ Bug တွေဟာ ညတွင်းခြင်း ပေါ်လာတာမဟုတ်ဘဲ သုံးစွဲသူတွေကို လနဲ့ချီ ဒုက္ခပေးနေခဲ့တာပါ။ ဒါကြောင့် သုံးစွဲသူတွေဟာ ပျက်စီးနေတဲ့ Taskbar တွေ ဒါမှမဟုတ် အလုပ်မလုပ်တဲ့ Start Menu တွေနဲ့ နေ့စဉ် ရင်ဆိုင်နေခဲ့ရတာ ကြာပါပြီ။ Microsoft က အင်ဂျင်နီယာတွေ ဖြေရှင်းဖို့ ကြိုးစားနေဆဲ ဖြစ်တာကြောင့် ယာယီဖြေရှင်းနည်းအဖြစ် PowerShell ကနေ App Packages တွေကို Manual ပြန် Register လုပ်ရမယ့် နည်းလမ်းကို ပေးထားပါတယ်။

ဆိုရရင် ၄ နှစ်တောင် ရှိပြီဖြစ်တဲ့ Windows 11 ရဲ့ အခြေခံ User Interface က ၂၀၂၅ ခုနှစ်နှောင်းပိုင်းအထိ ဆက်ပြီး ချို့ယွင်းနေတာဟာ Microsoft ရဲ့ Flagship OS တစ်ခုအတွက်တော့ တကယ့်ကို အံ့အားသင့်စရာပါ။ Microsoft က ဒီလောက်ကြီးမားတဲ့ ပျက်ယွင်းမှုမျိုးကို ပေါ်ပေါ်တင်တင် ဝန်ခံတာ ရှားပါတယ်၊ ဒါပေမဲ့ သုံးစွဲသူတွေအတွက်တော့ ဒီပြဿနာတွေဟာ မသိမသာ ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီပြဿနာတွေအားလုံးဟာ Microsoft ရဲ့ AI အပေါ် အာရုံစိုက်လာမှုတွေနဲ့ တိုက်ဆိုင်နေတယ်ဆိုတာပါပဲ။

Windows 11 ဟာ ဘာလို့ ဒီလို ထူးထူးဆန်းဆန်း ပျက်စီးလွယ်တဲ့ Operating System ဖြစ်လာရတာလဲ? အဖြေတိတိကျကျမရှိပေမယ့် သဲလွန်စတော့ ရှိပါတယ်။ ပထမဆုံးအချက်ကတော့ CEO Satya Nadella က Microsoft မှာ ရေးသားတဲ့ Code တွေရဲ့ ၃၀% နီးပါးဟာ AI နဲ့ ရေးထားတာလို့ ဂုဏ်ယူစွာ ပြောခဲ့ခြင်းပါပဲ။ ဆိုလိုတာက Windows အပါအဝင် သူတို့ရဲ့ ထုတ်ကုန်တွေထဲက Code သုံးပုံတစ်ပုံနီးပါးဟာ လူသားအင်ဂျင်နီယာတွေ ရေးတာမဟုတ်ဘဲ AI Tool တွေကနေ ထုတ်ပေးတာဖြစ်နိုင်ပါတယ်။ Microsoft က ဒါကို Developer Productivity ပိုင်းဆိုင်ရာတိုးတက်မှုလို့ ချီးကျူးပေမယ့် ဒီ AI က ထုတ်ပေးလိုက်တဲ့ Code တွေ ဝင်လာတာက Software ရဲ့ အရည်အသွေးကို ထိခိုက်စေပြီး မထင်မှတ်ထားတဲ့ Bug တွေ ပေါ်လာစေတာလားဆိုတာ စဉ်းစားစရာပါ။

AI မပေါ်ခင်ကတည်းက Windows ဟာ Bug များတဲ့ OS လို့ လူအများက ပြောခဲ့ကြတာ မှန်ပါတယ်။ ဒါပေမဲ့ အခုလို အမှားအယွင်းတွေ ဖြစ်လာတဲ့အချိန်က ကုမ္ပဏီရဲ့ AI Hype ဖြစ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ Microsoft ရဲ့ ဒီလို ဆိုးရွားတဲ့ Windows ပြဿနာတွေမှာ AI က ဘယ်လို အခန်းကဏ္ဍက ပါဝင်နေလဲဆိုတာ ကျွန်တော်တို့ အတိအကျမသိနိုင်ပေမဲ့ Microsoft ရဲ့ AI အပေါ် အာရုံစိုက်မှုက Software ကို သေသေချာချာ သန့်စင်ပေးရမယ့်အလုပ်ကနေ အာရုံလွဲသွားစေပြီလို့ လူတွေကြားမှာ သုံးသပ်မှုတွေ ကြီးထွားလာနေပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေအပြင် Windows 11 ရဲ့ လမ်းကြောင်းကို ကြည့်ရင် သုံးစွဲသူအများစုက မတောင်းဆိုတဲ့ Features တွေကို အတင်းအကြပ် သွပ်သွင်းဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ Copilot ကို အရင်က ရွေးချယ်နိုင်တဲ့ Assistant အနေနဲ့ ထားခဲ့ပေမယ့် အခုတော့ OS ထဲမှာ နက်နက်ရှိုင်းရှိုင်း ထည့်သွင်းပေးထားပါပြီ။ Taskbar မှာလည်း မလိုလားအပ်ဘဲ ရှိနေတဲ့ Copilot ခလုတ်ကို လူအများက ဝင်ရောက်စွက်ဖက်မှုလို့ မြင်ကြပြီး၊ သာမန်လုပ်ငန်းဆောင်တာတွေကို လုပ်နေချိန်မှာတောင် AI အကြံပြုချက်တွေက ပေါ်လာတတ်ပါတယ်။

ဒီလို Features အသစ်တွေ အတင်းသွပ်သွင်းနေတာက Windows 11 ရဲ့ အခြေခံအတွေ့အကြုံ မပြည့်စုံသေးတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ Windows 10 မှာ ရှိခဲ့တဲ့ အခြေခံ လုပ်ဆောင်ချက်တချို့က Windows 11 မှာ မပါဝင်တော့တာ ဒါမှမဟုတ် ကောင်းကောင်း အကောင်အထည်မဖော်နိုင်တာတွေ ရှိနေပါတယ်။ ဥပမာ- File Explorer ရဲ့ Context Menu ဟာ Third-party application တွေကို ကောင်းကောင်း ပံ့ပိုးပေးနိုင်ဖို့ တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရပြီး၊ သုံးစွဲသူတွေဟာ ရင်းနှီးတဲ့ Tool တွေကို ဝင်ဖို့အတွက် "Show more options" ဆိုတဲ့ Menu အပိုကို နှိပ်နေရပါသေးတယ်။ Taskbar မှာဆိုရင်လည်း Windows 10 မှာ ပုံမှန်ပါဝင်ခဲ့တဲ့ Taskbar ကို မျက်နှာပြင်ရဲ့ အနားတွေဆီ ရွှေ့ဖို့ ဒါမှမဟုတ် Application Window တွေကို Ungroup လုပ်နိုင်တဲ့ စနစ်တွေ ပါဝင်လာခြင်း မရှိသေးပါဘူး။

ဒီအရာအားလုံးထဲမှာတော့ အဆိုးရွားဆုံးက သုံးစွဲသူတွေရဲ့ ယုံကြည်မှု တိုက်စားခံရတာပါပဲ။ Windows 11 ကို စမိတ်ဆက်တုန်းက လုံခြုံရေးကြောင့်ဆိုပြီး TPM 2.0 နဲ့ အနည်းဆုံးရှိရမဲ့ CPU မျိုးဆက်တို့လို တင်းကျပ်တဲ့ Hardware လိုအပ်ချက်တွေ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် မူလက ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့ စက်တွေဟာလည်း အသုံးပြုလို့မရတော့တာမို့ သုံးစွဲသူတွေကြားမှာ မကျေနပ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ Microsoft က ဒီသတ်မှတ်ချက်တွေကို အနည်းငယ် လျှော့ချပေးခဲ့ပေမယ့် သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုကတော့ ပျက်စီးသွားခဲ့ပါတယ်။

နောက်ထပ်ပြောလိုတာကတော့ ကြော်ငြာတွေပါပဲ။ Start Menu မှာ "အကြံပြုချက်" လောက်သာပါဝင်လာခဲ့ရာက OS သက်တမ်းတစ်လျှောက် ကြော်ငြာတွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ Microsoft 365၊ OneDrive Storage Upgrade နဲ့ Third-party application ကြော်ငြာတွေကိုတောင် OS ထဲမှာ တွေ့နေရပါတယ်။ ဒီ OS အတွက် ပိုက်ဆံပေးဝယ်ထားတဲ့ ဒါမှမဟုတ် Hardware ဝယ်ရင်း ပါလာတဲ့ သုံးစွဲသူတွေအတွက် ဒီလို ငွေရှာတဲ့ပုံစံဟာ သမားရိုးကျဆော့ဖ်ဝဲလ်မော်ဒယ်ကို သစ္စာဖောက်သလို ခံစားရစေပါတယ်။

ဒီအချက်တွေဟာ သုံးစွဲသူ အများအပြားဟာ Windows 11 ကို မပြောင်းဘဲ Windows 10 ကို ဆက်လက်အသုံးပြုနေရတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ Windows 10 က ၂၀၂၅ အောက်တိုဘာမှာ တရားဝင် End-of-Life (EOL) ရောက်သွားခဲ့ပြီး အထွေထွေအထောက်အပံ့တွေ ရပ်ဆိုင်းလိုက်ပါပြီ။ ဒါပေမဲ့ Dell ရဲ့ ထုတ်ပြန်ချက်အရ ကွန်ပျူတာပေါင်း ၁ ဘီလီယံလောက်ဟာ Windows 10 ကို ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး Microsoft အတွက် သုံးစွဲသူတွေ Windows 11 ကို ပြောင်းရွှေ့အသုံးပြုလာရေးဟာ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်နေပါတယ်။

နောက်ထပ်အခြေအနေတစ်ခုအနေနဲ့  Windows 11 ကို လက်ခံအသုံးပြုမှုဟာ ယခင်အကူးအပြောင်းတွေရဲ့ အရှိန်အဟုန်ထက် နောက်ကျနေပါတယ်။ Windows 10 ဟာ သူ ထွက်ခဲ့တဲ့ အချိန်ကာလမှာ ရရှိခဲ့တဲ့ သုံးစွဲသူအရေအတွက်ထက် Windows 11 က ၁၀ ရာခိုင်နှုန်းလောက် နောက်ကျနေတယ်လို့ Dell ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ သုံးစွဲသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ OS အသစ်ကို ဖြည်းဖြည်းချင်းမှ ပြောင်းလေ့ရှိတာ မှန်ပေမဲ့ ဒီကွာဟမှုက ပုံမှန်ထက် သိသိသာသာကို ကြီးနေတာပါ။ Windows 10 ရပ်ဆိုင်းသွားတာတောင် သုံးစွဲသူတွေက OS အဟောင်းမှာပဲ ဆက်နေဖို့ ရွေးချယ်နေကြပြီး Windows 10 မှာ ဆက်နေတာက ဘာမှ မဆုံးရှုံးဘူးလို့ ခံစားရုံသာမက Windows 11 ရဲ့ Bug တွေကနေ ရှောင်ရှားရာလည်း ရောက်နေတယ်လို့ ထင်နေကြပါတယ်။

အခြေခံလုပ်ဆောင်ချက်တွေနဲ့ ရုန်းကန်နေရချိန်မှာတောင် Microsoft က Windows ကို "Agentic" OS အဖြစ် ပြန်လည် ပုံဖော်ဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ ရှေ့ဆက်လို့နေပါတယ်။ ကုမ္ပဏီက ဒီရည်မှန်းချက်အတွက် Fara-7B model ကို မကြာသေးခင်က ထုတ်ဝေခဲ့ပါတယ်။ ဆိုလိုတာက Windows 11 ဟာ အနာဂတ်မှာ Copilot နဲ့ ဆင်တူတဲ့ Feature တွေကို OS ထဲမှာ ပိုပြီး ထည့်သွင်းလာဖွယ်ရှိပါတယ်။ ဒီရည်မှန်းချက်က ရဲတင်းတယ်ဆိုပေမယ့်လူတိုင်းက ဒီအတွက် စိတ်မဝင်စားကြပါဘူး။ Microsoft က ဒီလိုတွန်းအားပေးမှုတွေအတွက် ကန့်ကွက်မှုရှိတယ်ဆိုတာ သိလို့ AI Feature အများစုကို ရွေးချယ်နိုင်အောင် ပြုလုပ်ထားပေမဲ့ Copilot လို အချို့သော အရာတွေကတော့ စနစ်ရဲ့ အခြေခံ အစိတ်အပိုင်းလို ဖြစ်နေပြီး အလွယ်တကူ "ဖယ်ရှား" လို့ မရပါဘူး။

အခု Microsoft ရင်ဆိုင်နေရတဲ့ မေးခွန်းက Windows 11 ဟာ ဒီခက်ခဲတဲ့ ကာလကနေ ပြန်လည် နာလန်ထူနိုင်ပါ့မလား၊ ဒါမှမဟုတ် အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်ပျက်စီးစေခဲ့တဲ့ အခြေအနေကနေ ပြန်လည်ကောင်းမွန်လာမှာလားဆိုတာပါပဲ။ ကုမ္ပဏီအနေနဲ့ လမ်းဆုံလမ်းခွကို ရောက်နေပါပြီ၊ အခြေခံတွေ ပျက်စီးနေတာကို မပြင်ဘဲ AI ဗဟိုပြု Feature တွေနဲ့ ရှေ့ဆက်မလား၊ ဒါမှမဟုတ် တစ်လှမ်းချင်း နောက်ဆုတ်ပြီး တည်ငြိမ်မှုနဲ့ ယုံကြည်စိတ်ချရမှုကို အာရုံစိုက်မလားဆိုတာ ရွေးချယ်ရမှာပါ။ သုံးစွဲသူတွေ တောင်းဆိုနေတာဟာ တော်လှန်တဲ့ အရာတွေ မဟုတ်ပါဘူး၊ အမှန်တကယ်တော့ ရိုးရှင်းပါတယ်။ သူတို့လိုချင်တာက ယုံကြည်စိတ်ချရတဲ့ OS တစ်ခု၊ Start Menu က အမြဲတမ်းပွင့်တာ၊ File Explorer က အခြေခံအလုပ်တွေ လုပ်နေတုန်း Crash မဖြစ်တာ၊ Update တွေက ပြဿနာအသစ်တွေ မဖန်တီးဘဲ အဟောင်းတွေကို ဖြေရှင်းပေးတာမျိုးပါပဲ။ ဒါတွေဟာ ရည်မှန်းချက်ကြီးတဲ့ တောင်းဆိုချက်တွေ မဟုတ်ဘဲ OS တစ်ခုရဲ့ အခြေခံ မျှော်လင့်ချက်တွေ ဖြစ်သင့်ပါတယ်။

Microsoft ဟာ ဦးစားပေး လုပ်ငန်းစဉ်တွေကို အခြေခံကျကျ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ Core Function တွေ အရင်လိုပြန်မဖြစ်မချင်း Feature အသစ်၊ AI ပေါင်းစည်းမှုတွေကို ခဏရပ်ဆိုင်းထားဖို့ လိုပါလိမ့်မယ်။ Bug တွေနဲ့ ပတ်သက်ပြီးလည်း "မကြာခင် ဖြေရှင်းပေးမယ်" ဆိုတဲ့ မရေရာတဲ့ ကတိတွေထက် အရေးကြီးဆုံးကတော့ operating system က ကောင်းမွန်စွာ အလုပ်လုပ်နေဖို့ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ AI Assistant တွေနဲ့ Cloud ပေါင်းစည်းမှုတွေက ဒုတိယ အဆင့်သာ ဖြစ်သင့်ပါတယ်။

သရော်စာလို ဖြစ်နေတာက Microsoft မှာ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ ရင်းမြစ်တွေ၊ အရည်အချင်းတွေနဲ့ အတွေ့အကြုံတွေ အပြည့်အဝ ရှိနေပါတယ်။ Windows Vista ရဲ့ စွမ်းဆောင်ရည် ပြဿနာတွေကနေ Windows 8 ရဲ့ Interface ပြဿနာတွေအထိ OS ပိုင်းဆိုင်ရာ အငြင်းပွားမှုတွေကို Microsoft အရင်က ကြုံခဲ့ဖူးပါတယ်။ အဲ့ဒီဖြစ်စဉ်တွေမှာလည်း Microsoft က သုံးစွဲသူတွေရဲ့ Feedback ကို နားထောင်ပြီး Feature အသစ်ထည့်တာထက် တည်ငြိမ်မှုကို ဦးစားပေးလိုက်မှမှ အခြေအနေ ပြန်ကောင်းလာခဲ့တာပါ။ ဒါပေမဲ့ အချိန်က တဖြည်းဖြည်း နည်းလာပါပြီ။ Windows 10 ရဲ့ သက်တမ်းကုန်ဆုံးသွားပေမယ့် သုံးစွဲနေသေးတဲ့ သုံးစွဲသူ သန်း ၅၀၀ ဟာ တကယ့်ကို ပြဿနာကြီး ဖြစ်လာနိုင်ပါတယ်။ သုံးစွဲသူတွေဟာ နောက်ဆုံးမှာ မတတ်သာလို့ Windows 11 ကို ပြောင်းလာလိမ့်မယ်လို့ Microsoft က ယူဆလို့ မရတော့ပါဘူး။ သုံးစွဲသူတွေမှာ ရွေးချယ်စရာတွေ ရှိနေပြီး တခြားရွေးချယ်စရာတွေကို ရှာဖွေဖို့ ဆန္ဒရှိသူတွေကလည်း တိုးလာနေပါတယ်။

Microsoft ရဲ့ Flagship OS ဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို မလိုအပ်ပါဘူး၊ ယုံကြည်စိတ်ချရဖို့ပဲ လိုပါတယ်။ လက်ရှိမှာတော့ ဒီမျှော်လင့်ချက်ရဲ့ အခြေခံအကျဆုံးအချက်ကို Microsoft က လောလောဆယ် မဖြည့်ဆည်းပေးနိုင်သေးပါဘူး။ စနစ်က သူ့ဘာသာသူတောင် ကောင်းကောင်း လည်ပတ်နိုင်ခြင်း မရှိတဲ့အချိန်မှာ သုံးစွဲသူကိုယ်စား လုပ်ဆောင်ပေးနိုင်တယ်လို့ ကြွေးကြော်ထားတဲ့ "Agentic" စနစ်ကို ဘယ်လို ယုံကြည်ရမှာပါလိမ့်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: XDA

Post a Comment

0 Comments