Subscribe Us

header ads

Memory ဈေးနှုန်းများမြင့်တက်နေခြင်းမှာ အစပိုင်းသာရှိသေးဟု Team Group GM က သတိပေး

Image: Tom's Hardware

AI Accelerator တွေအတွက် High Bandwidth Memory (HBM) တွေကို ဦးစားပေးထုတ်လုပ်လာကြတဲ့အတွက်ကြောင့် DRAM ဈေးကွက်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအချက်ကြောင့် သမားရိုးကျ DDR နဲ့ LPDDR memory တွေရဲ့ ဈေးနှုန်းတွေက အကြီးအကျယ် မြင့်တက်ကုန်ပါတယ်။ ဒါပေမဲ့ အဆိုးဆုံး အခြေအနေက မရောက်လာသေးပါဘူး။

တရုတ်အခြေစိုက် Memory ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ TeamGroup ရဲ့ General Manager ပြောကြားချက်အရဆိုရင် DRAM နဲ့ NAND ထုတ်ကုန်တွေရဲ့ စာချုပ်ဈေးတွေဟာ မကြာသေးခင်ကပဲ နှစ်ဆနီးပါး မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။ DigiTimes ရဲ့ အစီရင်ခံစာအရ သမားရိုးကျ Memory တွေရဲ့ ပစ္စည်းပြတ်လပ်မှုဟာ ၂၀၂၆ နှစ်စပိုင်းလောက်မှာ ပိုဆိုးရွားလာဖို့ရှိပြီး၊ ထုတ်လုပ်မှုစွမ်းအားအသစ်တွေ ထပ်မတိုးမချင်း ၂၀၂၇ ဒါမှမဟုတ် ၂၀၂၈ ခုနှစ်လောက်အထိ ပုံမှန်ပြန်ဖြစ်ဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။

TeamGroup GM ဖြစ်သူ Gerry Chen ရဲ့ ပြောပြချက်အရ DRAM နဲ့ 3D NAND တချို့အမျိုးအစားတွေရဲ့ စာချုပ်ဈေးနှုန်းတွေဟာ ဒီဇင်ဘာလမှာ လအလိုက် ၈၀% ကနေ ၁၀၀% အထိ မြင့်တက်ခဲ့ပါတယ်။ ပြင်ပပေါက်ဈေးတွေကလည်း ဒီအတိုင်းပါပဲ။ ဥပမာ DRAMeXchange မှာ စက်တင်ဘာ ၂၀ ရက်တုန်းက 16Gb DDR5 chip တစ်ခုကို ပျမ်းမျှ $6.84 ပဲ ရှိခဲ့ပေမယ့်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ $27.2 အထိ (အမြင့်ဆုံး $37 အထိ) ရောက်ရှိသွားခဲ့ပါတယ်။

ကုန်ကျစရိတ်ကို တွက်ကြည့်မယ်ဆိုရင် 16 GB memory module တစ်ချောင်းစာအတွက် Memory သက်သက်ဖိုးတင် $217.6 လောက် ကျသင့်နေပါပြီ။ PCB ပြား၊ တပ်ဆင်ခ၊ စမ်းသပ်ခနဲ့ PMIC လို အစိတ်အပိုင်းတွေအတွက် နောက်ထပ် $8 ကနေ $10 လောက် ထပ်ပေါင်းလိုက်ရင် ထုတ်လုပ်သူရဲ့ အမြတ်၊ သယ်ယူစရိတ်နဲ့ အခွန်တွေမပါဘဲနဲ့ကို 16 GB RAM တစ်ချောင်းရဲ့ ကုန်ကျစရိတ်က $225 ကနေ $228 လောက် ဖြစ်နေပါပြီ။

ဈေးကွက်ထဲက လက်ကျန်ပစ္စည်းတွေသာ ကုန်သွားရင် ၂၀၂၆ ပထမနဲ့ ဒုတိယသုံးလပတ်လောက်မှာ DRAM နဲ့ NAND ရရှိနိုင်မှု အခြေအနေက ပိုဆိုးလာမယ်လို့ Chen က ခန့်မှန်းထားပါတယ်။ အဲ့ဒီအချိန်ရောက်ရင် ပိုက်ဆံဘယ်လောက်ပေးပေး ပစ္စည်းရဖို့ ခက်ခဲသွားနိုင်တယ်လို့ သူက သတိပေးပါတယ်။ သူ့အမြင်အရဆိုရင် ဒီပြဿနာက ချက်ချင်းပြေလည်မှာမဟုတ်ဘဲ လက်ရှိပစ္စည်းပြတ်လပ်မှုဟာ ၂၀၂၇ နှစ်ကုန်ပိုင်းလောက်အထိ ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုကြာသွားနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကလည်း DRAM ထုတ်လုပ်သူတွေက သမားရိုးကျ Memory တွေထုတ်လုပ်နေမဲ့အစား Nvidia ရဲ့ B300 လို AI accelerator တွေနဲ့ AWS၊ Google နဲ့ Microsoft တို့လို ကုမ္ပဏီကြီးတွေရဲ့ ကိုယ်ပိုင် accelerator တွေမှာ သမားရိုးကျ DRAM ထက် Die အရွယ်အစားပိုကြီးတဲ့ HBM တွေဆီ သူတို့ရဲ့ ထုတ်လုပ်မှုစွမ်းအားတွေကို လွှဲပြောင်းလိုက်ကြလို့ပါပဲ။ ဒီကုမ္ပဏီကြီးတွေက နှစ်နဲ့ချီပြီး ကြိုတင်စာချုပ်ချုပ် ဝယ်ယူကြတာဖြစ်လို့ DRAM ထုတ်လုပ်သူတွေအနေနဲ့ သာမန်သုံး DRAM တွေအတွက် လုံလောက်တဲ့ ထုတ်လုပ်မှုစွမ်းအား မကျန်တော့တာ ဖြစ်ပါတယ်။

ဒီလို AI လိုအပ်ချက်တွေ မြင့်တက်လာတဲ့ သက်ရောက်မှုရဲ့ တကယ့်လက်တွေ့ သာဓကတစ်ခုအနေနဲ့ Micron ကုမ္ပဏီဟာ သူတို့ရဲ့ နာမည်ကြီး Crucial Consumer လုပ်ငန်းခွဲကနေ ထွက်ခွာတော့မယ်လို့ မနေ့က ကြေညာလိုက်ပါပြီ။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကလည်း Data Center မှာ AI ဆက်စပ်ပစ္စည်းတွေရဲ့ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဖြစ်ပြီး၊ ထုတ်လုပ်နိုင်စွမ်းတွေကို အမြတ်အစွန်း ပိုရမယ့် Enterprise နဲ့ Hyperscale သုံးစွဲသူတွေဆီ ပြန်လည် ခွဲဝေပေးဖို့ လိုအပ်လာလို့ပါပဲ။

ဒါကြောင့် အဓိက စတိုးဆိုင်ကြီးတွေနဲ့ Online တွေမှာ ရောင်းချနေတဲ့ Crucial တံဆိပ် SSDs နဲ့ Memory Module တွေရဲ့ လက်လီရောင်းချမှုတွေ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ Crucial ထုတ်ကုန်တွေကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆက်လက် ပို့ဆောင်ပေးနေဦးမှာ ဖြစ်ပေမယ့်၊ ဒီနောက်ပိုင်းမှာတော့ Consumer Channel ကနေ လုံးဝ ထွက်ခွာတော့မှာပါ။ NVIDIA နဲ့ AMD တို့နဲ့ HBM3E စာချုပ်ကြီးတွေ ချုပ်ဆိုထားပြီး HBM4 ကိုပါ မျှော်မှန်းထားတဲ့ Micron ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ Consumer Market ထက် ရေရှည်တိုးတက်မှု ပိုကောင်းတဲ့ Enterprise နယ်ပယ်တွေအပေါ်မှာသာ အာရုံစိုက်သွားမယ်လို့ မှတ်ချက်ပြုထားပါတယ်။

စက်ရုံအသစ်တစ်ခု ဆောက်မယ်ဆိုရင် အနည်းဆုံး သုံးနှစ်လောက် ကြာပါတယ်။ ဒါကြောင့် Samsung နဲ့ SK hynix တို့လို ကုမ္ပဏီတွေက ဒီနေ့ချက်ချင်း စက်ရုံသစ်ဆောက်ဖို့ ဆုံးဖြတ်လိုက်ရင်တောင် ၂၀၂၈ နှစ်ကုန်လောက်မှ စက်စလည်နိုင်မှာဖြစ်ပြီး၊ ၂၀၂၉ လောက်ကျမှသာ လုပ်ငန်းအပြည့်အဝ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

NAND (Storage) ဘက်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ Supplier တွေက AI server ထုတ်လုပ်သူတွေကိုပဲ ဦးစားပေးနေကြပါတယ်။ ၂၀၂၆ ခုနှစ်အတွင်းမှာ PC တွေ၊ စမတ်ဖုန်းတွေနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေဘက်ကို ထုတ်လုပ်မှုစွမ်းအား ပြန်လှည့်လာဖို့ မရှိဘူးလို့ Chen က သုံးသပ်ထားတာကြောင့် ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း တက်လာဦးမှာပါ။

ဒီသက်ရောက်မှုတွေကို အခုကတည်းက မြင်နေရပါပြီ။ PC ကိုယ်တိုင်ဆင်တဲ့သူတွေဆိုရင် RAM ဈေးတွေ တစ်ပတ်နဲ့တစ်ပတ် မတူအောင် အဆမတန်တက်နေတာကို တွေ့နေရပြီး၊ တချို့အခြေအနေတွေမှာဆိုရင် 64GB DDR5 RAM တစ်စုံက PS5 စက်တစ်လုံးထက်တောင် ဈေးပိုကြီးနေပါပြီ။ ဒါကြောင့် ဒီတစ်ပတ်မှာရှိနေတဲ့ Promotion တွေဟာ ဈေးတွေ မိုးထိအောင် မတက်ခင် RAM ဝယ်ထားဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Source: Tom's Hardware and Techpowerup

Post a Comment

0 Comments