![]() |
| Image: En Thue Tech |
Handheld Gaming PC တွေနဲ့ တွဲဖက်မိတ်ဆက်ခဲ့တာဖြစ်ပေမဲ့ မကြာသေးခင်က Update တွေကြောင့် အခုဆိုရင် သာမန် Windows 11 Desktop တွေနဲ့ Laptop တွေမှာပါ အသုံးပြုနိုင်လာပါပြီ။ နောက်ဆုံးထွက်ရှိထားတဲ့ ETA Prime ရဲ့ ဗီဒီယိုအရဆိုရင် Xbox Insider Hub မှာ စာရင်းသွင်းပြီး Windows 11 Beta သို့မဟုတ် Dev channel ကို ဝင်လိုက်ရုံနဲ့ ဟာ့ဒ်ဝဲအမျိုးမျိုးမှာ ဒီ Mode ကို ဖွင့်သုံးနိုင်မှာ ဖြစ်ပါတယ်။ FSE ကို ထည့်သွင်းပြီးသွားရင် Windows 11 စနစ်တွေဟာ စက်စဖွင့်တာနဲ့ ပုံမှန် Desktop Environment ကို ကျော်သွားပြီး Full-screen Launcher ကိုသာ တန်းရောက်သွားမှာပါ။ လောလောဆယ်မှာတော့ Home Screen အနေနဲ့ Xbox App တစ်ခုပဲ ရွေးလို့ရသေးပေမယ့် နောက်ပိုင်းမှာ တခြား Launcher တွေပါ ထပ်ဖြည့်ပေးမယ်လို့ Microsoft က ပြောထားပါတယ်။ ဒီ Interface က Controller နဲ့ ထိန်းချုပ်ရတာ အဆင်ပြေအောင် လုပ်ထားသလို Xbox Game Bar ကနေတဆင့် ဂိမ်းတစ်ခုနဲ့တစ်ခု မြန်မြန်ဆန်ဆန် ပြောင်းနိုင်ပါတယ်။ Xbox Button ကို ဖိထားလိုက်ရင် လက်ရှိ Run နေတဲ့ Application တွေနဲ့ မကြာသေးခင်က ဆော့ထားတဲ့ ဂိမ်းတွေကို ပြပေးတဲ့ စနစ်ပေါ်လာမှာပါ။
ဒီစနစ်ကို သုံးချင်တယ်ဆိုရင်တော့ အဆင့်နည်းနည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ Microsoft က ဒီ Feature ကို Insider Preview အစီအစဉ်ကနေတဆင့် ပေးထားတာမို့ ပထမဆုံး Microsoft Store ကနေ Xbox Insider Hub ကို ဒေါင်းလုဒ်ဆွဲပြီး Sign in ဝင်ရပါမယ်။ ပြီးရင် Insider Hub ထဲက PC Gaming Preview ကို Join ပါ။ နောက်တစ်ဆင့်အနေနဲ့ Settings ထဲက Windows Update ကိုသွား၊ Windows Insider Program ကို ရွေးပြီး ကိုယ့်ရဲ့ Microsoft အကောင့်နဲ့ ချိတ်ဆက်ကာ Windows 11 Beta သို့မဟုတ် Dev Channel ကို ပြောင်းပေးရပါမယ်။ ပြီးရင်တော့ Pending ဖြစ်နေတဲ့ Update တွေအကုန်လုပ်၊ စက်ကို Restart ချပြီး Settings > Gaming > Full Screen Experience နေရာမှာ သွားဖွင့်လိုက်ရင် ရပါပြီ။
FSE ရဲ့ ထူးခြားတဲ့ အချက်ကတော့ ပုံမှန် Windows Desktop Environment ကို ခေတ္တရပ်နား (Suspend) ထားနိုင်စွမ်း ရှိတာပါပဲ။ ဒါကြောင့် Background Process တွေ လျော့နည်းသွားပြီး Memory အသုံးပြုမှုကို သက်သာစေပါတယ်။ YouTuber ရဲ့ စမ်းသပ်မှုမှာ Nvidia GeForce RTX 5050 တပ်ဆင်ထားတဲ့ Gaming Laptop တစ်လုံးဟာ ပုံမှန် Desktop Mode မှာ RAM 7.7 GB သုံးပေမယ့် FSE မှာတော့ 5.7 GB လောက်ပဲ သုံးပါတော့တယ်။ ဒါဟာ Microsoft ပြောထားတဲ့ RAM 2 GB လောက် သက်သာမယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီပါတယ်။ ဒီလို RAM လျှော့ချနိုင်တာက Memory နည်းတဲ့ စက်တွေ (ဒါမှမဟုတ်) Shared RAM သုံးရတဲ့ Integrated Graphics ပါတဲ့ စက်တွေအတွက် အများကြီး အကျိုးရှိစေမှာပါ။
![]() |
| Image: YouTube/ETA Prime |
Windows 11 ပေါ်က FSE ဟာ Xbox Console တွေရဲ့ Multitasking ပုံစံနဲ့ ဆင်တူပေမယ့် တကယ့် Quick Resume အစစ်တော့ မဟုတ်သေးပါဘူး။ ဗီဒီယိုထဲမှာ ETA Prime က ရိုးရှင်းတဲ့ Indie ဂိမ်းလေးတစ်ခုနဲ့ Cyberpunk 2077 လို AAA ဂိမ်းကြီးတစ်ခုကြား အပြန်အလှန် ပြောင်းပြခဲ့ပြီး ဂိမ်းအများကြီးကို တစ်ပြိုင်နက် Run ထားနိုင်တာကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ Xbox Console တွေမှာသုံးတဲ့ Suspend-and-Resume စနစ်လောက်တော့ တစ်သားတည်း မကျသေးပါဘူး။ သူက ဂိမ်းကစားဖို့ သီးသန့်ထုတ်ထားတဲ့ 'Desktop Replacement' Mode ပုံစံမျိုး ပိုပေါက်ပြီး ပိုမြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်တာ၊ Background Process နည်းတာတွေ ရှိပေမယ့် Console လောက်တော့ ချောမွေ့မှု မရှိသေးပါဘူး။
![]() |
| Image: YouTube/ETA Prime |
RTX 5050 နဲ့ Cyberpunk 2077 ကို 1080p Ultra setting မှာ စမ်းသပ်ကြည့်တဲ့အခါ Desktop Mode နဲ့ FSE ကြားမှာ စွမ်းဆောင်ရည် ကွာခြားချက် သိပ်မရှိတာ တွေ့ရပါတယ်။ အကြိမ်ကြိမ် စမ်းသပ်ကြည့်ရာမှာ FSE က ရံဖန်ရံခါ 1-2 FPS လောက် ပိုများတတ်ပေမယ့် ဒါက ပုံမှန် အတိုးအလျော့ သဘောလောက်ပါပဲ။ လောလောဆယ်မှာ Full Screen Experience ကို Windows Insider Build တွေမှာပဲ သုံးလို့ရသေးပြီး အများပြည်သူသုံးဖို့ ထွက်လာတဲ့အခါကျရင်တော့ ပိုကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပါလာနိုင်တယ်လို့ Microsoft က အရိပ်အမြွက် ပြောကြားထားပါတယ်။
FSE ကို တိုးချဲ့လာတာဟာ Windows 11 သုံးစွဲသူတွေအတွက် Living-room Setup တွေ၊ Handheld PC တွေနဲ့ သာမန် Desktop တွေမှာပါ အသုံးပြုလို့လွယ်ကူမယ့် Console ပုံစံ Interface တစ်ခုကို ပေးအပ်လိုက်တာပါပဲ။ မကြာခင်မှာ Steam Machine တွေလည်း ထွက်လာဖို့ ရှိနေတာကြောင့် Microsoft အနေနဲ့ သူတို့ရဲ့ Windows Gaming ဂေဟစနစ်ကို ပိုခိုင်မာအောင် လုပ်ဆောင်နေတာ ဖြစ်သလို Console နဲ့ PC ပေါင်းစပ်ထားတဲ့ Hybrid ပုံစံမျိုး သွားမယ်လို့ သတင်းထွက်နေတဲ့ သူတို့ရဲ့ အနာဂတ် Xbox Hardware တွေအတွက်လည်း ကြိုတင်ပြင်ဆင်နေပုံ ပေါ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Notebookcheck



0 Comments