![]() |
| Image via Keychron |
နာမည်ကျော် Mechanical Keyboard ခလုတ်တွေထုတ်တဲ့ Cherry ကုမ္ပဏီကတော့ ဘဏ္ဍာရေးပိုင်းမှာ အကြီးအကျယ် ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ အကြွေးတွေက ပိုင်ဆိုင်မှုတန်ဖိုးထက်တောင် ကျော်လွန်နေပြီလို့ ဆိုပါတယ်။ ဒီအခြေအနေကြောင့် Heise Online ရဲ့ သတင်းအရ ကုမ္ပဏီက အထွေထွေအစည်းအဝေး ခေါ်ယူခဲ့ရပြီး ရပ်တည်နိုင်ဖို့အတွက် Peripherals (ကီးဘုတ်၊ မောက်စ် စသည်) ဌာနခွဲ ဒါမှမဟုတ် Digital Health & Solutions ဌာနခွဲ တစ်ခုခုကို ရောင်းထုတ်ဖို့ စဉ်းစားနေပါတယ်။ ဒါပေမဲ့ သတိပြုရမှာက Cherry ရဲ့ နာမည်ကြီး ကီးဘုတ် Switches တွေကတော့ Components ဌာနခွဲအောက်မှာ ရှိတာဖြစ်ပြီး၊ Peripherals လုပ်ငန်းကတော့ ကီးဘုတ်နဲ့ မောက်စ် တွေကိုပဲ ဦးတည်တာပါ။ ဆိုလိုတာကတော့ လူကြိုက်များတဲ့ Cherry MX switch တွေကိုတော့ လောလောဆယ် တခြားကုမ္ပဏီလက်ထဲ ထည့်လိုက်မှာ မဟုတ်သေးပါဘူး။
Cherry ဟာ Mechanical Keyboard ဝါသနာရှင်တွေ အသည်းစွဲဖြစ်တဲ့ Cherry MX switch တွေရဲ့ မူပိုင်ခွင့်ကို ပိုင်ဆိုင်ခဲ့ဖူးပေမယ့် ၂၀၁၄ မှာ သက်တမ်းကုန်သွားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Gateron၊ Kailh နဲ့ Outemu တို့လို ပြိုင်ဘက်တွေ အများကြီး ပေါ်ထွက်လာပြီး ဒီ switch တွေကို အကောင်းဆုံး Gaming Keyboard တွေမှာ တွေ့လာရပါတယ်။ ဒါ့အပြင် Cherry ဟာ ဆန်းသစ်တီထွင်မှုအပိုင်းမှာလည်း ပြိုင်ဘက်တွေရဲ့နောက် ကောက်ကောက်ပါအောင် လိုက်နေရပါတယ်။ တခြားကုမ္ပဏီတွေက Factory-lubed နဲ့ Hall-effect switch တွေ စထုတ်နေချိန်မှာ Cherry က နောက်ကျကျန်နေခဲ့တာပါ။ Corsair၊ Logitech နဲ့ Razer တို့လို Gaming Gear ကုမ္ပဏီကြီးတွေကတောင် Cherry ရဲ့ ပြိုင်ဘက်တွေဆီကနေ ကိုယ်ပိုင် Switch တွေ ထုတ်လုပ်သုံးစွဲလာကြပါပြီ။
ကိုဗစ်ကပ်ရောဂါကာလတုန်းကတော့ ၂၀၂၁ ခုနှစ်အထိ ကုမ္ပဏီက စီးပွားရေး အခြေအနေကောင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ အရောင်းရဆုံးငွေက ယူရို ၄၁.၂ သန်းအထိ ထက်ဝက်လောက် ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၃ မှာ စုစုပေါင်း ဝင်ငွေပြန်တက်လာပေမယ့် Digital Health နဲ့ Components ဌာနခွဲတွေကတော့ ဆက်ပြီး ယိမ်းယိုင်နေဆဲဖြစ်ပါတယ်။ အခြေအနေ ဆိုးဝါးလွန်းလို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Jurjen Jongma က ကုမ္ပဏီဆက်လက်ရပ်တည်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကုမ္ပဏီရဲ့ အစိတ်အပိုင်းတချို့ကို ရောင်းထုတ်ဖို့ပဲလို့ ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ တန်ဖိုးကျဆင်းနေတာရယ်၊ ရှယ်ယာဈေးက တစ်ယူရိုအောက် ရောက်နေတာတွေကြောင့် မဟာဗျူဟာမြောက် ပေါင်းစည်းခြင်း ဒါမှမဟုတ် အရောင်းအဝယ်လုပ်ခြင်းကလွဲပြီး တခြားနည်းလမ်းနဲ့ ကုမ္ပဏီကို ပြန်အဖတ်ဆယ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သူက ဆိုပါတယ်။
ကုန်ကျစရိတ် လျှော့ချတဲ့ အစီအစဉ်အနေနဲ့ Auerbach မှာရှိတဲ့ ရုံးချုပ်မှာ Switch ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပါပြီ။ အဲဒီအစား တရုတ်နဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေမှာရှိတဲ့ မိတ်ဖက်တွေဆီ ပြောင်းပြီး ထုတ်လုပ်တော့မှာပါ။ အထက်မှာပြောခဲ့တဲ့ ဌာနခွဲတွေကို ရောင်းချဖို့ ပြင်ဆင်နေတာရယ်၊ စရိတ်သက်သာတဲ့ နေရာတွေမှာ Switch တွေ ပြောင်းထုတ်တာတွေအပြင်၊ ကုမ္ပဏီဟာ Active Key လို့ခေါ်တဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေထုတ်တဲ့ ဌာနခွဲကိုလည်း ယူရို ၂၁ သန်းနဲ့ ရောင်းထုတ်ခဲ့ပြီးပါပြီ။ ဒါ့အပြင် ငွေကြေးထောက်ပံ့မှု ယူရို ၂၃ သန်း ထပ်မံရရှိထားပြီး အဓိကရှယ်ယာရှင် Argand Partners ဆီကလည်း အကူအညီတွေ ရယူထားပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Tom's Hardware

0 Comments