Subscribe Us

header ads

အိတ်ကပ်အတွင်း သယ်ဆောင်သွားနိုင်သည့် Microsoft ၏ Xbox Nano Controller အသစ်

Image via Xbox Wire

Microsoft ဟာ ၎င်းတို့သမိုင်းတစ်လျှောက် အရွယ်အစား အသေးငယ်ဆုံး Controller အဖြစ် သတ်မှတ်ထားပြီး အိတ်ကပ်ထဲ အလွယ်တကူ ထည့်သွားနိုင်လောက်တဲ့ Gamepad အမျိုးအစား Xbox Nano Controller ကို ဈေးနှုန်း ၄၉.၉၉ ဒေါ်လာ (၄၄.၉၉ယူရို) နဲ့ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီ Controller အသစ်ဟာ အလျား ၅ လက်မကျော်ခန့်သာ ရှိပြီး အလေးချိန် ၃.၅ အောင်စလောက်သာရှိတာကြောင့် အလွန်ပေါ့ပါးပေမဲ့ ပုံမှန်ဂိမ်းခလုတ် ၁၈ ခုစလုံး အပြည့်အစုံ ပါဝင်တဲ့အပြင် Screenshot ရိုက်တာနဲ့ Gameplay မှတ်တမ်းတင်တာတွေအတွက် စိတ်ကြိုက်ပြောင်းလဲ သတ်မှတ်နိုင်တဲ့ Action Button ခလုတ်တစ်ခုလည်း ထပ်မံပါဝင်လာပါတယ်။

Image via Xbox Wire

Xbox Nano Controller ကို Xbox Wireless နဲ့ Bluetooth စနစ်တွေကတစ်ဆင့် ချိတ်ဆက်နိုင်ပြီး အားပြန်သွင်းနိုင်တဲ့ ဘက်ထရီကို စက်တွင်းမှာ တပါတည်း တပ်ဆင်ထားကာ Xbox ကွန်ဆိုးလ်တွေ၊ Windows ကွန်ပျူတာတွေ၊ iOS နဲ့ Android စမတ်ဖုန်းတွေအပြင် သတ်မှတ်ထားတဲ့ Smart TV တွေနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ Microsoft အနေနဲ့ ဘက်ထရီခံနိုင်ရည် သက်တမ်းနဲ့ ရရှိနိုင်မယ့် အရောင်ရွေးချယ်ခွင့်တွေကို အသေးစိတ် မထုတ်ပြန်သေးသလို တုန်ခါမှုပေးတဲ့ Rumble သို့မဟုတ် Impulse triggers စနစ်တွေ ပါလား မပါဘူးလား၊ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုချိန်မှာ ကြိုတင်မှာယူမှုတွေကို စတင်လက်ခံနေပြီဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ကစလို့ အမေရိကန်၊ ယူကေ၊ ဂျပန်နဲ့ ဥရောပနိုင်ငံ အများအပြား အပါအဝင် ဈေးကွက်ပေါင်း ၃၆ ခုမှာ စတင်ဖြန့်ချီ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Image via Xbox Wire

ဒါတင်မက Xbox ဟာ အမေရိကန်ဈေးကွက်ရဲ့ အားလပ်ရက် အစီအစဉ်တွေအတွက် သတ်မှတ်ထားတဲ့ Samsung TV တွေနဲ့ Meta Quest မျက်မှန်တွေ ဝယ်ယူသူတွေထံ Nano Controller တစ်ခုနဲ့ မန်ဘာအသစ်တွေအတွက် နှစ်လစာ Game Pass Ultimate တို့ကို တွဲဖက်ပေးအပ်မဲ့ အထူးပရိုမိုးရှင်း အစီအစဉ်တွေကိုလည်း ပြင်ဆင်နေပါတယ်။ TV တွေနဲ့ VR မျက်မှန်တွေအတွက် အခုလို သေးငယ်ကျစ်လျစ်တဲ့ Controller မျိုး ရှိထားတာက Cloud Gaming ဆော့ကစားသူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပေမဲ့ ထွက်ရှိလာမယ့် အချိန်အခါကတော့ သိပ်ပြီး အဆင်ပြေလှတယ် မဟုတ်ပါဘူး။ အကြောင်းကတော့ လာမယ့် နိုဝင်ဘာလကစတင်ပြီး Xbox Cloud Gaming မှာ တစ်လတာ အသုံးပြုနိုင်မယ့် အချိန်ကန့်သတ်ချက်တွေ စတင်တော့မှာဖြစ်ပြီး Ultimate သုံးစွဲသူတွေအတွက် တစ်လကို ၁၅ နာရီ၊ Premium သမားတွေအတွက် ၁၀ နာရီနဲ့ Essential သမားတွေအတွက် ၅ နာရီအထိသာ ကန့်သတ်ထားကာ သတ်မှတ်ချိန်ထက် ကျော်လွန်သုံးစွဲလို့ရှိရင် အပိုကုန်ကျစရိတ်တွေ ပေးဆောင်ရတော့မှာဖြစ်ပါတယ်။

Image via Xbox Wire

၄၉.၉၉ ဒေါ်လာ တန်ကြေးရှိတဲ့ Nano Controller ဟာ ၂၉.၉၉ ဒေါ်လာသာရှိတဲ့ CRKD ရဲ့ Atom+ နဲ့ ၃၄.၉၉ ဒေါ်လာ ရှိတဲ့ 8BitDo ရဲ့ Lite 2 လိုမျိုး အခြား သေးငယ်တဲ့ Controller တွေထက် ဈေးနှုန်း သိသိသာသာ ပိုမိုမြင့်မားနေပါတယ်။ မူရင်း Xbox Wireless စနစ်ကို တိုက်ရိုက် ထောက်ပံ့ပေးထားတာက ဒီဈေးနှုန်းကို အနည်းငယ် ကာမိစေနိုင်ပေမဲ့ ဝယ်ယူဖို့ တကယ်တန်၊ မတန်ဆိုတာကိုတော့ နောက်ဆုံးမှာ ဘက်ထရီ ဘယ်လောက်ခံမလဲဆိုတဲ့ အချက်ကသာ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

Source: Techpowerup

Post a Comment

0 Comments