Subscribe Us

header ads

GPS Jamming ကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ လမ်းပျောက်ပြီး စက်ဝိုင်းပုံသဏ္ဌာန်များ ဖြစ်ပေါ်နေ

Image via TechSpot

ရေကြောင်းထောက်လှမ်းရေး ကျွမ်းကျင်သူ Michelle Wiese Bockmann က အီရန်၊ ယူအေအီးနဲ့ ကာတာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်က ရေကြောင်းသွားလာမှုမြေပုံကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ယုတ္တိမရှိတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ ကမ္ဘာ့အလုပ်အများဆုံး ရေကြောင်းလမ်းမှာ ကုန်သွယ်ရေးသင်္ဘော ရာပေါင်းများစွာဟာ စနစ်တကျ စက်ဝိုင်းပုံစံတွေ ဖြစ်နေကြသလို တချို့ဆိုရင် ကုန်းတွင်းပိုင်းထဲမှာ ရောက်နေတာမျိုးပါ။ ဒါဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်မဟုတ်ဘဲ ဟော်မုဇ်ရေလက်ကြားတစ်လျှောက်မှာ အကြီးအကျယ် ဖြစ်ပွားနေတဲ့ မျက်မြင်မတွေ့ရတဲ့ "GPS နှောင့်ယှက်ဖျက်ဆီးရေးစစ်ပွဲ" ရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ 

ဒီနှောင့်ယှက်မှုတွေကြောင့် သင်္ဘောတွေအချင်းချင်း တည်နေရာအပြန်အလှန်ဖလှယ်ဖို့ အားကိုးနေရတဲ့ Automatic Identification Systems (AIS) လို့ခေါ်တဲ့ အလိုအလျောက်သတ်မှတ်ဖော်ပြခြင်းစနစ်တွေဟာ လုံးဝကို ဗရုတ်သုတ်ခ ဖြစ်ကုန်ပါတယ်။ ဒါဟာ ရေနံတန်ချိန် သိန်းချီတင်ဆောင်လာတဲ့ သင်္ဘောကြီးတွေအနေနဲ့ သူတို့ရဲ့ဘေးနားမှာ ဘယ်လိုသင်္ဘောမျိုးတွေ ရှိနေသလဲဆိုတာကို အတိအကျမသိနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားစေပါတယ်။ ဒါဟာ အလွန်ကျဉ်းမြောင်းတဲ့ ရေလမ်းကြောင်းတွေမှာတော့ တကယ့်ကို ဘေးအန္တရာယ်ကြီးမားလှတဲ့ ပြဿနာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ လမ်းကြောင်းပြမှုမှာ အမှားအယွင်း အနည်းငယ်လေးဖြစ်တာနဲ့တင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုတွေ ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖြစ်ပေါ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းဆိုင်ရာ AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ Windward မှာ ပုံမှန်မဟုတ်တဲ့ ထူးခြားဖြစ်စဉ်တွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နေတဲ့ Bockmann ကတော့ ဒီအခြေအနေဟာ ရေကြောင်းသွားလာရေးနဲ့ လုံခြုံဘေးကင်းမှုအတွက် ဘယ်လောက်တောင် အန္တရာယ်ကြီးမားသလဲဆိုတာကို လျှော့တွက်လို့မရနိုင်ကြောင်း BBC ကို ပြောကြားခဲ့ပါတယ်။

GPS Jamming ဆိုတာက ဂြိုဟ်တုဆီကလာတဲ့ အချက်ပြလှိုင်းတွေကို လှိုင်းအတုတွေ ဒါမှမဟုတ် စွမ်းအားမြင့်လှိုင်းတွေနဲ့ ဖုံးလွှမ်းပစ်လိုက်တာဖြစ်ပြီး ဂြိုဟ်တုဆီကလာတဲ့ အချက်ပြလှိုင်းအစစ်အမှန်တွေကို လက်ခံစက်က ဖမ်းယူလို့မရအောင် ပိတ်ဆို့လိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ ကမ္ဘာပတ်လမ်းကြောင်းထဲက ဂြိုဟ်တုတွေဆီကလာတဲ့ အချက်ပြလှိုင်း (GNSS signals) တွေဟာ အလွန်ကို အားပျော့ပါတယ်။ ဘယ်လောက်တောင် အားနည်းသလဲဆိုရင် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်ထားတဲ့ ၂၀ ဝပ် မီးသီးတစ်လုံးရဲ့ အလင်းအားလောက်ပဲ ရှိတာပါ။ ဒါကြောင့်မို့လို့ သာမန်အဆင့်ရှိတဲ့ နှောင့်ယှက်ရေးကိရိယာလေးတစ်ခုကတောင် မိုင်ပေါင်းများစွာအတွင်းမှာရှိတဲ့ တည်နေရာပြစနစ်တွေကို မျက်စိကန်းသွားအောင် လုပ်နိုင်တာဖြစ်ပါတယ်။ 

ဒီလို လျှပ်စစ်သံလိုက်လှိုင်းနဲ့ နှောင့်ယှက်တာမျိုးဟာ အသစ်အဆန်းမဟုတ်ဘဲ ယူကရိန်းစစ်ပွဲမှာလည်း နေ့စဉ်မြင်တွေ့နေရသလို ဥရောပကော်မရှင် ဥက္ကဋ္ဌ လိုက်ပါလာတဲ့ လေယာဉ်အပါအဝင် လေကြောင်းသွားလာမှုတွေကိုပါ နှောင့်ယှက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု ဟော်မုဇ်ရေလက်ကြားတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ နှောင့်ယှက်မှုကတော့ အတိုင်းအတာရော တိကျမှုပါ အရင်ကထက် အများကြီးသာလွန်နေပြီး ဒါဟာ "နောက်တစ်ဆင့်" ကို ရောက်သွားပြီလို့ ကျွမ်းကျင်သူ Bockmann က သုံးသပ်ထားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်ကဖြစ်စေ၊ တခြားနိုင်ငံခြားစစ်တပ်တွေကဖြစ်စေ သူတို့လက်ချက်ပါလို့ ဝန်ခံထားတာမျိုး မရှိသေးပေမဲ့ ကျွမ်းကျင်သူတွေကတော့ အဖွဲ့အစည်းအတော်များများ ပါဝင်ပတ်သက်နေနိုင်တယ်လို့ ခိုင်ခိုင်မာမာ သံသယရှိနေကြပါတယ်။ အီရန်ဟာ အရင်ကလည်း ရုရှား ဒါမှမဟုတ် တရုတ်နိုင်ငံတွေဆီက ရရှိထားတဲ့ (ဒါမှမဟုတ် ပြည်တွင်းဖြစ်) နှောင့်ယှက်ရေးကိရိယာတွေကို သုံးပြီး နိုင်ငံခြားသင်္ဘောတွေနဲ့ ဒရုန်းတွေကို နှောင့်ယှက်ခဲ့ဖူးပါတယ်။ တစ်ဖက်မှာလည်း အနောက်နိုင်ငံက လေ့လာဆန်းစစ်သူတွေက အမေရိကန်တပ်ဖွဲ့တွေဟာ သူတို့ရဲ့ အခြေစိုက်စခန်းတွေနဲ့ သင်္ဘောတွေကို GPS လမ်းညွှန်စနစ်သုံး လက်နက်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် တန်ပြန်နှောင့်ယှက်ရေး (Counter-jamming) စနစ်တွေကို အသုံးပြုနေနိုင်တယ်လို့ ထောက်ပြထားပါတယ်။ ဒါကြောင့် အခု ဟော်မုဇ်ရေလက်ကြားဟာ တိုက်စစ်ဆင်တဲ့ လှိုင်းတွေနဲ့ ခုခံကာကွယ်တဲ့ လှိုင်းတွေ ရောထွေးနေတဲ့ လျှပ်စစ်သံလိုက် စစ်တလင်းတစ်ခု ဖြစ်နေပါပြီ။ 

ဒီလို GPS နှောင့်ယှက်မှုကို ရှာဖွေဖော်ထုတ်ဖို့ကလည်း နှောင့်ယှက်မှုတွေကြားထဲက လမ်းကြောင်းရှာရသလို အတော်လေး ရှုပ်ထွေးပါတယ်။ ယူကရိန်းစစ်ပွဲ ပြင်းထန်လာချိန်မှာ အမေရိကန် နည်းပညာရှင် Sean Gorman နဲ့ သူ့ရဲ့ Zephr.xyz အဖွဲ့ဟာ ဒရုန်းတွေမှာ စမတ်ဖုန်းတွေတပ်ဆင်ပြီး GNSS အချက်ပြလှိုင်းတွေ ဘယ်လောက်အထိ အနှောင့်အယှက်ဖြစ်နေသလဲဆိုတာကို တိုင်းတာခဲ့ပါတယ်။ အဲဒီကိရိယာတွေကနေ ဂြိုဟ်တုလှိုင်းအား အချက်အလက်တွေကို စုဆောင်းပြီးနောက်မှာတော့ မြေပုံပေါ်မှာ Jammer ရှိတဲ့နေရာကို Triangulation ဆိုတဲ့ တြိဂံပုံစံ ချိတ်ဆက်တွက်ချက်မှု  နည်းလမ်းနဲ့ ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီအချက်အလက်တွေကနေတစ်ဆင့် Jammer တွေ ဘယ်နေရာမှာ အလုပ်လုပ်နေသလဲနဲ့ သူတို့ရဲ့ လှိုင်းအား ဘယ်လောက်ပြင်းသလဲဆိုတာကိုပါ ဖော်ထုတ်နိုင်ခဲ့တာပါ။

လတ်တလောမှာတော့ အီရန်လေပိုင်နက်ကို အရပ်ဘက်လေယာဉ်တွေ သွားလာခွင့် ပိတ်ထားတာကြောင့် Gorman က ရေဒါဂြိုဟ်တုတွေကို အသုံးပြုပြီး ရေဒီယိုလှိုင်းနှုန်းတွေထဲက ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုတွေကို ရှာဖွေခဲ့ပါတယ်။ ဒီနှောင့်ယှက်မှုတွေဟာ ရေဒါပြန်လှည့်လာတဲ့ လှိုင်းပုံသဏ္ဌာန်တွေထဲမှာ မှိန်ဖျော့ဖျော့ ပုံစံလေးတွေအဖြစ် ပေါ်လာတတ်ပြီး ဒါဟာ နှောင့်ယှက်တဲ့ ကိရိယာတွေက ချန်ထားခဲ့တဲ့ "ဒီဂျစ်တယ်လက်ဗွေရာ" တစ်ခုလိုပါပဲ။ ဒီခြေရာခံမှုတွေအရ အီရန်နိုင်ငံပတ်ဝန်းကျင်နဲ့ ပင်လယ်ကွေ့ဒေသတစ်ခုလုံးမှာ ကြီးမားတဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေ ရှိနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

ဒါကြောင့်မို့လို့ ပါကစ္စတန်ရဲ့ အမျိုးသား ရေကြောင်းမြေပုံဌာန အပါအဝင် ရေကြောင်းလုံခြုံရေး အေဂျင်စီတွေက ဒီနှောင့်ယှက်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ရေနံစိမ်း ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ ဒီရေလမ်းကြောင်းမှာ သင်္ဘောချင်း တိုက်မိတာမျိုးသာ ဖြစ်ခဲ့ရင် ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါတယ်

ဒီလိုမျိုး GPS နှောင့်ယှက်မှုတွေ ပြင်းထန်နေတဲ့ နေရာတွေမှာ အလုပ်လုပ်နိုင်မယ့် ကိရိယာတွေ ဖန်တီးဖို့အတွက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူတွေနဲ့ လမ်းကြောင်းပြနည်းပညာ ကုမ္ပဏီတွေဟာ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ ဥပမာအားဖြင့် Raytheon UK ကုမ္ပဏီရဲ့ "Landshield" ဆိုတဲ့ အင်တင်နာစနစ်ဟာ ရေခဲပြင်ဟော်ကီကစားတဲ့ puck လုံးလောက်ပဲ အရွယ်အစားရှိပေမဲ့ လိုင်းအမြောက်အမြားကို အသုံးပြုပြီး နှောင့်ယှက်တိုက်ခိုက်ခံနေရချိန်မှာတောင် တည်နေရာကို တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ ကုမ္ပဏီရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး Alex Rose-Parfitt ရဲ့ အပြောအရ လက်ရှိမှာ ဒီလိုမျိုး GPS နှောင့်ယှက်မှုကို တန်ပြန်နိုင်တဲ့ ပစ္စည်းတွေအတွက် ဝယ်လိုအား အလွန်တက်နေတယ်လို့ သိရပါတယ်။

အခြားကုမ္ပဏီတွေကတော့ GPS ကို လုံးဝအားကိုးစရာမလိုတဲ့ လမ်းကြောင်းပြစနစ်တွေကို တီထွင်နေကြပါတယ်။ သြစတြေးလျအခြေစိုက် Advanced Navigation ကုမ္ပဏီဟာ စမတ်ဖုန်းတွေမှာပါတဲ့ sensor တွေနဲ့ ဆင်တူတဲ့ gyroscope တွေနဲ့ accelerometer တွေကို အသုံးပြုပြီး ယာဉ်တစ်စီးရဲ့ တည်နေရာကို နောက်ဆုံးသိရှိခဲ့တဲ့ ကိုဩဒိနိတ်ကနေ တွက်ချက်တဲ့စနစ်ကို အသုံးပြုပါတယ်။

ဒါ့အပြင် ဒီစနစ်ဟာ မြင်ကွင်းရုပ်ပုံတွေကို ဂြိုဟ်တုမြေပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးတာမျိုး ဒါမှမဟုတ် ရှေးခေတ်က လမ်းခရီးရှာဖွေခဲ့သလို ကြယ်တာရာတွေရဲ့ ပုံစံကို ကြည့်ပြီး တည်နေရာကို တွက်ချက်တာမျိုးတွေကိုပါ လုပ်ဆောင်နိုင်ပါတယ်။ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Chris Shaw ကတော့ "ကြယ်တာရာတွေကို ကြည့်ပြီး မြေပုံဖော်တာက ကုန်ကျစရိတ် အလွန်သက်သာပါတယ်။ ဒါပေမဲ့ တိကျမှုအပိုင်းမှာတော့ အားနည်းချက်ရှိတာကြောင့် တည်နေရာနဲ့ လမ်းကြောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ပေါင်းစပ်တွက်ချက်ဖို့ လိုအပ်တာပါ" လို့ ရှင်းပြခဲ့ပါတယ်။

GPS ရဲ့ အဓိကအားနည်းချက်ကတော့ အရပ်ဘက်သုံး လိုင်းတွေဟာ ကုဒ်စနစ်နဲ့ ကာကွယ်မထားဘဲ အားလုံးအတွက် ဖွင့်ပေးထားတာကြောင့် အတုလုပ်ဖို့ ဒါမှမဟုတ် ဖိနှိပ်ပစ်ဖို့ လွယ်ကူနေတာပါ။ စစ်ဘက်သုံးစနစ်တွေကတော့ M-Code လိုမျိုး လုံခြုံရေးမြင့်မားတဲ့ စနစ်တွေကို သုံးကြပါတယ်။ နောင်တစ်ချိန်မှာတော့ ဝိုင်ဖိုင်ကွန်ရက်တွေ လုံခြုံရေးမြင့်လာသလိုမျိုး GPS စနစ်တွေဟာလည်း အလွယ်တကူ ဝင်ရောက်လို့မရတဲ့ လုံခြုံရေးမြင့်မားတဲ့ စနစ်တွေအဖြစ် မဖြစ်မနေ ပြောင်းလဲသွားလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ 

Royal Institute of Navigation က Ramsey Faragher ကတော့ အခု ပင်လယ်ကွေ့မှာ ဖြစ်နေတဲ့ အနှောင့်အယှက်တွေဟာ တစ်ကမ္ဘာလုံးက လမ်းကြောင်းပြစနစ်တွေအတွက် အကြီးစား အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ သူက "မကြာခင်မှာ ကျွန်တော်တို့ဟာ အခုလို ဘာလုံခြုံရေးမှမရှိတဲ့ GNSS အချက်ပြလှိုင်းတွေကို သုံးခဲ့ကြတဲ့ ခေတ်ကို ပြန်ကြည့်ပြီး 'ငါတို့တော့ ရူးနေခဲ့တာပဲ၊ ဒါဟာ တကယ့်ကို မိုက်မဲတဲ့ လုပ်ရပ်ပဲ' လို့ ပြန်တွေးမိကြပါလိမ့်မယ်" လို့မှတ်ချက်ပေးခဲ့ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: TechSpot

Post a Comment

0 Comments