![]() |
| Image: Intel |
Intel ဟာ ဒီနေ့မှာ သူတို့ရဲ့ Core Ultra 200 စီးရီးထဲက အဖွဲ့ဝင်အသစ်ဖြစ်တဲ့ Intel Core Ultra 200HX Plus မိုဘိုင်းပရိုဆက်ဆာတွေကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ ဂိမ်းမာတွေနဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ ချစ်ပ်အသစ်တွေကို ပေးစွမ်းလိုက်တာဖြစ်ပြီး အဆင့်မြင့်တဲ့ဂိမ်းတွေကစားတာ၊ Streaming ပြုလုပ်တာ၊ Content ဖန်တီးတာတွေနဲ့ Workstation အသုံးပြုမှုတွေအတွက် အထူးအကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာပါ။ ဒီစီးရီးမှာတော့ Intel Core Ultra 9 290HX Plus နဲ့ Intel Core Ultra 7 270HX Plus ဆိုပြီး ပရိုဆက်ဆာအသစ် နှစ်မျိုးပါဝင်လာပါတယ်။ ဒီပရိုဆက်ဆာတွေမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်သစ်တွေနဲ့ architecture ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေ ပါဝင်လာပြီး အထူးသဖြင့် ဂိမ်းအချို့ရဲ့ မူလစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် Intel Binary Optimization Tool လိုမျိုး ပထမဆုံးသော နည်းပညာတွေ ပါဝင်လာတာ ဖြစ်ပါတယ်။
![]() |
| Image: Intel |
Intel ရဲ့ Client Computing Group က ဒုတိယဥက္ကဋ္ဌ Josh Newman ကတော့ "ဒီ Core Ultra 200HX Plus စီးရီးဟာ အကောင်းဆုံးကိုမှ လိုချင်တဲ့ ဂိမ်းမာတွေ၊ creator တွေနဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် မိုဘိုင်းကွန်ပျူတာ စွမ်းဆောင်ရည်ကို နောက်တစ်ဆင့်အထိ တွန်းပို့ပေးလိုက်တာဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။ "Die-to-die frequency တွေ ပိုမိုမြင့်မားလာတာနဲ့ Intel Binary Optimization Tool အသစ်ကြောင့် အခုထွက်ရှိလာတဲ့ Ultra 9 290HX Plus နဲ့ Ultra 7 270HX Plus တို့ဟာ လက်တွေ့အသုံးပြုမှုမှာ သိသာတဲ့ စွမ်းဆောင်ရည်တိုးတက်မှုတွေကို ပေးစွမ်းနိုင်မှာဖြစ်လို့ အသုံးပြုသူတွေအနေနဲ့ ပိုမိုချောမွေ့တဲ့ ဂိမ်းကစားခြင်း၊ မြန်ဆန်တဲ့ workflow တွေနဲ့ ပိုမိုသွက်လက်တဲ့ Workstation စွမ်းဆောင်ရည်တွေကို ခံစားရမှာပါ" လို့ဆိုပါတယ်။
![]() |
| Image: Intel |
![]() |
| Image: Intel |
စွမ်းဆောင်ရည်ပိုင်းအရ ကြည့်မယ်ဆိုရင် Intel Core Ultra 9 290HX Plus ဟာ အရင်မျိုးဆက်ဖြစ်တဲ့ Core Ultra 9 285HX ထက် ဂိမ်းကစားတဲ့နေရာမှာ ၈ ရာခိုင်နှုန်းအထိ ပိုမြန်လာပြီး Single-thread စွမ်းဆောင်ရည်မှာ ၇ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်လာပါတယ်။ အကယ်၍ သင်ဟာ အရင်မျိုးဆက်ဟောင်းတွေဖြစ်တဲ့ Intel Core i9-12900HX လိုမျိုး Device တွေကနေ အဆင့်မြှင့်တင်မယ်ဆိုရင်တော့ ဂိမ်းကစားတဲ့နေရာမှာ ၆၂ ရာခိုင်နှုန်းအထိ ပိုမြန်လာမှာဖြစ်ပြီး Single-thread စွမ်းဆောင်ရည်မှာလည်း ၃၀ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
![]() |
| Image: Intel |
Core Ultra 200HX Plus စီးရီးရဲ့ အသစ်ပါဝင်လာတဲ့ ထူးခြားတဲ့ အချက်အလက်တွေထဲမှာ
- Die-to-die frequency ကို အရင်ထွက်ရှိထားတဲ့ Ultra 7 285HX နဲ့ 265HX တို့ထက် 900 MHz အထိ ထပ်မံမြှင့်တင်ပေးထားတာ ပါဝင်ပါတယ်။ ဒါဟာ CPU နဲ့ Memory controller ကြားက ချိတ်ဆက်မှုအမြန်နှုန်းကို ၁ ဂစ်ဂါဟတ်စ် (GHz) နီးပါး တိုးလာစေတာဖြစ်လို့ System ရဲ့ တုံ့ပြန်မှုနှေးကွေးခြင်း (Latency) ကို လျှော့ချပေးပြီး ဂိမ်းစွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။
- နောက်တစ်ခုကတော့ Intel Binary Optimization Tool ဖြစ်ပြီး ဒါဟာ Intel ရဲ့ နှစ်ပေါင်း ၄၀ ကြာ အလုပ်လုပ်ဆောင်မှု မြှင့်တင်ရေး အတွေ့အကြုံတွေကို အသုံးပြုထားတဲ့ ပထမဆုံးသော နည်းပညာပါ။ ဒီနည်းပညာဟာ အခြား x86 ပရိုဆက်ဆာတွေ၊ ဂိမ်းစက်တွေ ဒါမှမဟုတ် အရင်ဗိသုကာဟောင်းတွေအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ထားတဲ့ အလုပ်တွေမှာတောင် IPC (Instructions per cycle) နဲ့ အသုံးပြုသူရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေမှာ ဖြစ်ပါတယ်။
- Connectivity ပိုင်းမှာလည်း Intel Wi-Fi 7 (5 Gig)၊ Bluetooth 5.4 နဲ့ Thunderbolt 5 တို့လို အဆင့်မြင့်နည်းပညာတွေ အထောက်အပံ့ပေးထားပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ အရွယ်အစားကြီးမားတဲ့ဖိုင်တွေကို လွှဲပြောင်းတာ၊ 8K မီဒီယာတွေကို Stream လုပ်တာ၊ စက်ပစ္စည်းတွေ အားသွင်းတာနဲ့ ဆက်စပ်ပစ္စည်း အမြောက်အမြားကို ကွန်ပျူတာတစ်လုံးတည်းမှာ ချိတ်ဆက်တာတွေကို 80 Gbps အထိရှိတဲ့ Bidirectional bandwidth နဲ့ ပြုလုပ်နိုင်မှာပါ။
![]() |
| Image: Intel |
ဒီ Intel Core Ultra 200HX Plus ပါဝင်တဲ့ လက်ပ်တော့ပ်တွေကို Acer ရဲ့ Predator Helios Neo စီးရီးတွေ၊ ASUS ROG Strix SCAR 18၊ Dell Alienware Area-51 နဲ့ Aurora စီးရီးတွေ၊ HP HyperX OMEN တွေအပြင် Lenovo Legion စီးရီးတွေ၊ MSI၊ Razer Blade 18 နဲ့ တခြားသော OEM ပါတနာတွေဆီကနေ ဒီနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ကစပြီး စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Techpowerup







0 Comments