![]() |
| Image via OC3D |
၂၀၂၆ ခုနှစ်ဟာ Windows 11 အတွက် အဓိကပြုပြင်ပြောင်းလဲမှုတွေလုပ်မယ့် နှစ်တစ်နှစ် ဖြစ်လာတော့မှာပါ။ Windows 12 ကို အခုလောလောဆယ် ထုတ်ဖို့အစီအစဉ်မရှိသေးဘဲ လက်ရှိ Windows 11 ကိုပဲ ပိုမိုမြန်ဆန်ပြီး စိတ်ချရတဲ့ OS တစ်ခုဖြစ်လာအောင် Microsoft က အာရုံစိုက်လုပ်ဆောင်နေပါတယ်။ ၂၀၂၆ ဧပြီလမှာ ထွက်ရှိမယ့် Insider Update တွေနဲ့အတူ Windows 11 ရဲ့ ပုံစံသစ်ကို စတင်မြင်တွေ့ရတော့မှာဖြစ်ပြီး အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့ ရည်မှန်းချက်ကြီးကြီးမားမားနဲ့ ပြင်ဆင်နေပါတယ်။
![]() |
| Image via OC3D |
ဒီလိုပြောင်းလဲမှုတွေနောက်ကွယ်မှာ ၂၀၂၅ စက်တင်ဘာလက Windows နဲ့ Devices ဆိုင်ရာ ဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခံရတဲ့ Pavan Devuluri ရဲ့ ဦးဆောင်မှုလည်း ပါဝင်ပါတယ်။ သူဟာ အရင်က ကွဲပြားနေတဲ့ Windows အဖွဲ့တွေကို ပြန်လည်ပေါင်းစည်းလိုက်ပြီး OS ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပိုမိုစနစ်ကျအောင် လုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင် အသုံးပြုသူတွေရဲ့ တောင်းဆိုချက်တွေကို အလေးအနက်ထား နားထောင်ပြီး မလိုအပ်တဲ့ Bloatware တွေနဲ့ Copilot နေရာအနှံ့ ပါဝင်နေတာတွေကို လျှော့ချဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
ဧပြီလ Windows 11 Preview တွင် ပါဝင်လာမည့် ထူးခြားချက်များ
ရှေ့လမှာ ထွက်ရှိမယ့် Update မှာ အသုံးပြုသူတွေ အလိုချင်ဆုံးဖြစ်တဲ့ Taskbar ကို အပေါ်နဲ့ ဘေးဘက်ကို စိတ်ကြိုက်ရွှေ့နိုင်တဲ့ စနစ် ပါဝင်လာမှာပါ။ ဒါ့အပြင် Snipping Tool, Photos, Widgets နဲ့ Notepad လိုမျိုး app တွေမှာ မလိုအပ်ဘဲ Copilot ပါဝင်နေတာတွေကို ဖယ်ရှားပြီး တကယ့်ကို အသုံးဝင်မယ့်နေရာတွေမှာပဲ AI ကို အာရုံစိုက် ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ Windows Update ကြောင့် အလုပ်နှောင့်နှေးရတာတွေကို လျှော့ချဖို့အတွက်လည်း Update တွေကို ကျော်သွားနိုင်တာ၊ Update မတင်ဘဲ စက်ပိတ်နိုင်တာနဲ့ Notification တွေကို လျှော့ချတာမျိုးတွေ လုပ်ဆောင်နိုင်တော့မှာပါ။
အသုံးအများဆုံးဖြစ်တဲ့ File Explorer မှာလည်း သိသိသာသာ ပြောင်းလဲမှုတွေ ရှိလာမှာပါ။ App ဖွင့်ရတာ ပိုမြန်လာမယ်၊ flicker ဖြစ်တာတွေ လျော့နည်းသွားမယ်၊ ရှာဖွေရတာနဲ့ ဖိုင်တွေ ကူးယူရတာတွေမှာလည်း ပိုမိုမြန်ဆန်ပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ရရှိမှာ ဖြစ်ပါတယ်။ Windows Insider အစီအစဉ်ကိုလည်း ပိုမိုရိုးရှင်းပွင့်လင်းအောင် ပြုပြင်ပြီး Feedback Hub ကိုလည်း အသုံးပြုသူတွေ အချင်းချင်း ဆွေးနွေးနိုင်တဲ့ ပုံစံသစ်နဲ့ ဒီနေ့ကစတင်ပြီး မိတ်ဆက်ပေးလိုက်ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း Windows 11 ကို ပိုမိုမြန်ဆန်အောင် လုပ်ဆောင်မည့် အစီအစဉ်များ
Microsoft ဟာ Windows 11 ရဲ့ Performance ကို မြှင့်တင်ဖို့အတွက် Memory အသုံးပြုမှုကို လျှော့ချပြီး အခြား task တွေအတွက် နေရာပိုရအောင် လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ဖိုင်အကြီးကြီးတွေကို ကူးယူတဲ့နေရာမှာ ပိုမြန်လာမှာဖြစ်သလို Windows ရဲ့ အဓိက လုပ်ဆောင်ချက်တွေဖြစ်တဲ့ Start Menu နဲ့ တခြား app တွေကို WinUI3 framework ဆီကို အဆင့်မြှင့်တင် ပြောင်းလဲသွားမှာပါ။ ဒါဟာ အရင်က သုံးခဲ့တဲ့ နှေးကွေးတဲ့ framework တွေကြောင့် Windows 11 တုံ့ပြန်မှု နှေးခဲ့တာကို ဝန်ခံပြီး ပြုပြင်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီရည်မှန်းချက်တွေ အောင်မြင်ခဲ့မယ်ဆိုရင် Windows 11 ဟာ အရင်ကထက် အများကြီး ပိုမိုသွက်လက်ပြီး Memory အစားနည်းတဲ့ OS တစ်ခု ဖြစ်လာမှာပါ။ ဒါဟာ Memory နည်းတဲ့ စက်အဟောင်းတွေ သုံးတဲ့သူတွေအတွက်ရော၊ ပညာရှင်တွေအတွက်ပါ တကယ့်ကို သတင်းကောင်းပါပဲ။ Pavan Devuluri ရဲ့ ဦးဆောင်မှုအောက်မှာ Windows 11 ဟာ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: OC3D


0 Comments