Subscribe Us

header ads

OpenAI က Sora ကို ရုတ်တရက် ရပ်ဆိုင်း၊ Disney နှင့် ချုပ်ဆိုထားသည့် ဒေါ်လာ ၁ ဘီလီယံတန် သဘောတူညီချက် ပျက်ပြယ်သွား

Image: Sora

OpenAI ကုမ္ပဏီဟာ သူတို့ရဲ့ နာမည်ကျော် AI ဗီဒီယိုဖန်တီးမှု app ဖြစ်တဲ့ Sora ကို ရပ်ဆိုင်းလိုက်ကြောင်းနဲ့ အဲဒီလုပ်ဆောင်ချက်နဲ့အတူ Walt Disney ကုမ္ပဏီနဲ့ ထားရှိခဲ့တဲ့ ဒေါ်လာ ၁ ဘီလီယံတန် အဆင့်မြင့်မိတ်ဖက်စာချုပ်ကိုပါ ရုတ်တရက် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ ChatGPT ဖန်တီးသူ OpenAI အနေနဲ့ လုပ်ငန်းသုံး ထုတ်ကုန်တွေ၊ Coding ဆိုင်ရာ ကိရိယာတွေနဲ့ AGI (Artificial General Intelligence) ဘက်ကို ပိုမိုအာရုံစိုက်ဖို့အတွက် သူတို့ရဲ့ လမ်းကြောင်းကို အကြီးအကျယ် ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် Disney ဘက်က တာဝန်ရှိသူတွေဟာ အကြီးအကျယ် အံ့အားသင့်ခဲ့ရပါတယ်။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒီသတင်း လူသိရှင်ကြား မထွက်လာခင် မိနစ် ၃၀ အလိုမှာတင် Disney အဖွဲ့ဟာ Sora ရဲ့ အနာဂတ်အတွက် OpenAI အဖွဲ့နဲ့ အစည်းအဝေး လုပ်နေခဲ့တာပါ။ "ဒါဟာ တကယ့်ကို အငိုက်မိသွားစေတဲ့ လုပ်ရပ်ပဲ" လို့ ဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးက Reuters ကို ပြောကြားခဲ့ပါတယ်။ OpenAI အနေနဲ့ အခုလို Sora ကို ဖျက်သိမ်းလိုက်တာဟာ ဒီနှစ်နှောင်းပိုင်းမှာ စတော့ဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေချိန် ကုမ္ပဏီအတွင်းမှာ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်နေတာကြောင့် ဖြစ်ပါတယ်။ ကုမ္ပဏီဟာ သာမန်သုံးစွဲသူတွေအတွက် ရည်ရွယ်တဲ့ ပရောဂျက်တွေထက် စီးပွားရေးအရ ပိုပြီးရေရှည်တည်တံ့နိုင်မယ့်၊ ကွန်ပျူတာအရင်းအမြစ် အသုံးပြုမှု သက်သာမယ့် လုပ်ငန်းတွေဆီကို ရင်းနှီးမြှုပ်နှံမှုတွေ ပြောင်းရွှေ့လိုက်တာပါ။

Sora ဟာ ပြီးခဲ့တဲ့နှစ် အစောပိုင်းမှာ စတင်မိတ်ဆက်စဉ်ကတည်းက ရုပ်ရှင်အဆင့်မီ AI ဗီဒီယိုတွေကြောင့် ဟောလိဝုဒ်နဲ့ နည်းပညာလောကကို ဆွဲဆောင်နိုင်ခဲ့တာပါ။ ၂၀၂၅ စက်တင်ဘာလမှာ သီးခြား app အဖြစ် ထွက်ရှိလာတဲ့ Sora ဟာ စာသားရိုက်ရုံနဲ့ ဗီဒီယိုတိုတွေ၊ လူမှုကွန်ရက်သုံး ဗီဒီယိုကလစ်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Sora ရဲ့ လူကြိုက်များမှု မြင့်တက်လာတာနဲ့အမျှ computing resources တွေ အလွန်အမင်း လိုအပ်လာတာကြောင့် တခြားသုတေသနအဖွဲ့တွေအတွက် အခက်အခဲ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

အခုလို ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် ဇာတ်ကောင်ပေါင်း ၂၀၀ ကျော်ပါဝင်တဲ့ AI ဗီဒီယိုတိုတွေ ထုတ်လုပ်ဖို့ Disney ရဲ့ အစီအစဉ်တွေလည်း ပျက်ပြားသွားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ လကျော်က ကြေညာခဲ့တဲ့ ဒီမိတ်ဖက်စာချုပ်မှာ ဒေါ်လာ ၁ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ ပါဝင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ငွေကြေးလွှဲပြောင်းမှုတွေ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။ Disney ဘက်ကတော့ OpenAI ရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်းနဲ့ AI နည်းပညာအသစ်တွေကို ဆက်လက်လေ့လာပြီး အခြား platform တွေနဲ့ ပူးပေါင်းသွားဦးမှာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

OpenAI အနေနဲ့ AI ဗီဒီယိုဖန်တီးမှုကို လုံးဝစွန့်လွှတ်လိုက်တာ မဟုတ်ဘူးလို့ ဆိုပေမဲ့ အခုလို နောက်ဆုတ်လိုက်တာက Google လို ပြိုင်ဘက်တွေအတွက် ဒီနယ်ပယ်မှာ နေရာပိုရသွားစေမှာပါ။ ဒါ့အပြင် အခုဖြစ်ရပ်က Generative AI လောကဟာ ဘယ်လောက်အထိ မတည်ငြိမ်သေးဘူးလဲဆိုတာနဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေတောင် ဆန်းသစ်တီထွင်မှုနဲ့ ကုန်ကျစရိတ်တွေကြားမှာ အခက်တွေ့နေရတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: TechSpot 

Post a Comment

0 Comments