![]() |
Image: Epic Games |
Battlefield, The Sims, နဲ့ Dragon Age စတဲ့ နာမည်ကြီး ဂိမ်းတွေကို ပိုင်ဆိုင်တဲ့ EA (Electronic Arts) ကုမ္ပဏီကို ဒေါ်လာ ၅၅ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီထားပါတယ်။ ဒီကိစ္စမှာ ကုမ္ပဏီကိုယ်တိုင်ကနေ ဒေါ်လာ ဘီလီယံ ၂၀ အထိ အကြွေးယူပြီး ငွေကြေးတစ်စိတ်တစ်ပိုင်း ထည့်ဝင်ရတာ ဖြစ်ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ စိုးရိမ်စရာဖြစ်နေတဲ့ ဒီအကြွေးတွေကို စီမံခန့်ခွဲနိုင်ဖို့ AI (Artificial Intelligence) နည်းပညာကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်စရိတ်တွေ လျှော့ချဖို့ မျှော်လင့်နေကြပါတယ်လို့ သတင်းထွက်လာပါတယ်။
The Financial Times ရဲ့ အစီရင်ခံစာအရဆိုရင် ဒီအရောင်းအဝယ်မှာ ပါဝင်ပတ်သက်သူတွေက AI ကြောင့် ရရှိလာမယ့် ကုန်ကျစရိတ် သက်သာမှုတွေကနေ EA ရဲ့ အမြတ်အစွန်းကို တိုးတက်လာစေမယ်လို့ ယုံကြည်နေပါတယ်။
AI ကို ဘယ်အတိုင်းအတာအထိ၊ ဘယ်လို ရည်ရွယ်ချက်တွေအတွက် အသုံးပြုမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဥပမာ- ဂိမ်းဖန်တီးတဲ့ အဆင့်မှာ AI ကို အများဆုံး အားထားသုံးစွဲမလားဆိုတာမျိုး မဖော်ပြထားပါဘူး။ အဲဒီလိုသာဆိုရင်တော့ အကြီးမားဆုံး စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသားတွေရဲ့ တကယ့် ဖန်တီးမှု စွမ်းရည်တွေကို စက်ရုပ်နည်းပညာတွေက အစားထိုးသွားမှာကို စိုးရိမ်တာအပြင် AI ကို အသုံးပြုလာတာကြောင့် ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်စေမလား ဆိုတဲ့ ပြဿနာလည်း ရှိနေပါတယ်။
EA ဟာ AI နည်းပညာကို အသုံးပြုဖို့ အရင်ကတည်းက အကောင်းမြင်ခဲ့တာကို ကျွန်တော်တို့ သိပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ CEO Andrew Wilson က 'AI ဟာ သူ့ရဲ့ ပုံစံအမျိုးမျိုးကြောင့် ဖန်တီးမှု အတွက် အမြဲတမ်း အဓိကကျတဲ့ အချက်တစ်ခု ဖြစ်ခဲ့ပါတယ်' လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူက 'ကျွန်တော်တို့အားလုံး AI ကို ဆန့်ကျင်ခဲ့ဖူးတာကို မှတ်မိကြမှာပါ။ အဲ့ဒီကနေပဲ ဒီကနေ့ Generative AI ရဲ့ ဆန်းသစ်တီထွင်မှုတွေဆီကို ပြောင်းလဲလာတာပါပဲ။ ဒီထူးခြားတဲ့ နည်းပညာဟာ ကျွန်တော်တို့အတွက် ရိုးရိုးစကားလုံး တစ်ခုတည်း မဟုတ်ပါဘူး၊ ဒါဟာ ကျွန်တော်တို့ လုပ်ငန်းရဲ့ အဓိက အနှစ်သာရပဲ' လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒီဝယ်ယူမှုသတင်းတွေ ထွက်လာကတည်းက ကုမ္ပဏီက အကြွေးတွေ ယူထားတဲ့အတွက် ဝန်ထမ်းလျှော့ချမှုတွေ ဖြစ်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ Mass Effect လို နာမည်ကြီး ဂိမ်းစီးရီးတွေရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ ဂိမ်းအနာဂတ်အတွက် စိုးရိမ်နေကြပါတယ်။
လောလောဆယ်မှာတော့ အားလုံးက စောင့်ဆိုင်းနေရမယ့် အချိန်ပါ။ ဒီအရောင်းအဝယ်ကို ဘဏ္ဍာရေးနှစ် ၂၀၂၇ ရဲ့ ပထမသုံးလပတ် မှာ အပြီးသတ်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်တွေနဲ့ ရှယ်ယာရှင်တွေရဲ့ သဘောတူညီချက် ရရှိဖို့တော့ လိုအပ်ပါသေးတယ်။
CEO Wilson ကတော့ ဝန်ထမ်းတွေကို ပို့တဲ့ စာထဲမှာ "ဆက်လက် ကြိုးပမ်းအားထုတ်မှုနဲ့ လုပ်ငန်း စွမ်းဆောင်ရည်တွေနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ အဖွဲ့တွေရဲ့ ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်မယ်၊ ဆန်းသစ်တီထွင်မှုတွေကို အရှိန်မြှင့်နိုင်မယ်၊ ဖျော်ဖြေရေးရဲ့ အနာဂတ်ကို ဦးဆောင်နိုင်ဖို့အတွက် EA ကို နေရာပေးမယ့် အသွင်ကူးပြောင်းမှု အခွင့်အလမ်းကောင်းတွေကို ရှာဖွေနိုင်မှာပါ' လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက ဂိမ်းမာမျိုးဆက်တွေကို ပေါ်လွင်ထင်ရှားအသက်ဝင်ပြီး နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်မှာပါ" လို့လည်း သူက ဆိုပါတယ်။
Source: GamesRadar+
0 Comments