Subscribe Us

header ads

AI နှင့် Data Center များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားလာမှုကြောင့် နည်းပညာကုမ္ပဏီကြီးများက အသေးစားနျူကလီးယားဓာတ်ပေါင်းဖို(SMR)များကို မျက်စိကျလာ

Image: A. Vargas/IAEA

Small Modular Reactors (SMRs) ဆိုတဲ့ အသေးစား မော်ဂျူလာ နျူကလီးယားဓာတ်ပေါင်းဖိုတွေ ပေါ်ထွက်လာမှုဟာ မူဝါဒ၊ စီးပွားရေးနဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ်မှာ များစွာ မူတည်နေသလို အင်ဂျင်နီယာပိုင်းဆိုင်ရာ တိုးတက်မှုတွေအပေါ်မှာလည်း မူတည်နေပါတယ်။ သူတို့ဟာ နျူကလီးယားစွမ်းအင်အတွက် ခေတ်သစ်တစ်ခုကို ကတိပြုထားပေမဲ့ ကုန်ကျစရိတ်၊ ဘေးကင်းလုံခြုံမှုနဲ့ ရေရှည်မှာ ပြည်သူလူထုရဲ့ လက်ခံမှု စတဲ့ မဖြေရှင်းရသေးတဲ့ မေးခွန်းတွေက အဓိက အတားအဆီးတွေအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။ 

သန့်ရှင်းတဲ့ စွမ်းအင်ကို လိုအပ်ချက် မြင့်တက်လာတာနဲ့အမျှ SMR တွေဟာ အာရုံစိုက်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စစ်ဆေးမှုတွေကို ပြန်လည်ရရှိလာပါတယ်။ ဒီအယူအဆဟာ စီးပွားဖြစ် နျူကလီးယားစွမ်းအင်ရဲ့ အစောဆုံးကာလတွေကတည်းက ရှိခဲ့တယ်ဆိုပေမဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေက အင်ဂျင်နီယာတွေဟာ အရွယ်အစားကြီးလေလေ စွမ်းဆောင်ရည်ပိုကောင်းပြီး ကုန်ကျစရိတ် သက်သာလေလေဆိုတဲ့ ယူဆချက်နဲ့ ပိုကြီးတဲ့ ဓာတ်အားပေးစက်ရုံတွေသာ အသာပေးတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

Image via TechSpot

အခုလို ဆယ်စုနှစ်များစွာကြာပြီးနောက်မှာတော့ နယ်ပယ်အတွင်းမှာ ပိုသေးငယ်တဲ့ ဒီဇိုင်းတွေကို စိတ်ဝင်စားမှုပြန်လည်မြင့်တက်လာပါတယ်။ SMR တွေဟာ သမားရိုးကျ ဓာတ်ပေါင်းဖိုတွေလိုမဟုတ်ဘဲ လူနေထူထပ်တဲ့နေရာတွေနဲ့ စက်မှုဇုန်တွေနဲ့ ပိုနီးတဲ့နေရာတွေမှာ တည်ဆောက်နိုင်တဲ့အတွက် ကြီးမားတဲ့ ဖြန့်ဖြူးရေးကွန်ရက်တွေ လိုအပ်မှုကို လျှော့ချပေးနိုင်တာကြောင့် သံမဏိလုပ်ငန်းတွေ၊ ရေချိုသန့်စင်ခြင်းတွေကနေ ဝေးလံခေါင်ဖျားတဲ့ မိုင်းတွင်းတွေကို ပါဝါပေးတာတွေအထိ လုပ်ငန်းအသစ်တွေအတွက် အသုံးပြုနိုင်တယ်လို့ ထောက်ခံသူတွေက ဆိုပါတယ်။

အသေးစားနျူကလီးယားဓာတ်ပေါင်းဖိုတွေဟာ သမားရိုးကျ နျူကလီးယားဓာတ်ပေါင်းဖိုတွေလိုမဟုတ်ဘဲ အစိတ်အပိုင်းတွေအဖြစ် တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံတည်မဲ့နေရာမှာ ပြန်လည်တပ်ဆင်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဆောက်လုပ်ရေးကာလကို တိုတောင်းစေသလို ကုန်ကျစရိတ်ကို ခန့်မှန်းရတာလည်းပိုမိုလွယ်ကူစေပါတယ်။ သူတို့ရဲ့ modular design ကြောင့် လိုအပ်ချက် တိုးလာတာနဲ့အမျှ စွမ်းဆောင်ရည်ကို တဖြည်းဖြည်း မြှင့်တင်နိုင်ပြီး သီးခြားနေရာတွေ ဒါမှမဟုတ် စက်မှုလုပ်ငန်း မိတ်ဖက်တွေနဲ့ ကိုက်ညီအောင် တပ်ဆင်နိုင်ပါတယ်။ 

အရေးအကြီးဆုံးကတော့ အသေးစားနျူကလီးယားဓာတ်ပေါင်းဖိုတွေကို အသုံးပြုခြင်းဟာ ဂျော်ဂျီယာပြည်နယ်က Vogtle 3 နဲ့ 4 ဓာတ်ပေါင်းဖိုတွေလိုမျိုး သမားရိုးကျ ပရောဂျက်တွေကို ဒုက္ခပေးနေတဲ့ ကုန်ကျစရိတ်ထပ်တက်တာတွေနဲ့ နှစ်ချီကြာတဲ့ ကြန့်ကြာမှုတွေ ကို ရှောင်ရှားဖို့ ရည်ရွယ်တာပါ။ အဲဒီ Vogtle စက်ရုံတွေဆိုရင် မူလ ခန့်မှန်းထားတဲ့ ဒေါ်လာ ၁၄ ဘီလီယံထက် ၂ဆကျော် ပိုကုန်ပြီး ၇နှစ် နောက်ကျမှ စတင်လည်ပတ်နိုင်ခဲ့တာပါ။

SMR တွေ ရဲ့ ထူးခြားတဲ့အချက်ကတော့ အမျိုးစုံလင်လှတဲ့ဒီဇိုင်းတွေနဲ့ လောင်စာတွေရဲ့ ကွဲပြားမှုပါပဲ။ သိရှိရသလောက် ကမ္ဘာတစ်ဝန်းမှာ အသေးစားနျူကလီးယားဓာတ်ပေါင်းဖို ပုံစံပေါင်း ၁၂၇ ခုလောက်ရှိပါတယ်။ ဒီဓာတ်ပေါင်းဖိုအများစုဟာ ယူရေနီယမ် အိုင်ဆိုတုပ် ပါဝင်မှု ပိုမိုမြင့်မားတဲ့ လောင်စာအသစ်တွေကို အားထားနေကြပါတယ်။ ဒီလို လောင်စာတွေက အပူချိန် ပိုမြင့်ပြီး လောင်စာပြန်ဖြည့်စရာမလိုဘဲ ပိုမိုကြာရှည်စွာ လည်ပတ်နိုင်ဖို့ အထောက်အကူပြုပါတယ်။

ဝယ်ယူသူတွေအတွက် ဆွဲဆောင်မှုရှိပေမယ့်၊ ဒီတီထွင်ဆန်းသစ်မှုတွေဟာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဓာတ်ပေါင်းဖိုတစ်ခုချင်းစီရဲ့ ဘေးကင်းလုံခြုံရေး အခြေအနေနဲ့ လောင်စာအမျိုးအစားကို နှစ်ပေါင်းများစွာ ဒါမှမဟုတ် ဆယ်စုနှစ်များစွာအထိ ကြာမြင့်နိုင်တဲ့ အသေးစိတ် စစ်ဆေးမှုတွေနဲ့ အသိအမှတ်ပြုလက်မှတ်တွေ ရယူရပါတယ်။

မူဝါဒဆိုင်ရာ ထောက်ခံမှုနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနေပေမယ့် SMR ရဲ့ စီးပွားရေးကိစ္စတွေက မရေရာမသေချာသေးပါဘူး။ ထောက်ခံသူတွေက စံပြုထားတဲ့၊ အစုလိုက်အပြုံလိုက် ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေဟာ နောက်ဆုံးမှာ သမားရိုးကျ နျူကလီးယားစက်ရုံတွေထက် ကုန်ကျစရိတ် ပိုသက်သာလာမယ်လို့ ငြင်းဆိုကြပေမယ့် လက်တွေ့ကမ္ဘာ အချက်အလက်တွေကတော့ ရှားပါးနေပါသေးတယ်။

အမေရိကန်မှာ ပထမဆုံး စီးပွားဖြစ် SMR တွေကို ပေးပို့မယ်လို့ မျှော်မှန်းထားတဲ့ NuScale ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာ ယူတားပြည်နယ်က ခြောက်ခုပါ ဓာတ်ပေါင်းဖို ပရောဂျက်ကို ဖျက်သိမ်းခဲ့ရပါတယ်။ အကြောင်းကတော့ ကုန်ကျစရိတ်တွေ တက်လာတာနဲ့ ဓာတ်အားပေးကုမ္ပဏီတွေက ကတိမပေးဘဲ တွေဝေနေခဲ့လို့ပါ။ BloombergNEF ရဲ့ အဆိုအရ၊ ဓာတ်အားခန့်မှန်းစျေးနှုန်းဟာ တစ်မက်ဂါဝပ်နာရီကို ဒေါ်လာ ၈၉ အထိ တက်သွားခဲ့ပြီး၊ ဒါဟာ အစောပိုင်း ခန့်မှန်းချက်တွေထက် များသလို သဘာဝဓာတ်ငွေ့နဲ့ လေအား၊ နေရောင်ခြည် စွမ်းအင်တွေကို ဘက်ထရီနဲ့ တွဲသုံးတာထက်တောင် ပိုများနေခဲ့ပါတယ်။

Image via TechSpot

မြင့်မားတဲ့ ကုန်ကျစရိတ်တွေနဲ့ အချိန်ကြာမြင့်တဲ့ ခွင့်ပြုချက်ရယူမှုတွေဟာ SMR ကဏ္ဍမှာ အလားအလာ နည်းပါးတဲ့ ဒီဇိုင်းတွေကို ဖယ်ထုတ်ဖို့အတွက် ပေါင်းစည်းရေး လိုအပ်ကြောင်းကို တွန်းအားပေးနေပါတယ်။ NuScale ရဲ့ အတွေ့အကြုံက စိန်ခေါ်မှုကို ပေါ်လွင်စေပါတယ်။ ကုမ္ပဏီဟာ ၎င်းရဲ့ ၆၀-မက်ဂါဝပ် ဓာတ်ပေါင်းဖိုဖွဲ့စည်းပုံအတွက် US ခွင့်ပြုချက်ရဖို့ သုံးနှစ်ကျော်နဲ့ ဒေါ်လာ သန်း ၅၀၀ ကျော် သုံးစွဲခဲ့ရပါတယ်။

၂၀၂၅ ခုနှစ် နှောင်းပိုင်းအထိ ကမ္ဘာတစ်ဝန်းမှာ စီးပွားဖြစ် လည်ပတ်နေတဲ့ SMR ပရောဂျက် နှစ်ခု ပဲ ရှိပါသေးတယ်။ ရုရှားနိုင်ငံရဲ့ Rosatom က ရေပေါ်ပလက်ဖောင်းပေါ်မှာ တပ်ဆင်ထားတဲ့ ၃၅-မက်ဂါဝပ် ဓာတ်ပေါင်းဖိုနှစ်ခုကို အာတိတ်ဒေသက လူထုကို ဓာတ်အားပေးပို့နေပြီး ၂၀၂၀ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ China National Nuclear Corporation (CNNC) က Shidao Bay မှာ ၁၀၀-မက်ဂါဝပ် ယူနစ်၂ခုကို ၂၀၂၃ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဒီလို စောစီးစွာ စတင်အသုံးပြုနိုင်ခဲ့တဲ့ စီမံကိန်းတွေအပြင်၊ ကမ္ဘာတစ်ဝန်းမှာလည်း စီမံကိန်း အသစ် ဒါဇင်ပေါင်းများစွာကို ရေးဆွဲနေတာ ဒါမှမဟုတ် တည်ဆောက်နေတာတွေလည်း ရှိနေပါတယ်။ 

SMR ဖွံ့ဖြိုးတိုးတက်မှုလှိုင်းကို Électricité de France၊ Rosatom နဲ့ CNNC လိုမျိုး နိုင်ငံတော်က ကျောထောက်နောက်ခံပြုထားတဲ့ ကုမ္ပဏီကြီးတွေ က ဦးဆောင်နေပါတယ်။ ဒီကုမ္ပဏီကြီးတွေထဲမှာ ပြင်သစ်လျှပ်စစ်ဓာတ်အားကုမ္ပဏီ (Électricité de France)၊ ရုရှားရဲ့ Rosatom၊ တရုတ်ရဲ့ CNNC တို့ ပါဝင်သလို၊ အမေရိကန်အခြေစိုက် ကုမ္ပဏီတွေ ဖြစ်တဲ့ ဘီလ်ဂိတ်စ် တည်ထောင်ထားတဲ့  TerraPower နဲ့ ဝါရင်းဘတ်ဖက်ရဲ့ Berkshire Hathaway အောက်က PacifiCorp တို့လည်း ပါဝင်ပါတယ်။ TerraPower ဟာ ဝိုင်အိုမင်း (Wyoming) ပြည်နယ်က ကျောက်မီးသွေးစက်ရုံဟောင်း တစ်ခုမှာ စီမံကိန်းအတွက် နေရာပြင်ဆင်မှုတွေကို စတင်နေပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ ဆိုဒီယမ်နဲ့ အအေးပေးတဲ့ ၃၄၅ မဂ္ဂါဝပ် ဒီဇိုင်းကတော့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်ကို ဆက်လက်စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

အခုဆိုရင် Data Center တွေက စွမ်းအင်လိုအပ်ချက် မြင့်တက်လာတာရယ်၊ ကာဗွန်ထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး စိစစ်မှုတွေ တင်းကျပ်လာတာကြောင့် SMR တွေအပေါ် နည်းပညာကဏ္ဍရဲ့ စိတ်ဝင်စားမှုကလည်း လျင်မြန်စွာ တိုးပွားလာနေပါတယ်။ Amazon၊ Google နဲ့ Oracle တို့ဟာ သူတို့ရဲ့ ချဲ့ထွင်နေတဲ့ ကွန်ရက်တွေကို ဓာတ်အားပေးဖို့အတွက် SMR တွေကို လေ့လာနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ BloombergNEF ရဲ့ ခန့်မှန်းချက်အရဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ Data Center တွေဟာ တစ်နိုင်ငံလုံး စုစုပေါင်း လျှပ်စစ်ဓာတ်အားရဲ့ ၄ ရာခိုင်နှုန်းလောက်ပဲ သုံးစွဲရာကနေ ၂၀၃၅ ခုနှစ်လောက်မှာ ၉ ရာခိုင်နှုန်းအထိ တိုးလာနိုင်ခြေ ရှိနေပါတယ်။ 

အောက်တိုဘာလမှာ Google က Kairos Power နဲ့ နျူကလီးယားစွမ်းအင်ရရှိဖို့ သဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။ Kairos ရဲ့ SMRs တွေကနေ ၅၀၀ မက်ဂါဝပ်အထိ ရဖို့ ရည်ရွယ်ပြီး၊ ပထမဆုံး ဓာတ်အားထုတ်လုပ်မှုကို တင်နက်ဆီပြည်နယ်မှာ ၂၀၃၅ မှာ စတင်ဖို့ စီစဉ်ထားပါတယ်။ Equinix ကလည်း ၂၀၂၄ ခုနှစ်မှာ OpenAI ရဲ့ Sam Altman က ကျောထောက်နောက်ခံပြုထားတဲ့ SMR ကုမ္ပဏီ Oklo ဆီကနေ ၅၀၀ မက်ဂါဝပ် ဝယ်ယူဖို့ ကတိပြုခဲ့ပြီး၊ ကယ်လီဖိုးနီးယားအခြေစိုက် Radiant Nuclear ဆီက မိုက်ခရိုဓာတ်ပေါင်းဖို ၂၀ ကို ကြိုတင်မှာယူခဲ့ပါတယ်။ ဒါပေမယ့် ယနေ့အချိန်အထိ အမေရိကန် နျူကလီးယား စည်းမျဉ်းထိန်းသိမ်းရေး ကော်မရှင် (US Nuclear Regulatory Commission - NRC) ကတော့ ပြည်တွင်း SMR စီမံကိန်းတစ်ခုကိုမှ လိုင်စင်မချပေးရသေးပါဘူး။

သမ္မတထရန့်ကလည်း SMR တွေအပါအဝင် အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုတိုးချဲ့ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ မတ်လမှာ စွမ်းအင်ဝန်ကြီးဌာနက ဒေဒေါ်လာ သန်း ၉၀၀ တန်ဖိုးရှိတဲ့ SMR ရန်ပုံငွေအစီအစဉ်ကို ပြန်လည်စတင်ခဲ့ပါတယ်။ ဒါဟာ အစောပိုင်းက ထောက်ပံ့ပေးခဲ့တဲ့ TerraPower ရဲ့ ဝိုင်အိုမင်းစီမံကိန်းအတွက် ကုန်ကျစရိတ်ခွဲဝေတဲ့ သဘောတူညီချက်အရ ဒေါ်လာ ၂ ဘီလီယံ ကဲ့သို့သော ထောက်ပံ့ငွေတွေရဲ့ အဆက်ဖြစ်ပါတယ်။ မေလမှာ သမ္မတ ထရန့်ဟာ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်တွေကို ရိုးရှင်းအောင်ပြုလုပ်ဖို့နဲ့ ၂၀၅၀ ပြည့်နှစ်အရောက်မှာ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို ၄၀၀ ဂစ်ဂါဝပ် အထိ လေးဆတိုးမြှင့်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်တင်ရန်အတွက် အုပ်ချုပ်ရေး အမိန့်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ DOE က SMR လောင်စာအသစ်တွေ စမ်းသပ်လည်ပတ်မှုကို ၂၀၂၆ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးတက်လာနေပါတယ်။ စက်တင်ဘာလက ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အတွင်း US နဲ့ UK တို့ဟာ စည်းမျဉ်းစည်းကမ်း လုပ်ငန်းစဉ်တွေကို ညှိနှိုင်းပြီး SMR ခွင့်ပြုချက်တွေကို အရှိန်မြှင့်တင်ဖို့အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဇွန်လမှာ ယူကေရဲ့ ဦးစားပေး SMR တီထွင်သူအဖြစ် သတ်မှတ်ခံရတဲ့ Rolls-Royce ဟာ နှစ်နိုင်ငံစလုံးမှာ ခွင့်ပြုချက်ရဖို့ ဆောင်ရွက်နေပါတယ်။ ဒီကုမ္ပဏီဟာ ဗြိတိန်အစိုးရရဲ့ ပေါင် ၂.၅ ဘီလီယံ ရန်ပုံငွေ အထောက်အပံ့ ကတိကနေ အကျိုးအမြတ်ရရှိမှာဖြစ်ပြီး၊ ၎င်းတို့ရဲ့ ပထမဆုံး ပြည်တွင်း ဓာတ်အားပေးစက်ရုံကို ၂၀၃၀ ခုနှစ်လွန်လောက်မှာ လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

ဘေးကင်းလုံခြုံရေး ကတော့ ငြင်းခုံစရာအချက်အဖြစ် ရှိနေဆဲပါ။ ထောက်ခံသူတွေက အဆင့်မြင့် SMR တွေဟာ အရည်ပျော်နေတဲ့ ဆား ဒါမှမဟုတ် သတ္တုအရည် အအေးပေးစနစ်တွေနဲ့ လည်ပတ်မှု ဖိအားနည်းတာလိုမျိုး passive safety systems တွေကို ထည့်သွင်းထားတာကြောင့် စုပ်စက်တွေ ဒါမှမဟုတ် အော်ပရေတာရဲ့ ကြားဝင်ဆောင်ရွက်မှုအပေါ် မှီခိုအားထားမှု နည်းတယ်လို့ ငြင်းဆိုပါတယ်။ ဝေဖန်သူတွေကတော့ ဓာတ်ပေါင်းဖို အမျိုးအစားအားလုံးမှာ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး လိုမျိုး နှစ်ရှည်လများ ကြာမြင့်နေတဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးပါဘူးလို့ တုန့်ပြန်ပြောဆိုနေကြပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: IAEA and TechSpot

Post a Comment

0 Comments