Subscribe Us

header ads

AMD နှင့် OpenAI တို့က AMD GPU 6 Gigawatts ဖြန့်ကျက်အသုံးပြုရန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ကြေညာ

Image: OpenAI

OpenAI နဲ့ AMD တို့ဟာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ကြေညာလိုက်ပါတယ်။ ဒီပူးပေါင်းမှုအရ AI ဒေတာစင်တာတွေမှာ AMD ရဲ့ ပရိုဆက်ဆာတွေနဲ့ လည်ပတ်သွားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ OpenAI က AMD ချစ်ပ်တွေ ၆ ဂစ်ဂါဝပ် စာလောက် ဝယ်ယူဖို့ ကတိပြုထားပြီး လာမယ့်နှစ်မှာ MI450 ချစ်ပ်တွေကို စတင်ဝယ်ယူမှာ ဖြစ်ပါတယ်။ ဒီဝယ်ယူမှုတွေကို AMD ကနေ တိုက်ရိုက်ဝယ်ယူတာ ဒါမှမဟုတ် Cloud Computing လုပ်ဖော်ကိုင်ဖက်တွေကတစ်ဆင့် ဝယ်ယူတာမျိုး လုပ်ဆောင်သွားမှာပါ။ AMD ရဲ့ CEO Dr. Lisa Su က ဒီသဘောတူညီချက်ဟာ လာမယ့် ငါးနှစ်အတွင်း AMD အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ဝင်ငွေရရှိစေလိမ့်မယ်လို့ The Wall Street Journal (WSJ) ကို ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီနှစ်ခုဟာ ငွေကြေးဆိုင်ရာ အတိအကျ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့တာမရှိပေမဲ့ AMD ဘက်ကတော့ "ဂစ်ဂါဝပ် တစ်ခုချင်းစီ" ဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိတယ်လို့ အလေးထား ပြောကြားခဲ့တာကြောင့် ဒီသဘောတူညီချက်ဟာ ဒေါ်လာ ဘီလီယံ ၆၀ အထက်အထိ တန်ဖိုးရှိနိုင်တယ်လို့ ယူဆရပါတယ်။

အပြန်အလှန်အနေနဲ့ OpenAI အနေနဲ့ ရည်မှန်းချက်တွေ ပြည့်မီခဲ့ရင် AMDဘက်က အဆင့်လိုက် ပေးအပ်သွားမယ့် AMD ရှယ်ယာ သန်း ၁၆၀ အထိ ရယူပိုင်ဆိုင်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ AMD ရဲ့ ရှယ်ယာ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း နီးပါးဖြစ်ပြီး ရှယ်ယာတစ်စုကို $0.01 နှုန်းနဲ့ ဖြစ်ပါတယ်။ AMD ရဲ့ ရှယ်ယာဈေးတက်လာမှသာ ဒီရယူပိုင်ခွင့်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပေမဲ့ အသေးစိတ်အချက်အလက်တွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီသဘောတူညီချက်ဟာ AMD အတွက် ကြီးမားတဲ့ အောင်ပွဲ လို့ဆိုနိုင်ပြီး ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ Nvidia နဲ့ Intel တို့ရဲ့ သဘောတူညီချက်နဲ့ အပြိုင်လို့ဆိုနိုင်ပါတယ်။ Nvidia နဲ့ Intel တို့ရဲ့သဘောတူညီချက်မှာဆိုရင် Nvidia graphics ပါဝင်တဲ့ Intel x86 RTX SOC တွေသာမက Nvidia ဒေတာစင်တာတွေအတွက် သီးသန့် x86 ပရိုဆက်ဆာတွေကို ဖန်တီးမှာဖြစ်ပါတယ်။ Nvidia ကလည်း ဒီသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Intel ရှယ်ယာ ဒေါ်လာ ၅ ဘီလီယံ ရရှိခဲ့ပါတယ်။

OpenAI ဟာ မြင့်တက်လာနေတဲ့ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် AMD ရဲ့ ချစ်ပ်တွေကို inference ပိုင်းမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ "ဒီကိစ္စ ဘယ်လောက်ခက်ခဲလာပြီလဲဆိုတာကို ချဲ့ကားပြောဖို့တောင် ခက်ခဲပါတယ်... ကျွန်တော်တို့က အရမ်းကိုမြန်ချင်တယ် ဒါပေမဲ့ အချိန်နည်နည်းတော့ပေးဖို့လိုပါတယ်" လို့ OpenAI ရဲ့ CEO ဖြစ်သူ Sam Altman က WSJ ကို ပြောကြားခဲ့ပါတယ်။

AMD ရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအို Dr. Lisa Su ကလည်း "AI compute ပိုင်းကို ကြီးမားလှတဲ့ ပမာဏပေးအပ်နိုင်ဖို့ OpenAI နဲ့ လက်တွဲရတာ စိတ်လှုပ်ရှားမိပါတယ်၊ ဒီပူးပေါင်းမှုက AMD နဲ့ OpenAI တို့ရဲ့ အကောင်းဆုံးအရာတွေကို ပေါင်းစပ်ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးကျယ်ဆုံး AI တည်ဆောက်ရေးနဲ့ AI ဂေဟစနစ်တစ်ခုလုံးကိုပါ တိုးတက်ကောင်းမွန်လာစေမှာပါ။ ၂ဘက်စလုံးအတွက်လည်း လုံးဝအကျိုးရှိစေတဲ့ သဘောတူညီချက်ပါ" လို့ ဆိုပါတယ်။

ပထမဆုံးအနေနဲ့ ၂၀၂၆ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ MI450 ချစ်ပ်တွေကို ၁ ဂစ်ဂါဝပ်ဖိုးလောက်  စတင်မှာယူဖို့ စီစဉ်နေပါတယ်။ Sam Altman က AI တည်ဆောက်မှုဟာ လုပ်ငန်းတစ်ခုလုံး စုစည်းပြီး လူတိုင်း အင်မတန် အကျိုးရှိစေမဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ ပြောကြားခဲ့ပြီး ချစ်ပ်တွေနဲ့ ဒေတာစင်တာတွေသာမက ထောက်ပံ့ရေးကွင်းဆက် တစ်ခုလုံးကိုပါ အကျိုးရှိစေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

OpenAI ဟာ Nvidia နဲ့လည်း ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးရှိတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီး Nvidia ရဲ့ ရင်းနှီးမြှုပ်နှံမှုကို AI ဒေတာစင်တာ ၁၀ ဂစ်ဂါဝပ် ဖိုး ဖြန့်ကျက်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ Nvidia နဲ့ သဘောတူညီချက်ကို အပြီးသတ်နိုင်ခြင်း မရှိသေးပေမယ့်၊ AMD နဲ့ OpenAI တို့ရဲ့ ဒီသဘောတူညီချက်ကတော့ ပြတ်သားပြီး စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်တွေကိုလည်း ချက်ချင်း တင်သွင်းဖို့ စီစဉ်ထားကြောင်း သတင်းတွေက ဆိုပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: Tom's Hardware

Post a Comment

0 Comments