![]() |
Image: Qualcomm |
AI ဈေးကွက်ထဲက နောက်ဆုံးကစားကွက်တွေကြောင့် ကုမ္ပဏီအချင်းချင်း ရင်းနှီးမြှုပ်နှံမှုတွေ၊ တိုက်ရိုက်ဝယ်ယူမှုတွေ အမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။ အရောင်းအဝယ်အများစုကတော့ ကြိုတင် ခန့်မှန်းလို့ရပေမဲ့ တစ်ခါတစ်ရံမှာတော့ ဘယ်သူမှမထင်မှတ်ထားတဲ့ သဘောတူညီချက်မျိုးတွေလည်း ထွက်ပေါ်လာတတ်ပါတယ်။ အခုလည်း မိုဘိုင်းချစ်ပ်ထုတ်လုပ်ရေး နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Qualcomm ဟာ microcontroller ဖန်တီးသူ Arduino ကုမ္ပဏီ ကို ဈေးနှုန်းထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒီဝယ်ယူမှုနဲ့အတူ Qualcomm ဟာ Arduino Uno Q board အသစ်နဲ့ Arduino App Lab IDE software အသစ်ကိုလည်း ကြေညာခဲ့ပါတယ်။
ဒီဝယ်ယူမှုက သူတို့ကို "full-stack edge platform" တစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ Qualcomm က ဆိုပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Arduino microcontroller တွေကို hardware အပိုင်းအဖြစ် အသုံးပြုပြီး စက်ပစ္စည်းများပေါ်မှာ တိုက်ရိုက်အလုပ်လုပ်တဲ့ AI ကို ဖန်တီးဖို့ဖြစ်ပါတယ်။ Qualcomm ရဲ့ အဆိုအရ ဒီဝယ်ယူမှုက သူတို့ရဲ့ IoT AI platform ဖြစ်တဲ့ Edge Impulse နဲ့ IoT DevOps provider ဖြစ်တဲ့ Foundries.io တို့ကို ဝယ်ယူခဲ့မှုတွေနဲ့ ကောင်းစွာကိုက်ညီမယ်လို့ပြောဆိုခဲ့တာကြောင့် ဒီဝယ်ယူမှုက အတိုင်းအတာတစ်ခုအထိ အဓိပ္ပာယ်ရှိပါတယ်။
Arduino ဟာ ၂၀၀၀ ပြည့်နှစ်အလယ်ပိုင်းမှာ စတင်တည်ထောင်ခဲ့ချိန်ကတည်းက open-source hardware နဲ့ software ဒီဇိုင်းတွေကြောင့် တန်ဖိုးသင့် microcontroller တစ်ခုလိုချင်သူတိုင်းအတွက် အဓိကရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီပစ္စည်းတွေက ပုံစံတူကူးချထားတဲ့ clone တွေထောင်ချီပြီး မွေးထုတ်ပေးခဲ့သလို၊ လူသစ်တွေအတွက် အသုံးပြုရလွယ်ကူစေတဲ့ ကြီးမားတဲ့ community တစ်ခုကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Arduino နဲ့ Raspberry Pi ကြားက အဓိကကွာခြားချက်ကတော့ Arduino က microcontroller အခြေခံထားပြီး Raspberry Pi ကတော့ micro-computer ဖြစ်တာပါပဲ။ ဒါပေမဲ့ Raspberry Pi ကလည်း သူတို့ရဲ့ ကိုယ်ပိုင် RP2040 နဲ့ RP2350 custom silicon တွေသုံးထားတဲ့ Raspberry Pi Pico နဲ့အတူ microcontroller လောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
Qualcomm က Arduino ကို ဝယ်ယူခဲ့ချိန်မှာ ဝါသနာရှင်အများစုရဲ့ စိတ်ထဲမှာ ချက်ချင်းပေါ်လာမဲ့ မေးခွန်းတစ်ခုက ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုက ပိုင်ဆိုင်သွားတဲ့ Arduino ရဲ့ အနာဂတ် ဘာဖြစ်မလဲ ဆိုတာပါပဲ။ Qualcomm ဘက်ကတော့ Arduino ဟာ "သူ့ရဲ့ open approach နဲ့ community spirit ကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး" "သူ့ရဲ့ သီးခြား brand၊ tool တွေနဲ့ ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းထားမယ်" လို့ အခိုင်အမာ ပြောကြားထားပါတယ်။
ဒီပြောစကားက အပေါ်ယံမှာတော့ ကောင်းမွန်ပုံရပေမဲ့ နာမည်ကောင်းရော နာမည်ဆိုးပါ ကျော်ကြားတဲ့ Qualcomm ရဲ့ ဥပဒေအဖွဲ့က ဈေးကွက်ထဲမှာရှိနေတဲ့ Arduino clone တွေကို မနှစ်မြို့တာမျိုး ဖြစ်လာနိုင်ပါတယ်။ ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင် Open-Source ဖြစ်တဲ့ Arduino ecosystem ဟာ အခမဲ့လွတ်လပ်စွာပါဝင်ဖန်တီးနိုင်တဲ့ နေရာတစ်ခုဖြစ်ပြီး Qualcomm ဘက်က မဖြစ်မနေ ထုတ်ကုန်တွေကို မှတ်ပုံတင်ခိုင်းတာမျိုး ဒါမှမဟုတ် ပိုပြီးတင်းကျပ်တဲ့ လိုင်စင်စည်းကမ်းတွေလိုမျိုး အတားအဆီးတစ်ခုခု ထပ်ထည့်လိုက်မယ်ဆိုရင်တော့ ဒီ project တစ်ခုလုံးကို အေးစက်သွားစေနိုင်ပါတယ်။
Arduino ပစ္စည်းတွေကိုယ်တိုင် နဲ့ သူတို့ရဲ့ clone တွေက နေရာတိုင်းမှာရှိနေပြီး အီလက်ထရွန်နစ် အစိတ်အပိုင်းတွေရောင်းတဲ့ နေရာတိုင်းလိုလိုနဲ့ ကုန်တိုက်ကြီးတွေမှာတောင် ရှာတွေ့နိုင်ပါတယ်။ supply chain ကို တင်းကျပ်လိုက်တာမျိုး ဒါမှမဟုတ် ဦးစားပေးရောင်းချသူတွေ သတ်မှတ်လိုက်တာမျိုးကလည်း အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Qualcomm ရဲ့ နည်းပညာနဲ့ အရင်းအမြစ်တွေကို ချက်ချင်းလက်ငင်းတိုက်ရိုက်ရယူသုံးစွဲခွင့်ရတာက Arduino အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ Chip တွေနဲ့ ဒီဇိုင်းတွေကို ရယူရတာ အများကြီးပိုလွယ်ကူလာသင့်ပြီး Qualcomm ရဲ့ အစိတ်အပိုင်းတွေ ဝယ်ယူနိုင်စွမ်းက Arduino ပစ္စည်းတွေကို ပိုပြီးတောင် ဈေးသက်သာလာစေတာ ဒါမှမဟုတ် စွမ်းဆောင်ရည်ပိုကောင်းလာစေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
Arduino Uno Q အသစ်နဲ့ပတ်သက်လို့တော့ သူက Debian Linux ကို run နိုင်တဲ့ Qualcomm DragonWing QRB2210 CPU နဲ့ STM32U585 microcontroller ကို ပေါင်းစပ်ထားပါတယ်။ ဒါက Arduino App Lab အသစ် (Real-time OS, Linux, နဲ့ Python အတွက် IDE) နဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်တဲ့ ပထမဆုံး Arduino ထုတ်ကုန်ဖြစ်ပါတယ်။
Arduino Uno Q ဟာ ဈေးနှုန်းပိုင်းအရတော့ ကျိုးကြောင်းဆီလျော်မှုရှိနိုင်ပေမယ့် Raspberry Pi ရဲ့ နေရာကို တိုးဝင်နေပြီလို့ဆိုနိုင်ပါတယ်။ Uno Q မှာ version နှစ်မျိုးရှိပါတယ်။ တစ်မျိုးက 2 GB RAM နဲ့ 16 GB eMMC storage ပါဝင်ပြီး $44 ဒါမှမဟုတ် 39€ ကျသင့်မှာဖြစ်ကာ ဒီနေ့ကစပြီး pre-order တင်နိုင်ပြီဖြစ်ကာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ 4 GB memory နဲ့ 32 GB storage ပါပြီး $59 ဒါမှမဟုတ် 53€ ကျသင့်မှာပါ။ အကယ်၍ သင်က ပိုမြင့်တဲ့ model ကို သဘောကျတယ်ဆိုရင်တော့ နိုဝင်ဘာလမှာ မှာယူနိုင်မှာဖြစ်ပြီး နှစ်ကုန်ပိုင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Qualcomm အနေနဲ့ Arduino ecosystem မှာ ဆက်လက်ရင်းနှီးမြှုပ်နှံပြီး သူ့ရဲ့ open spirit ကို ဆက်လက်ထိန်းသိမ်းသွားပါစေလို့ မျှော်လင့်မိပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Tom's Hardware
0 Comments