![]() |
Image: Intel |
Intel ဟာ ယခုအခါမှာ သူတို့ရဲ့ XeSS နည်းပညာမှာ XeSS Multi-Frame Generation ကို ထပ်မံထည့်သွင်းပြီး အဆင့်မြှင့်တင်လိုက်ပါတယ်။ ဒါကြောင့် Intel အနေနဲ့ ဒီလို Multi-Frame Generation ကိုထုတ်ဖော်ပြသလိုက်နိုင်တာမို့ AMD ရဲ့ FSR ကို ကျော်ဖြတ်ကာ Nvidia ရဲ့ DLSS နည်းပညာနဲ့ ရင်ပေါင်တန်းနိုင်သွားပြီလို့ဆိုနိုင်ပါတယ်။ ဒီနည်းပညာအသစ်ကြောင့် သမားရိုးကျ rendered frame တိုင်းအတွက် frameအတု ၃ခုအထိ ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး framerate ကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
![]() |
Image: Intel |
ဒီလိုပြောင်းလဲမှုနဲ့အတူ Intel ဟာ ၎င်းရဲ့ XeSS 2 နည်းပညာရဲ့ အဓိက မဏ္ဍိုင်သုံးခုထဲက တစ်ခုကို အဆင့်မြှင့်လိုက်တာပါ။ အခုဆိုရင် XeSS မှာ 2x၊ 3x၊ နဲ့ 4x Frame Generation ရွေးချယ်စရာတွေ ရှိလာပါပြီ။ ပိုကောင်းတာကတော့ ဒီစွမ်းဆောင်ချက်ကို Frame Generation ကို အထောက်အပံ့ပေးနေတဲ့ Intel GPUs အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် XeSS 3 ကို မကြာခင် တွေ့မြင်ရတော့မှာပါ။
သမားရိုးကျ ဂိမ်း Rendering ပြုလုပ်ခြင်း
XeSS နည်းပညာကို နားလည်ဖို့အတွက် ပထမဆုံး သမားရိုးကျနည်းလမ်းနဲ့ Render လုပ်တဲ့ frame တွေကို လေ့လာကြည့်ရအောင်။ ဒီ frame တွေကို သုံးစွဲသူရဲ့ မော်နီတာရဲ့ native resolution မှာ render လုပ်တာ ဖြစ်ပြီး FP နဲ့ INT instructions တွေအပြင် GPU ရဲ့ Geometry Pipeline တွေကိုပါ အသုံးပြုရပါတယ်။ ဒါကြောင့်မို့ ရုပ်ထွက် ပိုမြင့်လာလေ render လုပ်ရတဲ့ အချိန်ပိုကြာမြင့်လေ ဖြစ်ပြီး GPU စွမ်းအား ပိုမိုလိုအပ်ပါတယ်။
![]() |
Image: Intel |
XeSS Super Resolution နှင့် Frame Generation
XeSS Super Resolution နည်းပညာကို သုံးမယ်ဆိုရင်တော့ ဂိမ်းတွေကို native resolution ထက် ပိုနိမ့်တဲ့ resolution မှာ render လုပ်ပြီးမှ လိုချင်တဲ့ resolution ကို upscale လုပ်လိုက်တာပါ။ ဒါက render လုပ်ဖို့အတွက် အချိန်ယူရတဲ့ လုပ်ငန်းတာဝန်တွေကို သိသိသာသာ လျော့ကျစေပါတယ်။ Super Resolution နည်းပညာနဲ့ frameတွေကို upscale လုပ်ဖို့ အချိန်ယူရတယ်ဆိုပေမဲ့ ပိုမိုနိမ့်ပါးတဲ့ resolution ကြောင့် ပုံမှန် render လုပ်ရတဲ့ အချိန်ထက် အများကြီး ပိုတိုသွားပါတယ်။ သိထားဖို့က XeSS Super Resolution က TAA ကို အစားထိုးမှာဖြစ်ပါတယ်။
အောက်ကပုံကိုကြည့်မယ်ဆိုရင် XeSS Super Resolution က ဘယ်လောက်အထိ အချိန်တိုတောင်းသွားစေလဲဆိုတာသိနိုင်ပါတယ်။
![]() |
Image: Intel |
Frame Generation ကို သုံးလိုက်တဲ့အခါ frametime chart မှာ XeSS-FG လို့ခေါ်တဲ့ အပိုင်းအသစ် ပေါ်လာပါတယ်။ ဒီထပ်ပေါင်းလိုက်တဲ့ အချိန်အတွင်းမှာ ဂိမ်းရဲ့ frameအသစ်နဲ့ frame အဟောင်းကြားမှာ frameအတုတစ်ခုကို ဖန်တီးထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းကစားရာမှာ ပိုပြီး ချောမွေ့ သွားစေပါတယ်။
![]() |
Image: Intel |
ဒီလို frameအတု ဖန်တီးရတဲ့အတွက် အချိန်ယူရပေမဲ့ frameတစ်ခု ပိုထည့်ပေးလိုက်တဲ့ အကျိုးကျေးဇူးက ဖန်တီးရတဲ့ အချိန်ထက် ပိုပြီး အကျိုးရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် XeSS Super Resolution နဲ့ Frame Generation ကို ပေါင်းလိုက်တဲ့အခါ သမားရိုးကျနည်းလမ်းနဲ့ frameတစ်ခု ဖန်တီးရတဲ့ အချိန်ထက် ပိုမိုတိုတောင်းတဲ့ အချိန်အတွင်းမှာ frameနှစ်ခု အထိ ရရှိနိုင်တာကို တွေ့ရပါတယ်။
XeSS Multi-Frame Generation (XeSS-MFG)
![]() |
Image: Intel |
XeSS Multi-Frame Generation (XeSS-MFG) ကတော့ အပေါ်က ဇယားမှာ ပြထားတဲ့ ပုံမှန် Frame Generation အပိုင်းကို ယူပြီး frameအတု ၁ခုအစား ၃ခုအထိ ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါကို XeSS မပါတဲ့ Intel ရဲ့ "native" frameနဲ့ နှိုင်းယှဉ်ကြည့်ရင် XeSS MFG ကို သုံးတဲ့ ဂိမ်းကစားသူတွေဟာ သမားရိုးကျနည်းနဲ့ frameတစ်ခု render လုပ်ရတဲ့ အချိန်ထက် ပိုတိုတဲ့ အချိန်အတွင်းမှာ frame ၄ခု အထိ ရရှိနိုင်တော့မှာပါ။ ဒါဟာ XeSS 3 ရဲ့ စွမ်းပကားပဲ ဖြစ်ပါတယ်။
Intel ဂရပ်ဖစ်ဆော့ဖ်ဝဲတွင် Frame Generation Override ထည့်သွင်းလာမည်
Intel ဟာ ၎င်းရဲ့ Intel Gaming Software အက်ပလီကေးရှင်းမှာ Frame Generation Override စွမ်းဆောင်ချက်ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းကို သုံးပြီး Intel GPU အသုံးပြုသူတွေဟာ XeSS 2 ဂိမ်းတွေရဲ့ frame generationကို ကျော်လွှားပြီး XeSS 3x နဲ့ 4x Frame Generation ကို ဖွင့်နိုင်မှာပါ။ ဆိုလိုတာက XeSS 3 စတင်မိတ်ဆက်တဲ့ အချိန်မှာ override ကို အသုံးပြုပြီး အထောက်အပံ့ပေးနိုင်တဲ့ ဂိမ်းတွေအများအပြား ရှိလာတော့မှာ ဖြစ်ပါတယ်။
![]() |
Image: Intel |
Intel က ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြသနေတာကတော့ XeSS ဟာ နောက်ကျကျန်နေမှာ မဟုတ်ဘူးဆိုတာပါပဲ။ XeSS 3 ရောက်ရှိလာတော့မှာ ဖြစ်ပြီး၊ ၎င်းရဲ့ Multi-Frame Generation စွမ်းဆောင်ချက်ကြောင့် AMD FSR ထက် ပိုမိုသာလွန်ကာ Nvidia DLSS ကိုပါ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ကို ရောက်ရှိလာတော့မှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် Intel ရဲ့ GPU ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေဟာ နှေးကွေးမနေဘူးဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Intel and OC3D
0 Comments