Subscribe Us

header ads

အပန်းဖြေပန်းခြံအတွက် လယ်သမားတစ်ဦး လှူခဲ့သည့် မြေကို မြို့တော်က Data Center တည်ဆောက်ရန် ပြန်လည်ရောင်းချ

Image: City of Taylor, Texas via Tom's Hardware

၁၉၉၉ ခုနှစ်တုန်းက လယ်သမားတစ်ဦးဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ တေလာမြို့မှာရှိတဲ့ မြေဧက ၈၇ ဧကကို လူထုအပန်းဖြေပန်းခြံအဖြစ် အသုံးပြုဖို့ဆိုတဲ့ ကတိကဝတ်စာချုပ်နဲ့ မြို့တော်ဆီကို ၁၀ ဒေါ်လာတည်းနဲ့ လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ အဲဒီမြေကို Data Center တည်ဆောက်မယ့် ကုမ္ပဏီတစ်ခုဆီ ဒေါ်လာ ၁၀ သန်းနဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒီအကြီးစား ဆောက်လုပ်ရေးစီမံကိန်းကို တားဆီးဖို့ ကြိုးစားနေတဲ့ အနီးအနားက ဒေသခံတွေနဲ့ တရားရင်ဆိုင်ရာမှာလည်း အဆိုပါ Data Center ကုမ္ပဏီက တရားရုံးမှာ အနိုင်ရရှိခဲ့တယ်လို့ 404 Media က ဖော်ပြထားပါတယ်။ အခုအခါမှာတော့ မကျေမနပ်ဖြစ်နေတဲ့ ဒေသခံတွေက ဒီအမှုကို အယူခံတရားရုံးအထိ ဆက်လက်တင်ပြဖို့ ပြင်ဆင်နေကြပါတယ်။

ဒီအကြောင်းကို သေချာနားလည်ဖို့ ၁၀ ဒေါ်လာတန် မြေကတိကဝတ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ၁၉၉၉ ခုနှစ်ဆီကို ပြန်သွားကြည့်ရအောင်။ 404 Media က ဒီမြေနေရာမှာ ငယ်ငယ်ကတည်းက ဆော့ကစားခဲ့ပြီး မိမိကလေးတွေကိုလည်း ဒီမြေပေါ်မှာပဲ လွတ်လပ်စွာ ကြီးပြင်းစေခဲ့တဲ့ ဒေသခံဖြစ်သူ ပရိုမီလာ ဂရစ်ဖင် ကို မေးမြန်းခဲ့ပါတယ်။ ဂရစ်ဖင်ရဲ့ ပြောပြချက်အရ မြေပိုင်ရှင်လယ်သမားကြီး မစ္စတာ ဘလန်း ဟာ သူမရဲ့ ဖခင်နဲ့ မကြာခဏ စကားပြောလေ့ရှိပြီး တစ်ခါက "ဒီအရပ်က ကလေးတွေခမျာ ကစားစရာနေရာ မရှိရှာဘူး၊ ဒါကြောင့် သူတို့ကစားဖို့ နေရာရအောင် ဒီမြေကို ပန်းခြံလုပ်ဖို့ လှူလိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်" လို့ ပြောခဲ့ဖူးကြောင်း ပြန်ပြောင်းပြောပြပါတယ်။ ၁၉၉၉ ခုနှစ် ဇူလိုင်လက ချုပ်ဆိုခဲ့တဲ့ မူရင်းစာချုပ်ကို ပြန်လည်တူးဖော်ကြည့်တဲ့အခါမှာလည်း လယ်သမားကြီးဟာ သူပြောခဲ့တဲ့အတိုင်း တကယ်ပဲ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ 

ဒီဖြစ်စဉ်တစ်ခုလုံးကို အချိန်ကာလအလိုက် အကျဉ်းချုံးကြည့်မယ်ဆိုရင် ၁၉၉၉ ခုနှစ်မတိုင်ခင်မှာ လယ်သမားကြီးက အိမ်နီးနားချင်းတွေကို ကတိပေးခဲ့ပြီး၊ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ပန်းခြံအဖြစ် သုံးရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ အများပြည်သူဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Texas Parks and Recreation Foundation ဆီကို ၁၀ ဒေါ်လာနဲ့ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၃ ခုနှစ်မှာ အဆိုပါအဖွဲ့က Williamson County Park Foundation ဆိုတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဆီ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး၊ တစ်လအကြာမှာတော့ အဲဒီအဖွဲ့က တေလာမြို့တော်အစိုးရဆီ မြေကို လွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ တေလာမြို့တော်ဟာ ဒီမြေကို တေလာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း (TEDC) ဆီ ဒေါ်လာ ၁၅,၀၀၀ နဲ့ ရောင်းချခဲ့ပြီး နောက်ဆုံး ၂၀၂၅ ခုနှစ်မှာတော့ TEDC ကနေ Blueprint လို့ခေါ်တဲ့ ဒေတာစင်တာ တည်ဆောက်သူတွေဆီ ဒေါ်လာ ၁၀ သန်းနဲ့ ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးမှာလည်း အရှုံးအမြတ်တွေ အများကြီး ရှိနေပါတယ်။ အနှစ်ချုပ်ပြောရရင် ဒေသခံတွေအနေနဲ့ သူတို့ရဲ့ အိမ်နောက်ဖေးနားမှာ Data Center ကြီး ပေါ်လာတာကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် တက္ကဆက်ပြည်နယ်မှာ အလွန်အရေးပါတဲ့ မူလလှူဒါန်းစဉ်က ကတိကဝတ်စာချုပ်ကို မျက်ကွယ်ပြုလိုက်တဲ့ အခြေခံမူပိုင်းဆိုင်ရာ ပြဿနာလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း မြို့တော်ကောင်စီက ဒီမြေနေရာဟာ လုပ်ငန်းသုံးဇုန်အဖြစ် သတ်မှတ်ထားပြီးသားဖြစ်လို့ ဒီလိုဖွံ့ဖြိုးရေးလုပ်ငန်းကို တားဆီးဖို့ သူတို့မှာ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ ဒီကနေ ရရှိလာမယ့် အခွန်ငွေ သန်းပေါင်းများစွာဟာ ဒေသခံတွေအတွက် ပြန်လည်အကျိုးပြုလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။

ဂရစ်ဖင်အနေနဲ့ ဒီမြေပေါ်မှာ စတုရန်းပေ ၁၃၅,၀၀၀ ကျယ်ဝန်းတဲ့ Data Center ကြီး ဆောက်လုပ်ဖို့ ပြင်ဆင်နေတာကို ၂၀၂၅ ခုနှစ်မှာ ဒေသခံလှုပ်ရှားသူတွေက လိုက်လံအသိပေးတဲ့အခါမှသာ စတင်သိရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက သူမဟာ Data Center ဆိုတာ ဘာလဲဆိုတာတောင် မသိခဲ့ပါဘူး။ သူမရဲ့ မိသားစုနဲ့အတူ အင်တာနက်မှာ ရှာဖွေကြည့်ပြီးတဲ့နောက်မှာတော့ ကိုယ့်အိမ်ရှေ့နားမှာ ဒီလိုအဆောက်အအုံကြီး လာဆောက်မယ့် အယူအဆကို လုံးဝသဘောမကျတော့ပါဘူး။

သူမအပါအဝင် ဒေသခံတွေဟာ လေထု၊ ရေထု၊ လျှပ်စစ်မီးနဲ့ ဆူညံသံတွေကြောင့် ဖြစ်လာမယ့် သက်ရောက်မှုတွေကို စိုးရိမ်နေကြပါတယ်။ မြို့တော်ကောင်စီနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အနီးနားမှာရှိတဲ့ လူနေအိမ်တွေအတွက် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း အာမခံထားပါတယ်။ အကာအရံတံတိုင်း ခတ်ပေးတာ၊ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးပေးတာ၊ ရေကို အလုံပိတ်စနစ်နဲ့ အအေးခံတာနဲ့ ကုမ္ပဏီပိုင် လျှပ်စစ်ဓာတ်အားခွဲရုံ သီးသန့်တည်ဆောက်တာ စတဲ့ ထိခိုက်မှုသက်သာလျော့ပါးစေမယ့် နည်းလမ်းတွေကို ပြောဆိုထားပါတယ်။

အထက်ပါ အကြောင်းရင်းတွေကြောင့် လူတွေဟာ Data Center အနီးမှာ မနေချင်ကြသလို၊ ဒါဟာ အနီးနားက အိမ်တွေရဲ့ ပြန်လည်ရောင်းချမယ့် ဈေးနှုန်းတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါပေမဲ့ မြို့တော်ကောင်စီကတော့ ရှေ့လာမယ့် ဆယ်စုနှစ်အတွင်းမှာ အခွန်ငွေ ဒေါ်လာ သန်း ၃၀ အပိုရရှိမှာဖြစ်လို့ ဒီဒေသအတွက် အကောင်းဘက်က ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ဒေါ်လာ ၂၀ သန်းကိုလည်း စာသင်ကျောင်းတွေအတွက် သီးသန့်ဖယ်ထားပေးမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကောင်စီဟာ ဒီ Data Center တည်ဆောက်မှုကို တားဆီးဖို့ သူတို့မှာ အာဏာမရှိဘူးဆိုတဲ့ အခြေအနေကိုလည်း ကောင်စီရဲ့ ဝဘ်ဆိုက် မေးခွန်းနဲ့အဖြေ ကဏ္ဍမှာ ရှင်းလင်းထားပါတယ်။ 404 Media ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မြို့တော်အစိုးရအနေနဲ့ ဒီစီမံကိန်းကို လမ်းကြောင်းပြောင်းလဲဖို့ အာဏာမရှိတာဟာ အဆိုပါမြေနေရာရဲ့ ရှိပြီးသား ဇုန်သတ်မှတ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ မြို့တော်အနေနဲ့ အဆောက်အအုံရဲ့ ပုံသဏ္ဌာန်ပိုင်းကိုသာ ကန့်သတ်နိုင်ပြီး ဘာလုပ်ငန်းသုံးမလဲဆိုတဲ့ လုပ်ဆောင်ချက်ပိုင်းကိုတော့ ကန့်သတ်လို့မရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဒီဆောက်လုပ်ရေးကုမ္ပဏီဟာ မြို့တော်အစိုးရဆီကနေ စီမံကိန်းနဲ့ ဆောက်လုပ်ရေးဆိုင်ရာ တရားဝင်ခွင့်ပြုမိန့်တွေကိုတော့ မရရှိသေးပါဘူး။

မြို့တော်ကောင်စီဘက်က ကျေနပ်လောက်တဲ့ တုံ့ပြန်ဖြေရှင်းမှုမျိုး မရှိခဲ့တဲ့အတွက် ဂရစ်ဖင်နဲ့ သူမရဲ့ မိသားစုဟာ ရှေ့နေတစ်ဦးကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိတော့ တရားရင်ဆိုင်မှုတွေက Blueprint ကုမ္ပဏီဘက်ကိုသာ အသာစီးရစေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂရစ်ဖင်နဲ့ သူမရဲ့ မိသားစုဝင်တွေဟာ လက်လျှော့မှာမဟုတ်ဘဲ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ တတိယမြောက် အယူခံတရားရုံးဆီကို အယူခံလွှာ ဆက်လက်တင်သွင်းနေကြပြီ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်မှာ မြေယာကတိကဝတ် စာချုပ်စာတမ်းတွေဟာ ဥပဒေကြောင်းအရ အလွန်အာဏာစက်ပြင်းထန်တဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။ ဒီဒေတာစင်တာစီမံကိန်းကို ကန့်ကွက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ မူရင်းစာချုပ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပြီး အဲဒီစာချုပ်ကိုလည်း 404 Media ဝဘ်ဆိုက်ပေါ်မှာ မျှဝေထားပါတယ်။ အဆိုပါ တရားဝင်စာချုပ်ထဲမှာ အဲဒီမြေ ၈၇.၉၇ ဧကကို "နောင်အနာဂတ်မှာ ပန်းခြံအဖြစ် အသုံးပြုရန်အတွက် ယုံကြည်အပ်နှံမှုအဖြစ် ထိန်းသိမ်းထားရမည်" လို့ အတိအလင်း စည်းကမ်းသတ်မှတ်ထားတာကို အားလုံးက မျက်ဝါးထင်ထင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဂရစ်ဖင်အနေနဲ့ ဒီတရားရင်ဆိုင်မှုကို ဆက်လက်ဆွဲကိုင်ထားဖို့ ဆုံးဖြတ်ရတဲ့ အဓိကအချက်ကတော့ သူမရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့်ပါပဲ။ သူမက "ကျွန်မက Data Center တစ်ခုတည်းကိုပဲ ကန့်ကွက်ဖို့ တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူး၊ ဒီမြေဟာ ပန်းခြံလုပ်ဖို့အတွက် ကတိကဝတ်စာချုပ်နဲ့ လှူဒါန်းခဲ့တာဖြစ်လို့ ကျွန်မ တိုက်ပွဲဝင်နေတာပါ" လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ တက္ကဆက်ရဲ့ မြေယာစာချုပ်ပါ ကတိကဝတ်တွေကို လေးစားလိုက်နာရမှာဖြစ်ပြီး ဒီပတ်ဝန်းကျင်ကလူထုဟာ ပန်းခြံတစ်ခုကိုပဲ ပိုင်ဆိုင်ခွင့် ရရှိသင့်တယ်လို့ ဆိုပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: Tom's Hardware

Post a Comment

0 Comments