![]() |
| Image: Intel |
အခုချိန်မှာ လူတိုင်းက ဈေးနှုန်းသက်သာတဲ့ လက်တော့ပ် ဆိုရင် Windows လက်တော့ပ်တွေကိုသာညွှန်းလာခဲ့ရာကနေ Apple ရဲ့ MacBook Neo ကို ညွန်းလာကြပါတယ်။ အခုအခါမှာ Windows ဘက်ကလည်း စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းပုံစံကနေ စိတ်ကူးစိတ်သန်းရယူထားတဲ့ "Project Firefly" နဲ့အတူ လူသုံးအများဆုံး mainstream လက်တော့ပ်ဈေးကွက်ကို ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်နေပါပြီ။
ဒီ Project Firefly ရဲ့ ရည်မှန်းချက်ကတော့ အဆင့်မြင့် high-end လက်တော့ပ်တွေမှာပဲ တွေ့ရတတ်တဲ့ တစ်ကိုယ်လုံးကို သတ္တုနဲ့ပဲ တည်ဆောက်ထားတာမျိုးနဲ့ စက်ရဲ့ အောက်ခြေမှာ လေဝင်လေထွက်ပေါက်တွေမပါဘဲ ပြောင်ချောနေတာမျိုး စတဲ့ အင်္ဂါရပ်တွေကို ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ စက်ရဲ့ အတွင်းပိုင်းမှာတော့ Intel ရဲ့ Core Series 3 အုပ်စုဝင် "Wildcat Lake" လို့ခေါ်တဲ့ chip ကို အသုံးပြုထားတာဖြစ်ပြီး ဒီကောင်ကတော့ ကွန်ပျူတာတစ်လုံးလုံးရဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့အတွက် စက်ရုံထုတ်လုပ်မှုစရိတ် သက်သာအောင် Intel က အခြေခံကစလို့ ပြန်လည်ဖန်တီးထားတဲ့ chip ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Intel ဟာ PC အတွက်မဟုတ်ဘဲ ဖုန်းတွေမှာသုံးတဲ့ memory chip တွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ processor module တစ်ခုကိုပါ ထုတ်ဖော်ပြသခဲ့ပါတယ်။
တရုတ်နိုင်ငံက Intel ရဲ့ software နဲ့ client product အုပ်စုရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာ Sam Gao ကတော့ ဒါကို "လူသုံးအများဆုံး mainstream ဈေးကွက်ကို ပုံစံသစ်နဲ့ ပြန်လည်အသက်သွင်းခြင်း" လို့ ခေါ်ဆိုခဲ့ပါတယ်။ ဒီ Firefly လက်တော့ပ်တွေကို ကျောင်းသားတွေ၊ သာမန်သုံးစွဲသူတွေနဲ့ လုပ်ငန်းအသေးစား ပိုင်ရှင်တွေအတွက် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို စိတ်ကြိုက်ကိုင်တွယ်နိုင်ဖို့ ရည်ရွယ်ပုံထုတ်ထားတာ ဖြစ်ပါတယ်။
Sam Gao က "လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့အဖွဲ့သားအချို့ စုမိကြပြီး အဆင့်မြင့် premium လက်တော့ပ်တွေအတွက် ကောင်းမွန်တဲ့ ဖော်မြူလာတစ်ခု ရှိထားပြီးပြီလို့ တွေးမိခဲ့ကြကြောင်း၊ အဲဒီမှာတင် ပုံမှန် mainstream ဒီဇိုင်းတွေက ဘာဖြစ်သွားပြီလဲ၊ ဒီဈေးကွက်ကို ရွေးချယ်စရိတ် ဘယ်လောက်သက်သာမလဲဆိုတဲ့ အချက်တင်မကဘဲ ဘယ်လိုအတွေ့အကြုံမျိုး ရမလဲဆိုတဲ့ ရှုထောင့်အသစ်ကနေ ကြည့်ရင်ကော ဘာဖြစ်မလဲလို့ စဉ်းစားခဲ့ကြကြောင်း" ပြောပြခဲ့ပါတယ်။ ဒီစနစ်က ဘယ်လောက်အထိ ပါးလွှာနိုင်မလဲ၊ ဘယ်လောက်အထိ အသံတိတ်ဆိတ်နိုင်မလဲ၊ ဘက်ထရီသက်တမ်းကော ဘယ်လောက်ခံမလဲဆိုတာတွေကို ရှုထောင့်အသစ်ကနေ ချဉ်းကပ်ပြီး mainstream လောကကို ပုံစံအသစ်နဲ့ ပြန်လည်ဖန်တီးကြဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
![]() |
| Image: Intel |
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း Intel ဟာ premium လက်တော့ပ်တွေရဲ့ စံနှုန်းသစ်အဖြစ် "Project Athena" ကို မိတ်ဆက်ခဲ့ဖူးပြီး နောက်ပိုင်းမှာ အဲဒီပရောဂျက်ဟာ နာမည်ကျော် Evo အမှတ်တံဆိပ်ဖြစ်လာခဲ့ပါတယ်။ ဒါဟာ အရည်အသွေးမြင့် ထုတ်ကုန်တစ်ခု ဖြစ်ရုံတင်မကဘဲ လက်တော့ပ်ဒီဇိုင်နာတွေနဲ့ Intel အင်ဂျင်နီယာတွေကြား အနီးကပ်ပူးပေါင်းမှုကို ပြသတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အခု Project Firefly ကလည်း အဲဒီလို လမ်းကြောင်းအတိုင်း သွားမလားဆိုတာ မသေချာသေးပေမဲ့ သမိုင်းကြောင်းအရ ဖြစ်လာနိုင်ခြေ အများကြီး ရှိပါတယ်။
ထူးဆန်းတာတစ်ခုက Intel ဟာ ဒီ Wildcat Lake chip၊ Project Firefly နဲ့ လက်တော့ပ်ဈေးကွက်အပေါ် သက်ရောက်လာမယ့် အခြေအနေတွေကို အတတ်နိုင်ဆုံး ခပ်အေးအေးပဲ တုံ့ပြန်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ CES 2026 ပြပွဲတုန်းက Wildcat Lake စနစ်သုံး ကွန်ပျူတာတစ်လုံး ပြသခဲ့ဖူးသလို ပြီးခဲ့တဲ့ ဧပြီလမှာ ဒီ chip ကို တရားဝင် ထုတ်လုပ်ခဲ့ပေမဲ့ Core Ultra Series 3 (Panther Lake) ကိုပဲ အဓိက အမွှမ်းတင်ခဲ့တာမို့ Wildcat Lake ကိုတော့ လူသိရှင်ကြား သိပ်ပြီး မကြော်ငြာခဲ့ပါဘူး။ ဒါပေမဲ့လည်း Computex ပြပွဲမှာတော့ Intel ဘက်က သိပ်မပြောပေမဲ့ ကွန်ပျူတာထုတ်လုပ်တဲ့ လုပ်ငန်းတွေကတော့ ဒီ Wildcat Lake စနစ်သုံး စက်တွေကို ထုတ်ပြဖို့ အလွန်အားတက်သရော ရှိနေခဲ့ကြတယ်လို့ သိရပါတယ်။ အခုလောလောဆယ် Project Firefly အကြောင်း သိထားသမျှ အချက်အလက်အများစုကတော့ မကြာသေးခင်က Intel Technology channel က တင်ခဲ့တဲ့ ဗီဒီယိုတစ်ခုပေါ်မှာပဲ အခြေခံထားတာ ဖြစ်ပါတယ်။
Sam Gao ကတော့ Project Firefly ကို Apple ရဲ့ MacBook Neo ကို တန်ပြန်ဖို့ ထုတ်လုပ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ဒါကလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၅ ခုနှစ် အလယ်ပိုင်းလောက်ကတည်းက memory နဲ့ storage ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာခဲ့တာဖြစ်ပြီး Intel အနေနဲ့ ဒီအခြေအနေကို စောစောစီးစီး ရိပ်မိပြီး တုံ့ပြန်နိုင်တဲ့ အနေအထားမှာ ရှိနေခဲ့လို့ပါ။ Sam Gao ရဲ့ အဆိုအရ Project Firefly ပရောဂျက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး သုံးလဝန်းကျင်အကြာ ဇန်နဝါရီလ CES 2026 ပြပွဲမှာတင် ဒီစနစ်သုံး လက်တော့ပ်တွေ ဈေးကွက်ထဲ စတင်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။
ဒါဆိုရင် ဘာဖြစ်လို့ Wildcat Lake chip ကို သုံးရတာလဲဆိုတာနဲ့ ပတ်သက်ပြီး Intel ရဲ့ client products ဆိုင်ရာ အကြီးတန်းဒါရိုက်တာ Nish Neelalojanan က ရှင်းပြရာမှာ ဒီပရိုဆက်ဆာကို အစကတည်းက ဈေးသက်သာတဲ့ လက်တော့ပ်တွေအတွက် သီးသန့်ရည်ရွယ်ပြီး ပုံစံထုတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ chip မှာ performance core ၂ ခု၊ low-power efficiency core ၄ ခုနဲ့ embedded graphics core ၂ ခု ပါဝင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ Intel ဟာ ထုတ်လုပ်မှုမှာ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပေမဲ့ ကုန်ကျစရိတ်များစေတဲ့ "tiled" chip architecture ဗိသုကာကို အသုံးမပြုတော့ဘဲ ကုမ္ပဏီရဲ့ ကိုယ်ပိုင် 18A process နည်းပညာပေါ်မှာပဲ အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
![]() |
| Image: Intel |
ဒီ Wildcat Lake chip အတွက် Intel ဟာ သူတို့ရဲ့ Foveros interconnect စနစ်ကို စွန့်လွှတ်ပြီး UCIE interconnect နဲ့ အစားထိုးခဲ့သလို motherboard layer ကိုလည်း ၆ လွှာအထိ လျှော့ချပစ်ခဲ့ပါတယ်။ Neelalojanan က ကုန်ကျစရိတ် သက်သာစေဖို့အတွက် single-channel memory စနစ်ကိုတောင် သုံးနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။ ါတင်မကသေးဘဲ သုံးစွဲသူတွေ လက်လှမ်းမီတဲ့ အရောင်းဈေးကွက် ဈေးနှုန်းတစ်ခု ဖြစ်လာစေဖို့အတွက် ဒေတာ အလွန်အမင်း မြန်ဆန်တဲ့Thunderbolt စနစ်ရဲ့ နောက်ဆုံးဗားရှင်းက အစိတ်အပိုင်း အချို့ကိုပါ လိုအပ်သလို ဖြတ်တောက် လျှော့ချခဲ့တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
ဒါဆိုရင် Project Firefly လက်တော့ပ်တစ်လုံးထဲမှာ ဘာတွေ ပါဝင်လာမှာလဲဆိုတော့ Wildcat Lake chip က Firefly ရဲ့ နှလုံးသားဖြစ်နေမှာ မှန်ပေမဲ့ တကယ့် reference design ကိုတော့ တရုတ်နိုင်ငံရဲ့ နည်းပညာလုပ်ငန်းစုတွေနဲ့ ပူးပေါင်းပြီး ဖန်တီးခဲ့တာလို့ Neelalojanan က ပြောပါတယ်။ အဲဒီတရုတ်ကုမ္ပဏီတွေဟာ စမတ်ဖုန်းလောကမှာ ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး ချွေတာတဲ့နေရာမှာ အလွန်ကျွမ်းကျင်ကြတာမို့ Intel က အဲဒီနည်းလမ်းတွေကို Firefly ရဲ့ ဒီဇိုင်းပိုင်းမှာ အသုံးချခဲ့တာပါ။ Neelalojanan က ဒါကို နောင်တစ်ချိန် ကမ္ဘာတစ်ဝန်းမှာ ထပ်မံဆန်းသစ်တီထွင်မှုတွေ လုပ်ဖို့အတွက် အကောင်းဆုံး "ဖော်မြူလာ" တစ်ခုလို့ တင်စားခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ mainstream ကွန်ပျူတာဈေးကွက်အတွက် ပလက်ဖောင်းပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုကို စတင်ပေးလိုက်တာဖြစ်ပြီး နောင်မှာ ဒီလိုဒီဇိုင်းမျိုးစုံကို ပိုပြီး မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ Neelalojanan က ဆိုပါတယ်။
Intel ရဲ့ ဗီဒီယိုထဲမှာ Sam Gao ဟာ Intel ရဲ့ Firefly ဒီဇိုင်းနမူနာ နှစ်ခုကို ထုတ်ပြခဲ့ပြီး နှစ်ခုစလုံးက ခရမ်းနုရောင်ပေါ်မှာ "Intel Color" လို့ ကပ်ထားတာ ဖြစ်ပါတယ်။ တစ်ခုကတော့ ၁၂.၉ မီလီမီတာပဲ အထူရှိပြီး တစ်ကိုယ်လုံး သတ္တုနဲ့လုပ်ထားတဲ့အပြင် port မျိုးစုံလည်း ပါဝင်ပါတယ်။ လက်တော့ပ်အများစုမှာ ပါလေ့ရှိတဲ့ အောက်ခြေက လေဝင်လေထွက် ဇကာကွက်တွေကို ဖယ်ရှားလိုက်ပြီး ရှင်းလင်းပြောင်ချောတဲ့ သာယာလှပမှုကို ပေးစွမ်းထားတယ်လို့ Gao က ရှင်းပြပါတယ်။ ပြီးနောက် သူက အဲဒီလက်တော့ပ်ကိုယ်ထည်ကို လှုပ်ခါပြပြီး ဒါဟာ ဈေးနှုန်းသက်သာပေမဲ့ အပေါစားဆန်ဆန် ပျော့တိပျော့ဖတ်ဖြစ်မနေတဲ့ ပုံမှန် budget လက်တော့ပ်တွေထက် အများကြီး သာလွန်တဲ့အကြောင်း ပြသခဲ့ပါတယ်။
![]() |
| Image: Intel |
စက်ရဲ့အတွင်းပိုင်းမှာတော့ Gao ပြသခဲ့တဲ့ နမူနာဒီဇိုင်းဟာ ဂိမ်းမင်းလက်တော့ပ်အချို့မှာပဲ တွေ့ရတတ်တဲ့ copper heat piping စနစ်ကို သုံးထားပြီး ကုန်ကျစရိတ်သက်သာပြီး အအေးပေးစနစ် ပိုကောင်းအောင် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ကေဘယ်လ်ကြိုးသွယ်တန်းမှု စနစ်တွေကိုလည်း ပိုပြီးစံနှုန်းမီအောင် လုပ်ထားလို့ ကုန်ကျစရိတ်ကို လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Firefly လက်တော့ပ်တွေဟာ စမတ်ဖုန်းတွေမှာ သုံးလေ့ရှိတဲ့ codecs တွေကို PC ပေါ်မှာ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ပေါင်းစပ်ပေးထားဦးမှာ ဖြစ်ပါတယ်။
နည်းပညာပိုင်းအရ အဆန်းဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အပြောင်းအလဲကတော့ မြင့်တက်လာတဲ့ ကွန်ပျူတာ RAM memory ဈေးနှုန်းပြဿနာကို ဖြေရှင်းဖို့အတွက် ဖုန်းတွေမှာသုံးလေ့ရှိတဲ့ memory စနစ်ကို အသုံးပြုဖို့ Intel က စဉ်းစားနေတာပဲ ဖြစ်ပါတယ်။ Intel ရဲ့ Sam Gao ဟာ "core logic module" လို့ခေါ်တဲ့ ဖုန်း memory နဲ့ တွဲဖက်ထားတဲ့ နမူနာ chip တစ်ခုကိုပါ ထုတ်ပြခဲ့ပါတယ်။ ဒါပေမဲ့ Gao ပြသခဲ့တဲ့ အဲဒီပြကွက် module ကတော့ Wildcat Lake မဟုတ်ဘဲ Panther Lake chip ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။
![]() |
| Image: Intel |
"ကွန်ပျူတာ memory နဲ့ storage ဈေးနှုန်းတွေ အလွန်အမင်း မတက်ခင်ကတည်းက ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာတွေက ဖုန်းလောကမှာသုံးတဲ့ memory နည်းပညာတွေကို PC ဆီ သယ်ဆောင်လာနိုင်ရင် ဘာဖြစ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းတွက်ချက်ခဲ့ကြကြောင်း၊ ဒါဟာ Intel အတွက် အလုပ်အများကြီး ပိုလုပ်ရမှာဖြစ်ပေမဲ့ အကယ်၍ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ရင် လက္ခဏာလှိုင်းညွှန်းကိန်းတွေနဲ့ interposer တွေကို ကျွန်တော်တို့ကိုယ်တိုင် သတ်မှတ်ပေးပြီး ecosystem တစ်ခုလုံးအတွက် ဖန်တီးပေးနိုင်မှာ ဖြစ်တယ်" လို့ Gao က ဆိုပါတယ်။
Intel အနေနဲ့ ကြိုးစားနေတာကတော့ ကွန်ပျူတာထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် ရွေးချယ်စရာ ပိုများလာစေပြီး လက်တော့ပ်ရဲ့ နောက်ဆုံးရောင်းဈေးကို လျှော့ချနိုင်ဖို့အတွက် အဆင့်မြင့် codecs တွေနဲ့ memory စနစ်မျိုးစုံကို လက်ခံနိုင်မယ့် core logic အင်ဂျင်နီယာပိုင်းဆိုင်ရာ အလုပ်တွေကို နောက်ကွယ်ကနေ အပြတ်အသတ် အပြီးသတ်ပေးထားဖို့ ဖြစ်တယ်လို့ Gao က ရှင်းပြခဲ့ပါတယ်။
Gao ရဲ့ အဆိုအရ နောင်အနာဂတ်မှာ Dell၊ HP၊ Lenovo၊ Acer၊ Asus နဲ့ အခြားမိတ်ဖက် ကုမ္ပဏီကြီးတွေကနေ ဒီ Wildcat Lake အခြေခံ Firefly ဒီဇိုင်းတွေကို ထုတ်လုပ်ဖြန့်ချိသွားတော့မှာ ဖြစ်ပါတယ်။ အဲဒီအထဲက အချို့မော်ဒယ်တွေကတော့ ဈေးကွက်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး အချို့ဆိုရင် ပစ္စည်းပြတ်တဲ့အထိ ရောင်းကောင်းနေတယ်လို့ ကြားသိရကြောင်း Gao က အသေးစိတ်ကိုတော့ ထပ်မံမပြောဘဲ ဖွင့်ဟခဲ့ပါတယ်။
ဒီလိုပစ္စည်းပြတ်တဲ့အထိ ဖြစ်တာကတော့ တရုတ်နိုင်ငံတွင်းမှာပဲ ဖြစ်နိုင်ခြေများပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်တော့ပ်ထုတ်လုပ်တဲ့ ကုမ္ပဏီအချို့ကို Firefly အစီအစဉ်အကြောင်း လှမ်းမေးကြည့်တဲ့အခါ ဘာမှမပြောခဲ့ကြလို့ပါပဲ။ ဒါ့အပြင် PCWorld က ကိုယ်တိုင် ကိုင်တွယ်ကြည့်ဖူးတဲ့ လျှို့ဝှက် Wildcat Lake လက်တော့ပ်တစ်ခုမှာဆိုရင် စက်ရဲ့အောက်ခြေမှာ လေဝင်ပေါက်တွေ ပါနေသေးတဲ့အပြင် ကိုယ်ထည်ကိုလည်း ပလတ်စတစ်နဲ့ပဲ လုပ်ထားတာကို မြင်တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘယ်သူကပဲ ထုတ်ထုတ် ဈေးနှုန်းသက်သာတဲ့ လက်တော့ပ်တွေကတော့ တဖြည်းဖြည်းနဲ့ ပြန်ပြီး လှပဆွဲဆောင်မှု ရှိလာနေပါပြီ။ Intel ရဲ့ Project Firefly ဟာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ အရည်အသွေးမြင့် လက်တော့ပ်ဆိုတာကို အာမခံပေးမယ့် တံဆိပ်အမှတ်အသားတစ်ခု ဖြစ်လာနိုင်မလားဆိုတာကတော့ မျှော်လင့်ချက်အပြည့်နဲ့ စောင့်ကြည့်ရမှာပါ။ မိတ်ဆွေတို့နေနဲ့လည်း အခုလို မိုးထိုးနေတဲ့ ဈေးနဲ့ ဆန်းသစ်မှုမရှိတဲ့ လက်တော့ပ်အဟောင်းကြီးတွေကို နောက်ထပ်မျိုးဆက်တစ်ခုစာအထိ မြင်ချင်ကြတော့မှာမဟုတ်ပါဘူး။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: PCWorld





0 Comments