Subscribe Us

header ads

Windows 11 တွင် တစ်ကြိမ်သာ Restart ချရမည့်စနစ်ကို Microsoft မိတ်ဆက်လာဖွယ်ရှိ

Image via Windows Central

Microsoft ဟာ Windows 11 Insider Preview Build 26300.8687 ကို Experimental Channel တွေထံ ဖြန့်ချီလိုက်ပြီး လစဉ် Update လုပ်ရတဲ့အခါ reboot လုပ်ပေးရတဲ့အကြိမ်ရေကို လျှော့ချပေးမယ့် တစ်စုတစ်စည်းတည်းဖြစ်တဲ့ update အတွေ့အကြုံ အပါအဝင် တိုးတက်ပြောင်းလဲမှုတွေ အများအပြား ပါဝင်လာပါတယ်။ ဒီပြောင်းလဲမှုတွေဟာ Windows 11 အပေါ် သုံးစွဲသူတွေရဲ့ တိုးပွားလာတဲ့ အဆင်မပြေမှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ Microsoft ရဲ့ Windows K2 အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ 

ဒီ update မူဝါဒအသစ်အရ Microsoft ဟာ လုံခြုံရေးဆိုင်ရာ patches တွေ၊ driver အသစ်တွေ၊ bug ပြင်ဆင်ချက်တွေ၊ firmware မွမ်းမံမှုတွေနဲ့ .NET packages တွေအပါအဝင် ရနိုင်သမျှ update တွေအားလုံးကို သီးခြားစီ ထည့်သွင်းနေရမဲ့အစား single installation အဖြစ် အတူတူ ပေါင်းစည်းပေးသွားမှာပါ။ ဒီ update အစီအစဉ်အသစ်က မတူညီတဲ့ update package တွေကို ထည့်သွင်းဖို့အတွက် စက်ကို အကြိမ်ကြိမ် restart ချနေရတဲ့ အခြေအနေကို ဖယ်ရှားပေးသွားမှာမို့ တစ်ကြိမ်သာ restart ချလိုက်ရုံနဲ့ update တင်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကို ပြီးဆုံးစေမှာ ဖြစ်ပါတယ်။

လာမယ့် လစဉ် update စက်ဝန်းကနေ စတင်ပြီး update တွေဟာ စနစ်တကျ တစ်ခါတည်း သွင်းနိုင်ဖို့ အဆင်သင့်မဖြစ်ခင်အထိ နောက်ကွယ်မှာ အလိုအလျောက် download ဆွဲထားမှာဖြစ်လို့ လုပ်ငန်းစဉ်တစ်ခုလုံးကို စက်တစ်ခါပဲ restart ချခြင်းနဲ့ ပြီးမြောက်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို update တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ထားတာကြောင် အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ PC ကို ဗားရှင်းအသစ်ဖြစ်အောင် ထိန်းသိမ်းဖို့အတွက်တင် လစဉ် ကြုံတွေ့နေရတဲ့ မကြာခဏ restart ချရတဲ့ နှစ်ရှည်လများ အဆင်မပြေမှုကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ Microsoft က ယုံကြည်ထားပါတယ်။

ဒီမူဝါဒအသစ်ကို စတင်ကျင့်သုံးပြီးတဲ့နောက်မှာ Experimental နဲ့ Beta Channels ထဲက Windows Insider တွေဟာ အပတ်စဉ် update တွေကို ရရှိသွားမှာဖြစ်ပြီး၊ မိမိတို့ဘာသာ တိုက်ရိုက် ဗားရှင်းမြှင့်တင်လိုတဲ့ retail customers တွေကတော့ တစ်လမှာ နှစ်ကြိမ် update ရရှိမှာ ဖြစ်ပါတယ်။ စောစောစီးစီး update ယူမဲ့စနစ်ကို မရွေးချယ်ထားတဲ့ Stable Channel ထဲက သုံးစွဲသူတွေကတော့ ပုံမှန်အတိုင်း လစဉ် တစ်ကြိမ်ပဲ စက်ကို restart ချရမှာ ဖြစ်ပါတယ်။

ဒီလို တစ်စုတစ်စည်းတည်းဖြစ်တဲ့ update အတွေ့အကြုံဟာ သုံးစွဲသူတွေ သိပ်မလိုချင်တဲ့ feature အသစ်တွေကို ထပ်ထည့်နေမယ့်အစား စနစ်ရဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးခြင်းနဲ့ ကြာရှည်ဖြစ်ပွားနေတဲ့ bug တွေကို ပြင်ဆင်ပေးခြင်းအားဖြင့် သုံးစွဲသူတစ်ဦးချင်းစီရဲ့ အတွေ့အကြုံကို မြှင့်တင်ပေးဖို့ ရည်ရွယ်တဲ့ Windows K2 အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ CEO Satya Nadella အဆိုအရ "ဒီအစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ပင်မလုပ်ဆောင်ချက်တွေနဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းတွေအပေါ်မှာ အဓိကအာရုံစိုက်ပြီး အသုံးပြုသူတွေကို ပြန်လည်ဆွဲဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်" လို့ဆိုပါတယ်။

Image: Windows Latest

အခု Build 26300.8687 ထဲမှာ ပါဝင်လာတဲ့ နောက်ထပ် အဓိက လုပ်ဆောင်ချက်တစ်ခုကတော့ စာလုံးပေါင်းမှားရိုက်မိတာတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်မဲ့ အဆင့်မြှင့်တင်ထားတဲ့ Search စနစ်ပဲ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ search bar မှာ utlook လို့ စာလုံးပေါင်းမှားရိုက်မိရင်တောင် Windows ကနေ Outlook ကို ရှာဖွေနေတာဖြစ်နိုင်တယ်ဆိုတာကို သိရှိနားလည်ပေးမှာဖြစ်ပြီး ရှာဖွေမှုရလဒ်တွေထဲမှာ Outlook app ကို အကြံပြုပြသပေးသွားမှာဖြစ်ကြောင်း Microsoft က ရှင်းပြခဲ့ပါတယ်။

ဒီ update မှာ File Explorer၊ Taskbar၊ Windows Setup၊ Input စနစ်နဲ့ Remote Recovery Management တို့အတွက် ပြောင်းလဲမှုများစွာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် changelog ထဲမှာ အသံပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ Settings app အတွက် ပြင်ဆင်ချက်တွေ ပါဝင်လာတဲ့အပြင် Notepad နဲ့ အခြား Windows ထဲမှာ တစ်ခါတည်းပါဝင်တဲ့ core tools တွေရဲ့ စိတ်ချရမှု စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးထားပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: TechSpot

Post a Comment

0 Comments