![]() |
| Image: Call of Duty |
နာမည်ကျော် Call of Duty ဂိမ်းစီးရီးကို မျိုးစေ့ချပေးခဲ့သူတစ်ဦးဖြစ်တဲ့ Chance Glasco က Activision ကုမ္ပဏီဟာ အရင်တုန်းက အစ္စရေးနိုင်ငံကို အီရန်က ကျူးကျော်တိုက်ခိုက်တဲ့ ဇာတ်အိမ်မျိုးနဲ့ ဂိမ်းအသစ်တစ်ခု ဖန်တီးဖို့ သူတို့အဖွဲ့ကို ဖိအားပေးခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ Infinity Ward ရဲ့ မူလဖန်တီးသူတွေ ထွက်ခွာသွားပြီးနောက်ပိုင်းမှာ အခုလို "နေရခက်တဲ့" တောင်းဆိုမှုမျိုး ရောက်ရှိလာတာဖြစ်ပြီး၊ အဲဒီအချိန်က ဂိမ်းဖန်တီးသူ အများစုဟာ ဒီအိုင်ဒီယာကို မနှစ်မြို့ကြတဲ့အတွက် အီရန်-အစ္စရေး စစ်ပွဲအကြောင်း ပရောဂျက်ဟာ အကောင်အထည် မပေါ်ခဲ့တာဖြစ်ပါတယ်။
Glasco ဟာ Infinity Ward နဲ့ Call of Duty Franchise ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဂိမ်းလောကရဲ့ အကြံပေးတစ်ယောက်အနေနဲ့ လုပ်ကိုင်နေပါတယ်။ သူက Activision ရဲ့ ဖိအားပေးမှုကို ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး၊ ဒါဟာ အမေရိကန်အစိုးရ (ထရမ့်အစိုးရ) က ဂိမ်းဗီဒီယိုတွေကို စစ်ပွဲလိုလားတဲ့ ဝါဒဖြန့် ဗီဒီယိုတွေမှာ အသုံးချနေတဲ့အကြောင်း ဆွေးနွေးမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။
Glasco က နောက်ပိုင်းမှာ အဲဒီအကြောင်းအရာကို ပိုပြီး ရှင်းပြခဲ့ပါတယ်။ ဂိမ်းမထုတ်ခင် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတွေမှာ Activision ဘက်က ဂိမ်းထုတ်လုပ်ရေးအဖွဲ့ကို သြဇာလွှမ်းမိုးဖို့ ကြိုးစားခဲ့တာပါ။ Call of Duty ဂိမ်းအပေါ်မှာ အလုပ်လုပ်နေတဲ့ developer တွေကတော့ Activision Blizzard ရဲ့ တောင်းဆိုချက်တွေဟာ သာမန်ဂိမ်းဒီဇိုင်းဆိုင်ရာ လမ်းညွှန်ချက်တွေထက် နိုင်ငံရေးအရ ဝါဒဖြန့်တာမျိုးနဲ့ ပိုတူနေတဲ့အတွက် တုန်လှုပ်ချောက်ချားခဲ့ရတယ်လို့ ဆိုပါတယ်။
ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး လူထုရဲ့ အမြင်ကို ပြောင်းလဲဖို့အတွက် ဖျော်ဖြေရေး မီဒီယာတွေကို လက်နက်တစ်ခုလို အသုံးပြုလာကြတာဟာ စိုးရိမ်စရာဖြစ်ကြောင်းလည်း Glasco က ထောက်ပြခဲ့ပါတယ်။ သူက ဥပမာအနေနဲ့ Modern Warfare 2 ဂိမ်းထဲက အငြင်းပွားဖွယ်ရာ "No Russian" မစ်ရှင်နဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ အဲဒီမစ်ရှင်မှာ ကစားသူတွေအနေနဲ့ အရပ်သားတွေကို မပစ်ဘဲ ရှောင်ကွင်းသွားလို့ရတဲ့ ရွေးချယ်ခွင့် ပေးထားခဲ့ပေမဲ့ အခုလို အီရန်-အစ္စရေး ပဋိပက္ခမျိုးကျတော့ လက်တွေ့ကမ္ဘာက အမေရိကန် အစိုးရအဆက်ဆက်ရဲ့ မူဝါဒရေးရာ အာရုံစိုက်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာကြောင့် ပိုပြီး သတိထားစရာ ဖြစ်နေတာပါ။ အဲဒီဇာတ်လမ်း ပေါက်ကြားသွားပြီးတဲ့နောက်မှာတော့ သူဟာ ရုရှားနိုင်ငံကူးလက်မှတ် ဆုံးရှုံးခဲ့ရပြီး ရုရှားကို ပြန်သွားလို့ရမရဆိုတာကိုတောင် မသေချာတော့ဘူးလို့ Glasco က ပြောပြခဲ့ပါတယ်။
လက်ရှိ ထရမ့်အစိုးရဟာ ဗီဒီယိုဂိမ်းတွေကို သူတို့ရဲ့ မူဝါဒတွေ ဝါဒဖြန့်ဖို့အတွက် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုလို အကြိမ်ကြိမ် အသုံးပြုနေတာကိုလည်း တွေ့ရပါတယ်။ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ရေးစစ်ရာတွေမှာ Call of Duty ထဲက မြင်ကွင်းတွေကို သုံးပြီး သူတို့ဘက်က အသာစီးရနေကြောင်း ပြသတာမျိုးတွေအပြင်၊ အရင်ကလည်း Halo ဂိမ်းထဲက Master Chief ဇာတ်ကောင်ကို သုံးပြီး လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (ICE) အတွက် ဝန်ထမ်းခေါ်ယူတာမျိုးနဲ့ Pokémon လို နာမည်ကြီး ဂိမ်းတွေကိုပါ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် ကိုးကားအသုံးပြုခဲ့ဖူးပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: TechSpot

0 Comments