![]() |
| Image: AMD |
၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွက် ဝင်ငွေအစီရင်ခံစာ တင်ပြတဲ့ပွဲမှာ AMD ရဲ့ CEO ဖြစ်သူ Dr. Lisa Su က AI ဖြန့်ကျက်မှုအသစ်တွေက GPU ကိုအာရုံစိုက်ရာကနေ CPU ပြောင်းလဲအာရုံစိုက်လာကြကြောင်းပြောကြားလိုက်ပါတယ်။ AI အေးဂျင့်ဘက်ကိုတွန်းအားပေးလာခြင်းက CPU ပိုင်းကို အာရုံပိုစိုက်လာတာဖြစ်ကြောင်း သူမကဆိုပါတယ်။ ဒါဟာ AI ဖြန့်ကျက်မှုရဲ့ CPU - GPU အချိုးအစားကို မြင့်တက်စေပြီး AMD နဲ့ သူတို့ရဲ့ EPYC CPU တွေအတွက် သတင်းကောင်းပါပဲ။
ပုံမှန်အားဖြင့် AI ဖြန့်ကျက်မှုတွေမှာ CPU တွေကို GPU အများကြီးအတွက် host node အဖြစ်သာအသုံးပြုကြတာဖြစ်ပါတယ်။ အခုအခါမှာတော့ Agentic AI ဆောင်ရွက်ဖို့အတွက် CPU တွေ အများအပြား ပိုမိုအသုံးပြုလာကြပါတယ်။ Dr. Lisa Su အဆိုအရ ပုံမှန်အားဖြင့် CPU - GPU အချိုးအစားက 1:4 နဲ့ 1:8 သာရှိပါတယ်။ လက်ရှိမှာ 1:1 ကိုရောက်ရှိဖို့နီးကပ်လာခဲ့ပြီ လို့ဆိုပါတယ်။ သူမက "အေးးဂျင့်အသားပေး အလုပ်တွေနဲ့ ဆာဗာတွေမှာ GPUတွေထပ်တောင် CPUတွေပိုများနေမှာကို မြင်ယောင်ကြည့်နိုင်တယ်" လို့တောင် ပြောကြားခဲ့ပါတယ်။
AI လုပ်ငန်းစဥ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့ အမျှ GPU ပိုင်းကိုသာ အသားပေးမှုနေရာကနေ ပိုပြီးမျှတတဲ့ စနစ်တွေကိုအာရုံစိုက်လာကြပါတယ်။ GPU တွေက large language models တွေကို လည်ပတ်ဖို့ အရေးပါနေတုန်းလို့ဆိုပေမဲ့ CPU တွေဟာ အခုဆိုရင်ပိုမိုကြီးမားတဲ့ ကဏ္ဍကနေပါဝင်လာနေပါပြီ။ ဒါက CPU တွေရော AI GPU တွေရောဖန်တီးနေတဲ့ AMD အတွက် တကယ့်ကို သတင်းကောင်းပါပဲ။
Dr. Lisa Su က
"ဒီ AI အေးဂျင့်တွေက အလုပ်လုပ်တဲ့အခါ CPU နဲ့ဆိုင်တဲ့ အလုပ်တွေကို ပိုထွက်ပေါ်လာပါတယ်။ အတော်လေးကို တိုးတက်မှုရှိတဲ့ အနေအထားလို့ ပြောရမှာပါ။ အဓိကအချက်ကတော့ အခုလို ဖြန့်ကျက်အသုံးပြုမှုတွေမှာ ကျွန်မတို့ မြင်တွေ့နေရတာကတော့ CPU နဲ့ GPU အချိုးအစား မှန်ကန်ဖို့က အရေးကြီးဆုံးပါပဲ။ အကယ်၍ သင်က gigawatt compute စနစ်ကြီးတစ်ခုကို တည်ဆောက်မယ်ဆိုလို့ရှိရင် အဲဒီစနစ်ထဲမှာ CPU ပါဝင်မှု အချိုးအစားက ပိုပြီးတော့ များလာမှာပါ။ အခုလောလောဆယ် ဒီနည်းပညာလောကထဲမှာ ပြောဆိုနေကြတဲ့စကားအချို့က CPU နဲ့ GPU အချိုးအစားတွေအကြောင်းပါ။
ဒါကို အတိအကျ ခန့်မှန်းရခက်ပေမဲ့ ကျွန်မတို့ သေချာပေါက် မြင်တွေ့နေရတဲ့ အပြောင်းအလဲကတော့ အရင်တုန်းက CPU ဆိုတာ GPU ၄ ခု ဒါမှမဟုတ် ၈ ခုလောက်ကို ထိန်းချုပ်ပေးရတဲ့ host node အဖြစ်သာ ရှိခဲ့ရာကနေ အခုဆိုရင် 1:1 အထိနီးကပ်လာတာပဲ ဖြစ်ပါတယ်။ တကယ်လို့ အနာဂတ်မှာ AI အေးဂျင့်တွေ အများကြီး ရှိလာမယ်ဆိုရင် GPU ထက်တောင် CPU အရေအတွက်က ပိုများလာနိုင်တာကို ခင်ဗျားတို့ စိတ်ကူးကြည့်လို့ ရပါတယ်။ ခြုံပြီးပြောရရင်တော့ ဒါဟာ ဈေးကွက်ဝေစုကို ပိုပြီးတော့ ကျယ်ပြန့်လာစေမယ်လို့ ကျွန်မ ထင်ပါတယ်။
အခုအချိန်မှာတော့ လူတိုင်းက accelerator တွေဖြန့်ကျက်ဖို့ စဉ်းစားတဲ့အခါမှာ CPU တွေကိုပါ တစ်ပြိုင်နက်တည်း ထည့်သွင်းစဉ်းစားပြီးလာကြပြီမို့ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ"
လို့ ပြောကြားခဲ့ပါတယ်။
AMD အနေနဲ့ ၂၀၂၆ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်အတွက် ဝင်ငွေခန့်မှန်းချက်ကို အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာမှာဖြစ်ပြီး ဒီတိုးတက်မှုအများစုက AMD ရဲ့ Data Center ကဏ္ဍကနေလာမှာဖြစ်ပြီး EPYC CPU တွေနဲ့ Instinct GPU တွေက AMD ရဲ့ တိုးတက်မှုကို အဓိက မောင်းနှင်သွားပါလိမ့်မယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: OC3D

0 Comments