Subscribe Us

header ads

Windows 11 တွင် Windows 10 ပုံစံ Taskbar နှင့် Start Menu Customization စနစ်များကို ပြန်လည်ထည့်သွင်းပေးတော့မည်

Image via Techpowerup

အကယ်၍ သင်ဟာ အရင်က Taskbar တည်နေရာကို စိတ်ကြိုက်ပြောင်းလဲလို့ရတဲ့ Windows 10 OS ကို သုံးခဲ့ဖူးရင် Taskbar ကို နေရာအမျိုးမျိုးရွှေ့ပြီး သုံးရတဲ့အတွေ့အကြုံနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ Microsoft ဟာ ဒီလုပ်ဆောင်ချက်ကို Windows 11 မှာ ကန့်သတ်ခဲ့တာ အတော်လေး ကြာသွားခဲ့ပါပြီ။ အခုအခါမှာတော့ ကုမ္ပဏီက Taskbar နဲ့ Start Menu ကို စိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းကို ပြန်လည်ထည့်သွင်းလာတော့မှာဖြစ်ပြီး Windows Insider သုံးစွဲသူတွေ အနေနဲ့ လာမယ့်သီတင်းပတ်တွေအတွင်း Experimental channel မှာ စတင်စမ်းသပ်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် Taskbar ကို မျက်နှာပြင်ရဲ့ အပေါ်၊ အောက်၊ ဘယ် သို့မဟုတ် ညာဘက် စတဲ့ နှစ်သက်ရာနေရာတွေဆီ စိတ်ကြိုက်ရွှေ့ပြောင်းထားနိုင်တော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ရွှေ့လိုက်တဲ့ Taskbar တည်နေရာအလိုက် Icon တွေကိုလည်း အပေါ်ကပ်တာ၊ အလယ်ညှိတာ၊ ဘယ်ဘက်ကပ်တာ ဒါမှမဟုတ် ညာဘက်ကပ်တာမျိုးတွေကို စိတ်ကြိုက် လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီ Setting တွေကိုတော့ Settings > Personalization > Taskbar > Taskbar behaviors ထဲမှာ သွားရောက်ပြင်ဆင်နိုင်မှာပါ။ စိတ်ဝင်စားစရာအချက်တစ်ခုက Taskbar မှာရှိတဲ့ Icon တွေကို ပိုပြီးသေးငယ်အောင် လုပ်လို့ရမယ့်အပြင် Taskbar ရဲ့ နေရာယူမှုကိုလည်း လျှော့ချနိုင်မှာဖြစ်လို့ Screen တစ်ခုလုံးကို အပြည့်အဝ အသုံးချချင်သူတွေအတွက် အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်လာပါတယ်။

နောက်တစ်ခုက Windows Insider တွေအနေနဲ့ အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ Start Menu Customization ရဲ့ preview ဗားရှင်းကိုလည်း စမ်းသပ်နေကြပြီဖြစ်ပါတယ်။ ဒါဟာ အသုံးပြုသူတွေကို Start Menu ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပိုမိုထိရောက်စွာ ထိန်းချုပ်ခွင့် ပေးသွားမှာပါ။ ပြောင်းလဲမှုတွေထဲမှာ Start Menu အကျယ်အဝန်းကို အသေး သို့မဟုတ် အကြီး မိမိစိတ်ကြိုက် ရွေးချယ်နိုင်တာ၊ Pinned၊ Recent နဲ့ All စတဲ့ ကဏ္ဍတွေကို သီးခြားစီ ဖျောက်ထားတာ ဒါမှမဟုတ် ပြသထားတာမျိုးတွေ လုပ်ဆောင်နိုင်တာတွေသာမက Screen Share တဲ့အခါ ဒါမှမဟုတ် presentation လုပ်တဲ့အခါမှာ Privacy ပိုကောင်းစေဖို့အတွက် Start Menu ထဲက ကိုယ့်ရဲ့အမည်နဲ့ Profile ပုံကိုပါ ဖယ်ရှားထားနိုင်မယ့် options တွေလည်း ပါဝင်လာပါတယ်။ ယခင် Windows 11 ဗားရှင်းတွေမှာတော့ ပုံသေ generic Look နဲ့ပဲ လာတာဖြစ်လို့ ဒီလို ပြုပြင်ဖန်တီးမှုတွေ လုပ်လို့မရခဲ့ပါဘူး။

နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ Start Menu ရဲ့ File Recommendations စနစ်ကို File Explorer ရဲ့ Recent items နဲ့ Jump lists တွေကနေ သီးသန့်ခွဲထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Start Menu ထဲက recommendation တွေကို ပိတ်လိုက်ရင်တောင် Windows ရဲ့ အခြားနေရာတွေမှာရှိတဲ့ လတ်တလော လှုပ်ရှားမှုတွေကို ထိခိုက်မှု ရှိတော့မှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီဟာ ဒီအကြံပြုချက်နေရာကို ပိုပြီးအသုံးဝင်အောင် လုပ်ဆောင်နေပြီး အဲဒီကဏ္ဍကို "Recent" လို့ အမည်ပြောင်းလဲကာ အသစ်သွင်းထားတဲ့ app တွေကို မြင်သာအောင် ထားပေးခြင်းနဲ့ ဘယ်ဖိုင်တွေ ပေါ်သင့်သလဲဆိုတာကို ပိုမိုစနစ်ကျအောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီပြောင်းလဲမှုတွေကို လာမယ့်သီတင်းပတ်တွေမှာ Windows Insider တွေအတွက် စတင်ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ပုံမှန် Windows 11 ဗားရှင်း 24H2, 25H2 နဲ့ 26H1 အသုံးပြုသူတွေကတော့ နောက်ထပ် တစ်လဝန်းကျင်အကြာမှာ စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ Update တွေ ရောက်လာတဲ့အချိန်မှာ ကတိပြုထားတဲ့ Windows K2 ရဲ့ စွမ်းဆောင်ရည် နဲ့ အသုံးပြုရလွယ်ကူမှုဆိုင်ရာ တိုးတက်မှုတွေကိုပါ မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။ ဆိုလိုတာက Windows 11 OS ဟာ နောက်ဆုံးမှာတော့ အသုံးပြုသူတွေ အလိုချင်ဆုံးအပြောင်းအလဲတွေ အမှန်တကယ် ပေါင်းစပ်ပါဝင်လာတော့မှာပါ။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Techpowerup

Post a Comment

0 Comments