![]() |
| Image via X(Twitter) |
Microsoft နဲ့ NVIDIA ကုမ္ပဏီကြီးနှစ်ခုဟာ သူတို့ရဲ့ X (Twitter) အကောင့်တွေကတစ်ဆင့် PC လောကရဲ့ ခေတ်သစ်တစ်ခု ဆိုပြီး "A new era of PC" ဆိုတဲ့ စာသားနဲ့အတူ "25.0528, 121.5990" ဆိုတဲ့ မြေပုံကိုဩဒိနိတ်တွေကို ပြိုင်တူ အရိပ်အမြွက် ပြသခဲ့ကြပါတယ်။ ဒီကိုဩဒိနိတ်တွေဟာ လာမဲ့ ဇွန်လ ၂ရက်နေ့ကနေ ၅ ရက်နေ့အထိ Computex 2026 ကျင်းပသွားမဲ့ က ထိုင်ဝမ်က Nangang Exhibition Centre ကို ညွှန်းဆိုနေတာဖြစ်ပါတယ်။ ဒါဟာ အားလုံးက မျှော်လင့်နေကြတဲ့ NVIDIA ရဲ့ "N1X" PC ပရိုဆက်ဆာ ကို မိတ်ဆက်တော့မယ်ဆိုတာ အသေအချာပါပဲ။ အထူးသဖြင့် ဒီပရိုဆက်ဆာဟာ Windows 11 AI PC တွေမှာ Copilot+ စနစ်ကို အပြည့်အဝ မောင်းနှင်နိုင်ဖို့အတွက် Microsoft ရဲ့ တရားဝင် ထောက်ခံအားပေးမှုကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ ဒီ N1X ချစ်ပ်ဟာ Qualcomm ရဲ့ Snapdragon X2 Elite စီးရီးကို ကျော်ဖြတ်ပြီး Windows အတွက် အမြန်ဆုံး Arm အခြေခံပရိုဆက်ဆာ ဖြစ်လာမှာဖြစ်သလို Intel နဲ့ AMD တို့ရဲ့ အဆင့်မြင့် x86-64 ပရိုဆက်ဆာတွေနဲ့ ရင်ပေါင်တန်းနိုင်မယ့် စွမ်းဆောင်ရည်မျိုးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
သတင်းပေါက်ကြားမှုတွေအရ NVIDIA ဟာ N1X ချစ်ပ်ကို TSMC ရဲ့ 3 nm foundry node နည်းပညာနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီချစ်ပ်ဟာ Core ၂၀ခုပါဝင်တဲ့ ပရိုဆက်ဆာတစ်ခုဖြစ်ပြီး Arm ရဲ့ big.LITTLE ဗိသုကာအတိုင်း စွမ်းဆောင်ရည်မြင့် Performance Core ၁၀ ခုနဲ့ စွမ်းအင်ချွေတာမယ့် Efficiency Core ၁၀ ခု ပေါင်းစပ်ထားတာပါ။ Core ၂၀ စလုံးကို NVIDIA ကိုယ်တိုင် စိတ်ကြိုက်ပုံစံထုတ်ထားတာဖြစ်ပြီး Arm v9.2 machine architecture ကို အခြေခံထားတာဖြစ်ပါတယ်။ CPU အပိုင်းမှာတော့ 32 MB ရှိတဲ့ shared, last-level cache ပါဝင်လာဖွယ် ရှိပါတယ်။ ဒါပေမဲ့ ဒီချစ်ပ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကတော့ NPU အဖြစ်ပါ ပူးတွဲအလုပ်လုပ်ပေးမယ့် iGPU ပဲ ဖြစ်ပါတယ်။ Blackwell graphics architecture ကို အခြေခံထားတဲ့ ဒီ iGPU မှာ streaming multiprocessors (SM) ၄၈ ခုအထိ ပါဝင်နိုင်လို့ CUDA Core ပေါင်း ၆,၁၄၄ ခုအထိ ရှိလာမှာဖြစ်ပြီး စွမ်းဆောင်ရည်ဟာ GeForce RTX 5060 Ti graphic card စွမ်းဆောင်ရည်မျိုးနဲ့ တူညီနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချစ်ပ်ထဲမှာ LPDDR5X memory စနစ်ကို သုံးထားပြီး CPU ရော GPU ပါ memory ကို အတူတူ မျှဝေသုံးစွဲမယ့် unified memory architecture ပုံစံမျိုး ဖြစ်လာမှာပါ။ NVIDIA ရဲ့ ရည်မှန်းချက်ကတော့ Apple M5 Pro နဲ့ AMD Ryzen AI Max 400 တို့ကို စွမ်းဆောင်ရည်ပိုင်းမှာ အလဲထိုးပစ်ဖို့ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Intel အနေနဲ့ သူတို့ရဲ့ Xe3 "Celestial" ဗိသုကာကို အခြေခံထားတဲ့ အကြီးစား iGPU ပါဝင်တဲ့ ချစ်ပ်တွေကို မထုတ်မချင်းတော့ ဒီအဆင့်မှာ NVIDIA ကို ယှဉ်နိုင်မယ့် ချစ်ပ်မရှိသေးပါဘူး။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Techpowerup

0 Comments