![]() |
| Image: NVIDIA |
Nvidia ဟာ Computex 2026 ပွဲမှာ Windows ကွန်ပျူတာအသုံးပြုတဲ့ပုံစံကို တစ်ခေတ်ဆန်းစေမယ့် နည်းပညာသစ်တစ်ခုကို ချပြလိုက်ပါတယ်။ အမှုဆောင်အရာရှိချုပ် Jensen Huang ဟာ ဒီပွဲမှာ Windows on Arm စနစ်သုံး လက်ပ်တော့တွေအတွက် RTX Spark ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ NVIDIA က ဒီစနစ်ကို "သမိုင်းတစ်လျှောက် စွမ်းဆောင်ရည် အထိရောက်ဆုံး ဖြစ်အောင် တည်ဆောက်ထားတဲ့ ပလက်ဖောင်း" လို့ ရဲရဲဝံ့ဝံ့ ကြေညာထားပြီး ကွန်ပျူတာလောကရဲ့ နောက်ထပ်မျိုးဆက်သစ်ဆီကို ဦးတည်နိုင်ဖို့အတွက် အကောင်းဆုံး Windows on Arm အတွေ့အကြုံကို ဖန်တီးဖို့ သူတို့ရဲ့ အင်အားကို အပြည့်အဝပုံအောပြီး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
| Image: NVIDIA |
Nvidia ရဲ့ အဆိုအရ နောင်အနာဂတ်မှာ ကွန်ပျူတာကို လွန်ခဲ့တဲ့ အနှစ် ၄၀ ကလို Mouse နဲ့ Keyboard တွေ သုံးပြီး စေခိုင်းမယ့်အစား လူသားတွေ ပြောဆိုနေကျ ဘာသာစကားနဲ့ စေခိုင်းရုံနဲ့ အလုပ်လုပ်ပေးမယ့် AI Agent တွေက အဓိက နေရာယူလာတော့မှာ ဖြစ်ပါတယ်။ ဒီ AI Agent တွေဟာ အမိန့်တစ်ခု ရလိုက်တာနဲ့ မိမိဘာသာ ပန်းတိုင်သတ်မှတ်တာ၊ အလုပ်အတွက် လိုအပ်တဲ့ software tool တွေကို ဖွင့်သုံးတာ၊ လုပ်ငန်းအရည်အသွေးကို စစ်ဆေးတာနဲ့ ပိုကောင်းအောင် ပြန်ပြင်တာတွေကို အသုံးပြုသူ စက်အနီးမှာ မရှိတဲ့အချိန် ဒါမှမဟုတ် ညဘက်တွေမှာပါ အလိုအလျောက် ဆက်တိုက် လုပ်ဆောင်ပေးနေမှာ ဖြစ်ပါတယ်။ ဒီလို တွေးခေါ်မြော်မြင်မှုတွေ လုပ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ထိရောက်တဲ့ Hardware အပြင် များပြားလှတဲ့ memory ပမာဏကို လိုအပ်မှာဖြစ်ပါတယ်။
| Image: NVIDIA |
NVIDIA ဟာ သူတို့မျှော်မှန်းထားတဲ့ ကွန်ပျူတာခေတ်သစ်ရဲ့ AI reasoning တွေကို အကောင်းဆုံးမောင်းနှင်ပေးနိုင်ဖို့အတွက် လောလောဆယ် ဈေးကွက်ထဲမှာရှိတဲ့ ဘယ်ပရိုဆက်ဆာထက်မဆို ပိုမိုစွမ်းဆောင်ရည်မြင့်မားတဲ့ RTX Spark Superchip ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒါတင်မကသေးဘဲ လာမဲ့ မျိုးဆက် ၃ ခုအထိ ပါဝင်တဲ့ အနာဂတ် Spark မျိုးနွယ်ဝင်ချစ်ပ်တွေရဲ့ လမ်းပြမြေပုံကိုပါ တစ်ပါတည်း ချပြခဲ့တာ ဖြစ်ပါတယ်။
| Image: NVIDIA |
| Image: NVIDIA |
ဒီ Superchip ရဲ့ အမြင့်ဆုံးဗားရှင်းမှာဆိုရင် အားကောင်းလှတဲ့ ARM CPU core ပေါင်း ၂၀ အထိ ပါဝင်မှာဖြစ်ပြီး CUDA core ပေါင်း ၆,၁၄၄ ခု ပါဝင်တဲ့ Blackwell GPU၊ 128GB အထိရှိမယ့် LPDDR5X RAM နဲ့ တစ်စက္ကန့်ကို 300 GB အထိ အချက်အလက်စီးဆင်းနိုင်မယ့် memory bandwidth စနစ်တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ NVIDIA ရဲ့ အဆိုအရ NVLink C2C စနစ်နဲ့ အချင်းချင်း ချိတ်ဆက်ထားပြီး ကြီးမားတဲ့ memory ပါဝင်တာကြောင့် Parameter ပေါင်း ဘီလီယံ ၁၂၀ ရှိတဲ့ Frontier LLM မော်ဒယ်ကြီးတွေကို စက်ထဲမှာတင် (Local) အေးဆေး Run နိုင်မှာဖြစ်ပြီး Context Length အနေနဲ့လည်း Token ပေါင်း ၁ သန်းအထိ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။
| Image: NVIDIA |
RTX Spark စနစ်ကို Dell၊ HP၊ Lenovo၊ Asus နဲ့ MSI စတဲ့ မိတ်ဖက်ကုမ္ပဏီကြီးတွေရဲ့ အဆင့်မြင့် high-end laptop တွေမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး အထူးခြားဆုံးအနေနဲ့ Microsoft ရဲ့ Surface Laptop Ultra အသစ်မှာလည်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ NVIDIA က ဒီမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး Tandem OLED G-Sync မျက်နှာပြင်တွေ၊ တစ်နေကုန် အသုံးခံမဲ့ ဘက်ထရီသက်တမ်း၊ အဆင့်မြင့် အလူမီနီယံကိုယ်ထည်နဲ့ ဖန်သားပြင် Touchpad အကြီးစားတွေ ပါဝင်တဲ့ မိတ်ဖက်ကုမ္ပဏီကြီးတွေရဲ့ သမိုင်းတစ်လျှောက် အဆန်းပြားဆုံး Laptop တွေကို ဖန်တီးထားတယ်လို့ ဆိုပါတယ်။
![]() |
| Image: NVIDIA |
NVIDIA က RTX Spark ပလက်ဖောင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည် ထိရောက်မှုဟာ "High-performance laptop တစ်လုံးရဲ့ အဓိပ္ပာယ်ကိုပါ ပြောင်းလဲပစ်လိုက်ပြီ" လို့ဆိုပါတယ်။ ဒါကြောင့် အခုပေါ်ပေါက်လာမယ့် AI အေးဂျင့်ခေတ်မှာ ဝယ်ယူသူတွေအနေနဲ့ စွမ်းဆောင်ရည်ကောင်းတာကိုပဲ ရွေးရမလား ဒါမှမဟုတ် ကိုယ်ထည်ပါးပါးနဲ့ ဘက်ထရီခံတာကိုပဲ ရွေးရမလားဆိုပြီး ဗျာများနေစရာ မလိုတော့ပါဘူး။ RTX Spark PC တွေဟာ အားသွင်းကြိုး ထိုးထားထား၊ မထိုးထားထား Windows on Arm နဲ့ Apple Silicon စနစ်တွေလို တူညီတဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ပေးအပ်မှာ ဖြစ်ပါတယ်။
NVIDIA ဟာ ဒီ AI အေးဂျင့်အခြေပြု Windows on Arm အတွေ့အကြုံတွေကို Laptop တွေသာမက ကျစ်လျစ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Desktop ကွန်ပျူတာတွေဆီကို DGX Spark ဆိုပြီး ရောက်ရှိလာဦးမှာပါ။ NVIDIA က ဒီပလက်ဖောင်းကို စတင်မိတ်ဆက်တဲ့အချိန်မှာ စုစုပေါင်း Laptop မော်ဒယ်ပေါင်း ၃၀ ကျော်နဲ့ Desktop မော်ဒယ် ၁၀ ခုဝန်းကျင်လောက်အထိ ဈေးကွက်ထဲကို အားကောင်းကောင်းနဲ့ ဝင်ရောက်လာဖို့ မျှော်မှန်းထားပါတယ်။
![]() |
| Image: NVIDIA |
NVIDIA က RTX Spark Superchip ဟာ ဒီလို AI ပိုင်းတင်မကဘဲ ဂိမ်းကစားသူတွေနဲ့ Creative သမားတွေအတွက်လည်း ဒီချစ်ပ်က အလွန်အစွမ်းထက်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီပလက်ဖောင်းသစ်ဟာ 1440p Resolution မှာ 100 FPS အထက်နဲ့ AAA ဂိမ်းတွေကို ကစားနိုင် ဖြစ်ပြီး ဒါဟာ DLSS 4.5 နည်းပညာရဲ့ ရုပ်ထွက်မြှင့်တင်မှု (upscaling) နဲ့ Multi Frame Generation စနစ်တွေကြောင့် ဖြစ်လာနိုင်တာပါ။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ ကြီးမားလှတဲ့ memory pool ကြောင့် creator တွေအနေနဲ့ အကြီးစား 3D ပရောဂျက်တွေနဲ့ 12K 4:2:2 အဆင့်ရှိတဲ့ ရုပ်ထွက်အမြင့် ဗီဒီယိုတွေကို Memory မလောက်မှာ စိတ်ပူစရာမလိုဘဲ အေးဆေးကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။
| Image: NVIDIA |
RTX Spark ပလက်ဖောင်းရဲ့ ဖန်တီးမှုစွမ်းရည်ကို ပိုမိုအားကောင်းလာစေဖို့အတွက် NVIDIA ဟာ Adobe ကုမ္ပဏီနဲ့ပါ ပူးပေါင်းလုပ်ဆောင်နေပြီး Photoshop နဲ့ Premiere တို့ရဲ့ Engine ကို RTX Spark ချစ်ပ်အတွက် ၁၀၀ ရာခိုင်နှုန်း GPU-accelerated ဖြစ်အောင် အောက်ခြေကနေ ပြန်လည်တည်ဆောက်နေပြီး AI လုပ်ဆောင်ချက်တွေကို ၂ ဆ ပိုမြန်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI Agent တွေက Adobe ရဲ့ App တွေကို လှမ်းပြီး ထိန်းချုပ်နိုင်ဖို့ Model Context Protocol ကိုပါ ထည့်သွင်းပေးသွားမှာပါ။
လုံခြုံရေးပိုင်းမှာလည်း Microsoft နဲ့ ပူးပေါင်းပြီး OpenShell Framework နဲ့ Security Primitives အသစ်တွေကို ထည့်သွင်းထားတာကြောင့် Local AI Agent တွေဟာ အသုံးပြုသူ ခွင့်ပြုထားတဲ့ ဖိုင်နဲ့ data တွေကိုပဲ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Microsoft အနေနဲ့လည်း ဇွန်လ ၂ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ Build ကွန်ဖရင့်မှာ ဒီ Windows AI Agent အပြောင်းအလဲနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံချပြသွားမယ်လို့ဆိုပါတယ်။
ဒီ RTX Spark စနစ်သုံး ကွန်ပျူတာတွေဟာ လာမယ့် ၂၀၂၆ ခုနှစ် ဆောင်းဦးပေါက်ကာလမှာ စတင်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ RTX Spark ဟာ NVIDIA ရဲ့ ကျောထောက်နောက်ခံပြု ပံ့ပိုးပေးမှုတွေကြောင့် အခုပေါ်ပေါက်လာမယ့် AI အေးဂျင့်ခေတ်ကြီးထဲမှာ Windows on Arm အတွေ့အကြုံကို တကယ်ပဲ တစ်ခေတ်ဆန်းသွားစေမလား ဒါမှမဟုတ် အတော်လေးကောင်းမွန်တဲ့ ကွန်ပျူတာပလက်ဖောင်းတစ်ခုအဖြစ်ပဲ ကျန်ရစ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Tom's Hardware



0 Comments