Subscribe Us

header ads

Google Chrome က 4GB အရွယ်အစားရှိသည့် AI မော်ဒယ်ကို တိတ်တဆိတ်ထည့်သွင်းနေ

Image via Logo.wine

Google ဟာ OpenAI လိုမျိုး ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကစလို့ ကမ္ဘာ့လူသုံးအများဆုံး Chrome Browser ကို AI Browser တစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီလိုပြောင်းလဲမှုမှာ အသုံးပြုသူတွေရဲ့ ခွင့်ပြုချက်မရဘဲ AI အချက်အလက်အမြောက်အမြားကို စက်တွေထဲမှာ တိတ်တဆိတ် ထည့်သွင်းနေတာကို စုံစမ်းတွေ့ရှိခဲ့ရပါတယ်။

တကယ်လို့ သင့်ရဲ့ ကွန်ပျူတာမှာ Hard Disk အလုပ်လုပ်တာ ပုံမှန်ထက် များနေတာ ဒါမှမဟုတ် Storage Space တွေ အကြောင်းပြချက်မရှိဘဲ လျော့နည်းသွားတာမျိုး သတိထားမိရင် Chrome directory ထဲက OptGuideOnDeviceModel ဆိုတဲ့ folder ကို ရှာကြည့်သင့်ပါတယ်။ အဲဒီ folder ထဲမှာ Google ရဲ့ Gemini Nano LLM အတွက် 4GB ခန့်ရှိတဲ့ အချက်အလက်တွေကို အသုံးပြုသူရဲ့ သဘောတူညီချက်မပါဘဲ Chrome က အလိုအလျောက် download ဆွဲပြီး သိမ်းထားတာ ဖြစ်ပါတယ်။

ဒီ folder ကို ဖျက်လိုက်ရုံနဲ့လည်း အပြီးတိုင် မပျောက်သွားပါဘူး။ Chrome ကို ပြန်ဖွင့်တာနဲ့ သူက အလိုအလျောက် ထပ်ပြီး download ပြန်ဆွဲနေမှာပါ။ Windows 11 မှာဆိုရင် ဒီ folder ဟာ %LOCALAPPDATA%\Google\Chrome\User Data\OptGuideOnDeviceModel မှာ တည်ရှိပြီး Apple Silicon အသုံးပြုထားတဲ့ Mac နဲ့ Ubuntu တင်ထားတဲ့စက်တွေမှာလည်း ဒီလိုမျိုး တိတ်တဆိတ် ထည့်သွင်းခံထားရတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီ AI model တွေကို အပြီးတိုင် ဖယ်ရှားချင်ရင်တော့ Chrome ကို တစ်ခါတည်း Uninstall လုပ်ပစ်တာက အထိရောက်ဆုံး နည်းလမ်းပါပဲ။ ဒါပေမဲ့ Chrome ကိုပဲ ဆက်သုံးချင်သေးတယ်ဆိုရင်တော့ address bar မှာ chrome://flags လို့ ရိုက်ထည့်ပြီး Enables optimization guide on device on Android ဒါမှမဟုတ် AI နဲ့ ပတ်သက်တဲ့ background download flag တွေကို ရှာပြီး Disabled ပြောင်းထားခြင်းအားဖြင့် download ဆွဲတာကို တားဆီးနိုင်ကောင်း နိုင်ပါလိမ့်မယ်။ ဒီနေရာမှာပဲ သင့်စက်ဟာ ဒီ AI feature တွေ သုံးလို့ရတဲ့ စက်မျိုးလားဆိုတာကိုလည်း စစ်ဆေးနိုင်ပါတယ်။

Chrome သုံးစွဲသူဟာ ဘီလီယံနဲ့ချီ ရှိတာကြောင့် ဒီလို 4GB ရှိတဲ့ file တွေကို စက်အလုံးပေါင်း သန်းချီထဲကို တိတ်တဆိတ် ပို့လွှတ်တာဟာ အင်တာနက် bandwidth အမြောက်အမြားကို ဖြုန်းတီးရာရောက်သလို ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ CO2 ထုတ်လွှတ်မှုကိုလည်း တန်ချိန် ၆၀၀၀ ကနေ ၆၀၀၀၀ ကြားအထိ ဖြစ်ပေါ်စေနိုင်တယ်လို့ ပညာရှင်တွေက တွက်ချက်ထားပါတယ်။ လက်ရှိမှာတော့ Google ဟာ ပိုပြီးခေတ်မီတဲ့ စက်တွေပေါ်မှာပဲ ဒီ AI model ကို အဓိက ပန်းတိုင်ထား ပို့လွှတ်နေပုံရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သုတေသနပညာရှင် Hanff ကတော့ Google ဟာ အသုံးပြုသူတွေရဲ့ အသိပေးချက် ဒါမှမဟုတ် သဘောတူညီချက် မပါဘဲ ဒီလောက်ကြီးမားတဲ့ data တွေကို အဓမ္မ download ဆွဲခိုင်းတာဟာ ဥရောပရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ တရားဝင် စွပ်စွဲပြောဆိုထားပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: TechSpot

Post a Comment

0 Comments