Subscribe Us

header ads

အီရန်က အဘူဒါဘီရှိ OpenAI ၏ ဒေါ်လာ ၃၀ ဘီလီယံတန် Stargate AI Data Center ကို အလုံးစုံဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်

Image: IRGC video via Tom's Hardware

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဟာ အီရန်ရဲ့ လျှပ်စစ်စွမ်းအင် အခြေခံအဆောက်အအုံတွေအပေါ် ထိခိုက်မှုတစ်စုံတစ်ရာ ရှိလာခဲ့ရင် ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အမေရိကန်အစိုးရကို လူသိရှင်ကြား သတိပေးလိုက်ပါတယ်။ အထူးသဖြင့် IRGC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Ebrahim Zolfaghari က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အဆောက်အအုံတွေကို "အလုံးစုံ အမြစ်ပြတ် ချေမှုန်းဖျက်ဆီးပစ်မယ်" လို့ ခြိမ်းခြောက်ခဲ့တာပါ။ ဗီဒီယိုရဲ့ နောက်ပိုင်းမှာတော့ အဘူဒါဘီမှာရှိတဲ့ ဒေါ်လာ ၃၀ ဘီလီယံတန် Stargate AI Data Center ကို အီရန်ရဲ့ အဓိက ပစ်မှတ်တစ်ခုအဖြစ် သီးသန့်ဖော်ပြခဲ့ပါတယ်။ ဒီခြိမ်းခြောက်မှုတွေဟာ Amazon AWS ရဲ့ Data Center အချို့ကို အီရန်က တိုက်ခိုက်ခဲ့လို့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားရတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ ဗိုလ်ချုပ် Zolfaghari က အီရန်အပေါ် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် သတိပေးနေတာကို မြင်တွေ့ရမှာပါ။ သူက "အကယ်၍ အမေရိကန်သာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မယ်ဆိုရင် အခုပြောပြမယ့် လက်တုံ့ပြန်မှုတွေကို ချက်ချင်း အကောင်အထည်ဖော်သွားမှာပါ" လို့ ကြေညာခဲ့ပါတယ်။ "အစ္စရေးရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ စွမ်းအင် အခြေခံအဆောက်အအုံတွေ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာတွေအပြင် အမေရိကန် ရှယ်ယာရှင်တွေ ပါဝင်ပတ်သက်နေတဲ့ ဒီဒေသတွင်းက ကုမ္ပဏီအားလုံးဟာ အလုံးစုံ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Image: IRGC video via Tom's Hardware

ဗိုလ်ချုပ် Zolfaghari ရဲ့ ပြောကြားချက်တွေအပြီးမှာတော့ ဗီဒီယိုဟာ အာကာသထဲကနေ ကမ္ဘာမြေကို ရိုက်ကူးထားတဲ့ မြင်ကွင်းကို ပြောင်းလဲသွားပြီး Google Maps ကတစ်ဆင့် အဘူဒါဘီမြို့ဆီကို ဇူးမ်ဆွဲပြသခဲ့ပါတယ်။ ကမ်းခြေနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သဲကန္တာရထဲက လွတ်နေတဲ့ နေရာတစ်ခုကို ဗဟိုပြုပြသခဲ့ပြီး "Google က ဖုံးကွယ်ထားပေးပေမဲ့ ငါတို့မျက်စိအောက်ကနေ ဘာမှဖုံးကွယ်ထားလို့မရဘူး" ဆိုတဲ့ စာသားကို ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဟာ ညကြည့်မှန်ပြောင်းထဲက မြင်ကွင်းလို ပြောင်းလဲသွားပြီး အဘူဒါဘီမှာရှိတဲ့ Stargate AI Data Center ရဲ့ အတိုင်းအတာ တစ်ခုလုံးကို အထင်အရှား ပြသခဲ့ပါတယ်။

Image: IRGC video via Tom's Hardware

ဒါဟာ တကယ်ပဲ စစ်ပွဲအရှိန် မြင့်တက်လာမှာလား ဒါမှမဟုတ် အီရန်ရဲ့ ကြွားဝါမှုသက်သက်ပဲလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ အီရန်အနေနဲ့ တကယ်သာ တိုက်ခိုက်နိုင်စွမ်းရှိရင် လွန်ခဲ့တဲ့ လအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ Stargate လို ပစ်မှတ်တွေကို ဘာကြောင့် မတိုက်ခိုက်ခဲ့တာလဲဆိုတာ စဉ်းစားစရာပါ။ အရင်က Amazon AWS Data Center တွေ ထိခိုက်ခဲ့တာဟာ ပင်လယ်ကွေ့ဒေသက ကာကွယ်ရေးစနစ်တွေကို ဖောက်ထွက်နိုင်ခဲ့တဲ့ ကံကောင်းမှုသက်သက်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အီရန်ဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာ Nvidia၊ Microsoft၊ Apple၊ Google အပါအဝင် အမေရိကန် နည်းပညာကုမ္ပဏီ ၁၄ ခုကိုလည်း အလားတူ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

Image: IRGC video via Tom's Hardware

အခုအချိန်မှာတော့ နှစ်ဖက်စလုံးက လေသံလျှော့မယ့်ပုံမရှိသလို အင်အားသုံးဖို့ကိုလည်း ဝန်လေးနေကြပုံမရပါဘူး။ ဒါကြောင့် အီရန်အနေနဲ့ အမေရိကန်ရဲ့ စီးပွားရေးလုပ်ငန်းသုံး Data Center တွေကို တကယ်ပဲ အပြင်းအထန် တိုက်ခိုက်နိုင်စွမ်း ရှိ၊ မရှိ ဆိုတာကို မကြာခင်မှာ လက်တွေ့မြင်တွေ့ရနိုင်ပါတယ်။ ဒီကိစ္စဟာ အရှေ့အလယ်ပိုင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာ ၃၀ ဘီလီယံ ဆုံးရှုံးမှာထက်စာရင် အဲဒီအဆောက်အအုံတွေမှာ အလုပ်လုပ်နေကြတဲ့ လူပေါင်းများစွာရဲ့ အသက်အန္တရာယ်က ပိုပြီး စိုးရိမ်စရာကောင်းနေပါတယ်။

Image: IRGC video via Tom's Hardware

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Tom's Hardware

Post a Comment

0 Comments