![]() |
| Image: NVIDIA |
Nvidia ဟာ PC ဂိမ်းကစားသူတွေ ကြုံတွေ့နေရတဲ့ Shader compilation ကြောင့် ဂိမ်းထစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် လုပ်ဆောင်ချက်အသစ်တစ်ခုကို စတင်လိုက်ပါတယ်။ အဲဒါကတော့ Auto Shader Compilation (ASC) လို့ခေါ်တဲ့ စနစ်အသစ်ဖြစ်ပြီး ဂိမ်းထဲရောက်မှ Shader တွေကို တည်ဆောက်တာမျိုးမဟုတ်ဘဲ ဂိမ်းပြင်ပမှာတင် ကြိုတင်တည်ဆောက်ထားနိုင်မယ့် အခွင့်အရေးကို ပေးလိုက်တာပါ။ ဒီစနစ်က သင့်ရဲ့ PC ကို အသုံးမပြုဘဲ ဒီအတိုင်း Idle လုပ်ထားတဲ့အချိန်မှာ Shader တွေကို အလိုအလျောက် Update လုပ်ပေးထားမှာဖြစ်လို့ နောက်ပိုင်း ဂိမ်းကစားတဲ့အခါ အချိန်ကုန်သက်သာစေသလို ဂိမ်းထစ်တာမျိုးတွေ မဖြစ်အောင်လည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။
Shader Compilation ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အချက်တစ်ခုက Driver အသစ်တင်တိုင်း ဒါမှမဟုတ် ဂိမ်း Update ထွက်တိုင်းမှာ Shader တွေကို အသစ်ပြန်ပြီး recompile လုပ်ရတာပဲ ဖြစ်ပါတယ်။ Nvidia ရဲ့ ASC စနစ်ဟာ ကွန်ပျူတာအားနေတဲ့အချိန်မှာ ဒီအလုပ်ကို ကြိုတင်လုပ်ထားပေးမှာဖြစ်လို့ ဂိမ်းကစားနေတုန်းမှာ အသစ်ထပ်လုပ်ပေးစရာ မလိုတော့ပါဘူး။ ဒီလုပ်ဆောင်ချက်ကို Nvidia App ရဲ့ Graphics tab ထဲမှာ သွားရောက်အသုံးပြုနိုင်ပြီဖြစ်သလို အခုချက်ချင်းလုပ်ချင်တဲ့သူတွေအတွက်လည်း "Compile Now" ဆိုတဲ့ ရွေးချယ်စရာကို ထည့်သွင်းပေးထားပါတယ်။
ဒီစနစ်ကြောင့် Driver update တင်ရတာဟာ အရင်ကလောက် စိတ်ပျက်စရာ မကောင်းတော့ပါဘူး။ Driver အသစ်တင်ပြီးရင် ဂိမ်းပြန်မကစားခင်မှာပဲ ASC က Shader တွေကို အလိုအလျောက် ပြန်လည်တည်ဆောက်ပေးထားမှာပါ။ ဒါပေမဲ့ သတိထားရမယ့်အချက်ကတော့ ဒီစနစ်ဟာ အရင်က တည်ဆောက်ပြီးသား Shader တွေကိုပဲ Update လုပ်ပေးနိုင်တာဖြစ်ပြီး အင်တာနက်ကနေ ကြိုတင်တည်ဆောက်ပြီးသား pre-compiled Shader တွေကို ဒေါင်းလုဒ်ဆွဲပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဒါဟာ ဂိမ်းကစားစဉ် ထစ်ငေါ့တာတွေကို လျှော့ချပေးနိုင်သလို ဂိမ်းစဖွင့်ချိန်မှာ Loading screen မှာ စောင့်ရတဲ့အချိန်ကိုလည်း အများကြီး သက်သာစေမှာပါ။
ဂိမ်းတွေအနေနဲ့ Shader တွေကို ပထမဆုံးအကြိမ် ကိုယ်တိုင်တည်ဆောက်ဖို့ လိုအပ်နေသေးပေမဲ့ ASC က အဲဒီနောက်ပိုင်း လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်မရှိ ချောမွေ့သွားအောင် ကူညီပေးမှာပါ။ ဒါဟာ Driver အမြဲတမ်း Update တင်လေ့ရှိတဲ့ PC ဂိမ်းသမားတွေအတွက် တကယ့်ကို သတင်းကောင်းပါပဲ။ ကျွန်တော်တို့အားလုံး ကြုံဖူးကြတဲ့အတိုင်း ဂိမ်းကစားဖို့ ထိုင်လိုက်ခါမှ Compiling Shaders ဆိုတဲ့ တန်းကြီးကို ထိုင်စောင့်နေရတာမျိုး ဒါမှမဟုတ် ဂိမ်းထဲရောက်နေပေမဲ့ နောက်ကွယ်မှာ Shader တွေ တည်ဆောက်နေလို့ ဂိမ်းက ထစ်နေတာမျိုးတွေကို အခု ASC Beta ဗားရှင်းက DirectX 12 သုံးဂိမ်းတွေမှာ အကောင်းဆုံး ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။
![]() |
| Image: En Thue Tech |
Shader ဆိုတာဟာ မျက်နှာပြင်ပေါ်က pixel တိုင်းကို သတ်မှတ်ပေးတဲ့ ကုဒ်တွေဖြစ်ပြီး ဒါတွေကို GPU က နားလည်အောင် ဘာသာပြန်ပေးဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို Compilation လို့ ခေါ်တာဖြစ်ပြီး ခေတ်သစ်ဂိမ်းတွေမှာ ဒါမျိုးပေါင်း သောင်းနဲ့ချီ ဘာသာပြန်ပေးရတာပါ။ လက်ရှိမှာတော့ ဒီ ASC စနစ်ကို Nvidia App ရဲ့ Graphics tab ကနေတစ်ဆင့် Global Settings > Shader Cache ထဲမှာ သွားရောက်ဖွင့်ထားနိုင်ပါတယ်။ ဒီ Beta ဗားရှင်းကို အသုံးပြုဖို့အတွက် GeForce Game Ready Driver 595.97 WHQL ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ version လိုအပ်မှာဖြစ်ပြီး သုံးစွဲသူတွေဆီက Feedback တွေကိုလည်း Nvidia ဘက်က စောင့်မျှော်နေတယ်လို့ သိရပါတယ်။
![]() |
| Image: En Thue Tech |
တကယ်တော့ ဒါဟာ Nvidia အတွက် အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ Shader compilation ပြဿနာဟာ PC gaming လောကမှာ အကြီးမားဆုံး စိတ်အနှောင့်အယှက်တစ်ခုဖြစ်လို့ အခုလို အလိုအလျောက် ပြန်လည်တည်ဆောက်ပေးတဲ့ စနစ်ပါဝင်လာတာဟာ တကယ့်ကို အသုံးဝင်ပါတယ်။ အခုလောလောဆယ်မှာတော့ ဒါဟာ Beta အဆင့်မှာပဲ ရှိနေပြီး ပုံမှန်အားဖြင့်တော့ ပိတ်ထားမှာပါ။ အကယ်၍ ဒီ Beta က စိတ်တိုင်းကျ အလုပ်လုပ်နိုင်တယ်ဆိုရင်တော့ မကြာခင်မှာ Nvidia GPU သုံးစွဲသူ အားလုံးဆီကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: OC3D
.jpg)


0 Comments