Subscribe Us

header ads

Amazon Leo ဂြိုဟ်တုအင်တာနက်အတွက် အစ္စရေးကုမ္ပဏီနှင့်ပူးပေါင်းပြီး အင်တင်နာအသစ် စမ်းသပ်မည်

Image: Amazon

Amazon ဟာ သူတို့ရဲ့ Starlink ပြိုင်ဘက်ဖြစ်လာမယ့် Leo ဂြိုဟ်တုအင်တာနက်စနစ်နဲ့ ချိတ်ဆက်အသုံးပြုဖို့အတွက် အစ္စရေးကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး အထူးပြုလုပ်ထားတဲ့ အင်တင်နာအသစ်တစ်ခုကို စမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။ လွန်ခဲ့တဲ့အပတ်က Federal Communications Commission (FCC) ကို တင်ပြခဲ့တဲ့ မှတ်တမ်းတွေအရ Amazon ဟာ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက်ပိုင်းမှာ ဒီပစ္စည်းကိရိယာတွေကို စမ်းသပ်ဖို့အတွက် ခွင့်ပြုချက်တောင်းခံထားတာကို တွေ့ရပါတယ်။ ဒီအထူးအင်တင်နာကိုတော့ အစိုးရတွေ၊ ကာကွယ်ရေးအေဂျင်စီတွေနဲ့ လုပ်ငန်းစုကြီးတွေဆီ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေ ရောင်းချပေးနေတဲ့ အစ္စရေးကုမ္ပဏီ Get SAT က ထုတ်လုပ်ပေးတာဖြစ်ပြီး၊ အဲဒီကုမ္ပဏီကိုတော့ ပြင်သစ်လေကြောင်းနဲ့ ကာကွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Thales က ၂၀၂၄ ခုနှစ်မှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Get SAT ကုမ္ပဏီရဲ့ ထုတ်ကုန်တွေထဲမှာ Sling Blade Nano လို့ခေါ်တဲ့ ၉ ပေါင်ခန့်လေးတဲ့ အင်တင်နာဟာ Amazon ရဲ့ ကိုယ်ပိုင် ၂ ပေါင်ပဲလေးတဲ့ Leo Nano dish ထက် ပိုကြီးသလို၊ အင်တာနက်အမြန်နှုန်းလည်း 100Mbps အထိ ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ Get SAT ရဲ့ မော်ဒယ်ဟာ ပိုပြီး ကြံ့ခိုင်မှုရှိသလို စွမ်းဆောင်ရည်လည်း ပိုကောင်းနိုင်တယ်လို့ ယူဆရပါတယ်။ Get SAT ရဲ့ ကြော်ငြာစာသားတွေအရ သူတို့ရဲ့ အင်တင်နာဟာ အချက်ပြလှိုင်းဖမ်းယူမှုနဲ့ ပေးပို့မှုမှာ အလွန်ကောင်းမွန်တဲ့အတွက် ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မျိုးမှာတောင် ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်မှုကို ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။

Image via PCMag

Amazon ရဲ့ တင်ပြချက်ထဲမှာတော့ သူတို့ရဲ့ ရှေ့လာမယ့် ဂြိုဟ်တုအင်တာနက်စနစ်နဲ့ ချိတ်ဆက်ဖို့အတွက် Amazon Leo Modem Module-ALMM တပ်ဆင်ထားတဲ့ အထူး Nano အင်တင်နာတစ်စုံကို စမ်းသပ်လိုတာ ဖြစ်ပါတယ်။ Amazon အနေနဲ့ ဒီစမ်းသပ်မှုကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ အမြန်ဆုံး စတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီအထူးပြုလုပ်ထားတဲ့ SATCOM terminal မှာ GET Sat က ထုတ်လုပ်တဲ့ အင်တင်နာကို Amazon Leo က တီထွင်ထားတဲ့ Merlin ASIC မိုဒမ်ချစ်ပ်တွေ၊ ရေဒီယိုလှိုင်းထုတ်လွှင့်စနစ်တွေနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

Image via PCMag

ဒီစမ်းသပ်မှုကို အဆောက်အဦတစ်ခုရဲ့ ခေါင်မိုးပေါ်က ပုံသေနေရာတွေမှာ လုပ်ဆောင်သွားဖို့ စီစဉ်ထားတာပါ။ Amazon ဟာ အခြားပြင်ပ အင်တင်နာထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဖို့ စဉ်းစားနေတယ်လို့ FCC ကို ပြောကြားပြီး တစ်လအကြာမှာ အခုလို စမ်းသပ်ခွင့် တောင်းခံလာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် Amazon ဟာ တခြားရောင်းချသူတွေအနေနဲ့ သူတို့ရဲ့ အင်တင်နာတွေမှာ အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်မယ့် မိုဒမ် module တစ်ခုကို တီထွင်နေတာဖြစ်ပြီး၊ အခု Get SAT နဲ့ စမ်းသပ်မှုဟာ အဲဒီ module ရဲ့ စွမ်းဆောင်ရည်ကို အတည်ပြုဖို့အတွက် အရေးကြီးတဲ့ အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။

Leo နည်းပညာကို ပြင်ပကုမ္ပဏီတွေအတွက်ပါ ဖွင့်ပေးလိုက်ခြင်းက လက်ရှိမှာ သုံးစွဲသူ ၁၀ သန်းကျော်ရှိနေပြီဖြစ်တဲ့ SpaceX ရဲ့ Starlink ကို ယှဉ်ပြိုင်ဖို့ Amazon အတွက် အထောက်အကူ ဖြစ်စေမှာပါ။ SpaceX ဟာ ၂၀၂၂ ခုနှစ်ကတည်းက အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ သုံးစွဲသူတွေအတွက် Starshield ဆိုတဲ့ ဝန်ဆောင်မှုကို ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ Amazon Leo ကလည်း အလားတူပဲ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအပြင် သာမန်သုံးစွဲသူတွေကိုပါ ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားတာပါ။

လက်ရှိမှာ Leo အင်တာနက်စနစ်ကို Delta Air Lines နဲ့ JetBlue လိုမျိုး နာမည်ကြီး ကုမ္ပဏီတွေက စိတ်ဝင်စားနေကြပေမဲ့ သီးသန့်ရွေးချယ်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင် အချို့နဲ့ပဲ Private Beta အဆင့်မှာ ရှိနေပါသေးတယ်။ အခုအချိန်မှာတော့ Leo မှာ ဂြိုဟ်တုပေါင်း ၂၀၀ ခန့် ရှိနေပြီး၊ ရှေ့လာမယ့် လအနည်းငယ်အတွင်းမှာ ဂြိုဟ်တုရာပေါင်းများစွာ ထပ်မံလွှတ်တင်သွားဖို့ စီစဉ်ထားသလို ဂြိုဟ်တုကွန်ရက် လည်ပတ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို တိုးမြှင့်ပေးဖို့လည်း FCC ကို တောင်းဆိုထားပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: PCMag

Post a Comment

0 Comments