![]() |
| Image: Ubisoft |
ဂိမ်းလောကရဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Ubisoft ဟာ နှစ်ပေါင်းများစွာ အားခဲပြီး ထုတ်လုပ်ဖို့ ကြိုးစားခဲ့တဲ့ Prince of Persia: The Sands of Time Remake ကို နောက်ဆုံးမှာတော့ လုံးဝဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ဒီဂိမ်းဟာ Ubisoft ရဲ့ CEO ဖြစ်သူ Yves Guillemot က ရေရှည်တည်တံ့တဲ့ တိုးတက်မှုဆီ ပြန်လည်ရောက်ရှိဖို့ ရည်ရွယ်ပြီး ကုမ္ပဏီဖွဲ့စည်းပုံကို အကြီးအကျယ် ပြန်လည်ပြင်ဆင်တဲ့ အစီအစဉ်အရ ဖျက်သိမ်းလိုက်တဲ့ ပရောဂျက် ၆ ခုထဲက တစ်ခုလည်း ဖြစ်ပါတယ်။
CEO Guillemot ရဲ့ ပြောကြားချက်အရ ဒီအပြောင်းအလဲရဲ့ ဗဟိုချက်ကတော့ Creative Houses လို့ခေါ်တဲ့ လုပ်ငန်းစုတွေပဲ ဖြစ်ပါတယ်။ အရင်က ထုတ်လုပ်ရေးနဲ့ ဖြန့်ချိရေး ကွဲပြားနေတာမျိုး မဟုတ်တော့ဘဲ ဂိမ်းကစားသူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်ဖို့ ဒီကဏ္ဍနှစ်ခုကို ပေါင်းစည်းလိုက်တာပါ။
တစ်ခုချင်းစီမှာ ကိုယ်ပိုင်ဂိမ်းအမျိုးအစားနဲ့ အမှတ်တံဆိပ်အလိုက် တာဝန်ယူမှုအပြည့်ရှိမှာဖြစ်ပြီး၊ ဆုံးဖြတ်ချက်တွေကို ပိုမိုမြန်ဆန်စွာ ချမှတ်နိုင်မယ့် ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ စနစ်သစ်တစ်ခု ဖြစ်လာမှာပါ။
ဒီ Creative House ဆိုတဲ့ စကားလုံးက သင့်အတွက် ရင်းနှီးနေတယ်ဆိုရင် ဒါဟာ ၂၀၂၅ ခုနှစ်တုန်းက Tencent ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စတင်ခဲ့တဲ့ Vantage Studios ကြောင့် ဖြစ်ပါလိမ့်မယ်။ အခုဆိုရင် အဲဒီပုံစံအတိုင်း Creative House ငါးခုအထိ ခွဲခြားလိုက်ပြီ ဖြစ်ပါတယ်-
![]() | |
|
အခုဆိုရင် အုပ်စု ၅ ခုကို ဒီလို ခွဲခြားထားပါတယ်-
- CH1 (Vantage Studios): ဒါကတော့ Tencent ရဲ့ ကျောထောက်နောက်ခံ ပါဝင်ပြီး အောင်မြင်ပြီးသား Assassin’s Creed၊ Far Cry နဲ့ Rainbow Six လို ဂိမ်းတွေကို နှစ်စဉ် ဘီလီယံနဲ့ချီ အမြတ်ရမယ့် "Billionaire Brands" တွေဖြစ်အောင် လုပ်ဆောင်သွားမယ့် အုပ်စုပါ။
- CH2: ဒီအုပ်စုကတော့ The Division၊ Ghost Recon နဲ့ Splinter Cell လိုမျိုး အပြိုင်အဆိုင် ပစ်ခတ်ရတဲ့ Shooter ဂိမ်းတွေကို အဓိကထားမှာပါ။
- CH3: For Honor၊ The Crew နဲ့ Skull & Bones လိုမျိုး အွန်လိုင်းကနေ အစဉ်အမြဲ ဝန်ဆောင်မှုပေးနေရတဲ့ Live Experiences ဂိမ်းတွေအတွက်ပါ။
- CH4: ပုံပြင်ဆန်ဆန် ကမ္ဘာတွေနဲ့ ဇာတ်လမ်းသွား ဂိမ်းတွေဖြစ်တဲ့ Rayman၊ Prince of Persia နဲ့ Beyond Good & Evil တို့ကို စီမံမှာဖြစ်ပါတယ်။ (Prince of Persia Remake ကို ဖျက်သိမ်းလိုက်ပေမယ့် ဒီ Franchise ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။)
- CH5: ဒါကတော့ မိသားစုနဲ့ ကလေးတွေအတွက် သင့်တော်တဲ့ Just Dance နဲ့ Uno လိုမျိုး Casual ဂိမ်းတွေကို ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်မယ့် အုပ်စုပဲ ဖြစ်ပါတယ်။
![]() | |
|
ဒီဖွဲ့စည်းပုံ ပြင်ဆင်မှုကြောင့် Prince of Persia Remake အပါအဝင် ဂိမ်း ၆ ခုကို ဖျက်သိမ်းလိုက်ရသလို၊ တခြား မကြေညာရသေးတဲ့ ဂိမ်း ၇ ခုကိုလည်း ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။ Prince of Persia အဖွဲ့သားတွေကတော့ "ဒီပရောဂျက်က တကယ်ကို အလားအလာကောင်းခဲ့ပေမဲ့ ခင်ဗျာတို့ ရသင့်ရထိုက်တဲ့ အရည်အသွေးမျိုး မပေးနိုင်မှာ စိုးရိမ်တာကြောင့် အခုလို ရပ်ဆိုင်းလိုက်ရတာပါ" လို့ X (Twitter) မှာ ရေးသားထားပါတယ်။ ဒါပေမဲ့ ဒါဟာ ဒီစီးရီးတစ်ခုလုံးကို စွန့်လွှတ်လိုက်တာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တစ်ဖက်မှာလည်း ဝန်ထမ်းလျှော့ချမှုတွေနဲ့ စတူဒီယို ပိတ်သိမ်းမှုတွေက ဆက်ရှိနေဦးမှာပါ။ မကြာသေးခင်ကမှ Stockholm နဲ့ Halifax စတူဒီယိုတွေကို ပိတ်ခဲ့သလို၊ အခုလည်း ကုန်ကျစရိတ်လျှော့ချဖို့အတွက် တခြားစတူဒီယို အချို့ကိုပါ ထပ်မံပိတ်သိမ်းသွားဦးမယ်လို့ CEO က ဆိုပါတယ်။ ဒီဆုံးဖြတ်ချက်တွေဟာ ခက်ခဲပေမဲ့ ကုမ္ပဏီ ပိုမိုထိရောက်ပြီး ရေရှည်ရှင်သန်နိုင်ဖို့အတွက် မဖြစ်မနေ လုပ်ရတာပါလို့ သူက ရှင်းပြခဲ့ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: PC Gamer



0 Comments