Subscribe Us

header ads

Windows 11 Update KB5074109 က Nvidia GPU များ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေသည်ဟု သတင်းများထွက်ပေါ်

Windows 11 ရဲ့ နောက်ဆုံးထွက် Update ဖြစ်တဲ့ KB5074109 ဟာ လုံခြုံရေးပိုင်းအရ အရေးကြီးပေမဲ့ ဂိမ်းကစားသူတွေအတွက်တော့ စိတ်ပျက်စရာတွေ ဖြစ်လာနေပါတယ်။ ဒီ Update ကို တင်ပြီးနောက်မှာ Nvidia Graphics Card အသုံးပြုသူအတော်များများဟာ ဂိမ်းဆော့တဲ့အခါ Performance ကျသွားပြီး FPS ၁၅ ကနေ ၂၀ ဝန်းကျင်အထိ လျော့နည်းသွားတယ်လို့ တိုင်ကြားနေကြပါတယ်။

တကယ်တော့ ဒီ Update ဟာ လုံခြုံရေးအားနည်းချက်ပေါင်း ၁၁၄ ခုကို ပြင်ဆင်ပေးထားတာဖြစ်လို့ တင်ထားသင့်တဲ့ Update တစ်ခုပါ။ ဒါ့အပြင် AI PC တွေမှာပါတဲ့ NPU စနစ်ကြောင့် ဘက်ထရီအားကုန်မြန်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးထားပါသေးတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ Nvidia အသုံးပြုသူတွေဆီမှာပဲ ဒီလိုစွမ်းဆောင်ရည်ကျတဲ့ ပြဿနာကို အဓိကတွေ့နေရပြီး တခြား GPU သုံးစွဲသူတွေမှာလည်း သက်ရောက်မှုရှိနိုင်မလားဆိုတာ စောင့်ကြည့်နေရဆဲ ဖြစ်ပါတယ်။

Gaming ပိုင်းတင်မကဘဲ တခြားကြီးမားတဲ့ ပြဿနာအချို့လည်း ပါလာပါသေးတယ်။ အထူးသဖြင့် အလုပ်ကိစ္စအတွက် Azure Virtual Desktop (AVD) ကို သုံးရသူတွေမှာ Error 0x8008005 ပြပြီး ချိတ်ဆက်လို့မရတော့တဲ့အတွက် အလုပ်တွေပါ ရပ်တန့်ကုန်ကြပါတယ်။ ဒါ့အပြင် USB Drive တွေကို FAT32 စနစ်နဲ့ Format ရိုက်လို့မရတော့တဲ့ ထူးထူးဆန်းဆန်း Bug တစ်ခုလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Nvidia ကတ်သမားတွေအတွက် Windows Update ကြောင့် ဂိမ်းဆော့ရတာ အဆင်မပြေဖြစ်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာတုန်းက ထွက်ခဲ့တဲ့ Update မှာလည်း အလားတူပြဿနာမျိုး ဖြစ်ခဲ့ဖူးပါတယ်။ အခု KB5074109 ကြောင့်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကိုတော့ အတိအကျမသိရသေးသလို Driver update နဲ့ ပြင်လို့ရမရဆိုတာလည်း မသေချာသေးပါဘူး။

Microsoft ကတော့ Windows 11 ကို ပိုပြီးမြန်ဆန်သွက်လက်အောင် လုပ်ဆောင်နေပါတယ်လို့ ပြောထားပေမဲ့ အခုလို Update တိုင်းမှာ ပြဿနာတွေ ပါလာနေတာကြောင့် သုံးစွဲသူတွေကြားမှာ ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။ လောလောဆယ်မှာတော့ ဒီပြဿနာတွေ ကြုံနေရရင် Update ကို ဖယ်ရှားတာ ဒါမှမဟုတ် System Restore လုပ်တာကပဲ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်နေပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: OC3D


Post a Comment

0 Comments