Subscribe Us

header ads

ရုပ်ထွက်ပိုမိုကောင်းမွန်လာသော်လည်း GPU အဟောင်းများကို ဝန်ပိစေမည့် Nvidia DLSS 4.5 နည်းပညာအသစ် ထွက်ရှိလာ


Image: NVIDIA

Nvidia ဟာ CES 2026 ပွဲမှာ DLSS 4.5 Super Resolution နည်းပညာကို မိတ်ဆက်ခဲ့ပြီး တစ်ပတ်အကြာမှာတင် အားလုံးအသုံးပြုနိုင်ဖို့အတွက် တရားဝင် ဖြန့်ချိပေးလိုက်ပါပြီ။ အရင်အပတ်ကတော့ Beta စမ်းသပ်သူတွေပဲ သုံးခွင့်ရခဲ့တာဖြစ်ပြီး အခုတော့ Nvidia App ကို အသုံးပြုနေတဲ့ GeForce ကတ်ပိုင်ရှင်တိုင်း App ကို update လုပ်လိုက်ရုံနဲ့ ဒီနည်းပညာအသစ်ကို ရရှိမှာဖြစ်ပါတယ်။

Image via TechSpot

ဒီဗားရှင်းအသစ်ကို အဆင့်မြှင့်တင်ဖို့အတွက် Nvidia App ထဲက Graphics tab ကိုသွားပြီး DLSS Override အပိုင်းမှာ "Recommended" ဆိုတာကို ရွေးချယ်ပေးရပါမယ်။ အဲ့ဒီမှာ Preset M၊ L နဲ့ K ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲလာတာကို တွေ့ရမှာပါ။ အထူးသဖြင့် ဂိမ်းထဲက Performance နဲ့ Ultra Performance mode တွေမှာ ရုပ်ထွက်ပိုင်း သိသိသာသာ ကွာခြားသွားတာကို တွေ့ရလိမ့်မယ်လို့ Nvidia က ဆိုထားပါတယ်။

DLSS 4.5 ဟာ ဒုတိယမျိုးဆက် Transformer Model ကို အသုံးပြုထားတာဖြစ်ပြီး ပိုမိုများပြားတဲ့ ဒေတာတွေနဲ့ လေ့ကျင့်ပေးထားတာကြောင့် အရင် DLSS 4 ထက်စာရင် ရုပ်ထွက်အရည်အသွေး ပိုပြီး ကြည်လင်ပြတ်သားလာမှာပါ။ ဒီအချက်ကို Digital Foundry နဲ့ Linus Tech Tips တို့လို နည်းပညာသုံးသပ်သူတွေကလည်း အသိအမှတ်ပြုထားကြပါတယ်။ ဒါပေမဲ့ ရုပ်ထွက်ကောင်းလာတာနဲ့အမျှ GPU အပေါ် တွက်ချက်မှုဝန်ပိစေတဲ့အတွက် Performance ပိုင်းမှာတော့ အနည်းငယ် ထိခိုက်မှုရှိနိုင်ပါတယ်။

အထူးသဖြင့် RTX 2000 နဲ့ RTX 3000 series လို ကတ်အဟောင်းတွေမှာဆိုရင် FP8 processing hardware သီးသန့်မပါတဲ့အတွက် DLSS 4 နဲ့ယှဉ်ရင် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတာမျိုး ကြုံရနိုင်ပါတယ်။ ဒါ့အပြင် Nvidia ဟာ 6X mode အထိ ပါဝင်လာမယ့် DLSS 4.5 Multi Frame Generation (MFG) နည်းပညာကိုလည်း ထုတ်ပြခဲ့ပါသေးတယ်။ ဒါဟာ မူလရုပ်ထွက် တစ်ပုံချင်းစီအတွက် ကြားထဲမှာ ပုံရိပ် ၅ ခုအထိ အပိုဖန်တီးပေးနိုင်မှာဖြစ်လို့ ဂိမ်းကစားရာမှာ အရှိန်အဟုန် အလွန်မြန်ဆန်သွားစေမှာပါ။

ဒီ MFG နည်းပညာသစ်မှာ Dynamic mode လည်း ပါဝင်လာမှာဖြစ်ပြီး အသုံးပြုသူရဲ့ monitor refresh rate အလိုက် လိုအပ်သလောက် frame အရေအတွက်ကိုပဲ အလိုအလျောက် ချိန်ညှိဖန်တီးပေးသွားမှာပါ။ ဒါပေမဲ့ ဒီ Dynamic MFG 6x mode ကတော့ လာမယ့်နွေဦးကာလကျမှ ထွက်ရှိမှာဖြစ်သလို RTX 5000 series ကတ်ပိုင်ရှင်တွေပဲ သီးသန့် သုံးခွင့်ရမယ့် နည်းပညာဖြစ်နေပါတယ်။

Source: TechSpot

Post a Comment

0 Comments