Subscribe Us

header ads

Nvidia က MSRP စျေးနှုန်းကို ဖျက်သိမ်းလိုက်ပြီဆိုသည့်သတင်းကြောင့် GPU ဈေးနှုန်း မြင့်တက်လာဖွယ်ရှိ

နာမည်ကြီးဂရပ်ဖစ်ကတ်တွေကို ကုမ္ပဏီကကြေညာထားတဲ့ မူရင်းဈေးနှုန်း (MSRP) အတိုင်း ဝယ်ဖို့ဆိုတာ အခုခေတ်မှာ တော်တော်လေးခက်ခဲနေပါပြီ။ တချို့ဆိုရင် လုံးဝမဖြစ်နိုင်တဲ့အထိတောင် ရှိနေတာပါ။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် Nvidia ကတ်တွေကို ရှာနေတဲ့သူတွေအတွက် ကုမ္ပဏီကသတ်မှတ်ထားတဲ့ မူရင်းဈေးနှုန်းဆိုတာ မကြာခင်မှာ အဓိပ္ပာယ်မရှိတဲ့အရာတစ်ခု ဖြစ်သွားတော့မယ့်ပုံပါပဲ။

ဒီသတင်းကို ဂျာမနီနိုင်ငံသား နည်းပညာရှင်နဲ့ Thermal Grizzly ကုမ္ပဏီရဲ့ CEO ဖြစ်သူ Roman Hartung (der8auer) က သူ့ရဲ့ဗီဒီယိုမှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။ သူ့ရဲ့ပြောပြချက်အရ Nvidia ဟာ Asus နဲ့ Gigabyte လိုမျိုး မိတ်ဖက်ထုတ်လုပ်ရေးကုမ္ပဏီတွေကို ပေးနေကျ လျှော့ဈေးအစီအစဉ်တစ်ခုဖြစ်တဲ့ "OPP" ကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအစီအစဉ်ဟာ ထုတ်လုပ်သူတွေဘက်က ဂရပ်ဖစ်ကတ်အချို့ကို Nvidia သတ်မှတ်တဲ့ ဈေးနှုန်းချိုချိုသာသာနဲ့ ရောင်းချပေးနိုင်အောင် Nvidia ဘက်ကနေ ပြန်အမ်းငွေ ဒါမှမဟုတ် လျှော့ဈေးတွေပေးပြီး ထောက်ပံ့ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂရပ်ဖစ်ကတ်လောကတစ်ခုလုံးဟာ ဖရိုဖရဲဖြစ်နေပါတယ်။ အဓိကအစိတ်အပိုင်းဖြစ်တဲ့ Memory chip ဈေးနှုန်းတွေက အဆမတန်တက်နေသလို AI ဒေတာစင်တာတွေအတွက် လိုအပ်ချက်ကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာပါ။ ဒါကြောင့် Nvidia အနေနဲ့ ဈေးသက်သက်သာသာနဲ့ RAM အများကြီးပါတဲ့ RTX 5060 Ti (16GB) ဒါမှမဟုတ် 5070 Ti လိုမျိုး လူသုံးများမဲ့ ကတ်တွေကို ထုတ်လုပ်ဖို့ထက် အမြတ်အစွန်းပိုများတဲ့ ဘက်ကိုပဲ အာရုံစိုက်လာတော့မဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပစ္စည်းပြတ်လပ်မှုတွေနဲ့အတူ မှောင်ခိုရောင်းချသူတွေကလည်း အမြတ်ကြီးစားဖို့ စောင့်နေကြပါတယ်။ Hartung ရဲ့ ခန့်မှန်းချက်အရ Nvidia ဟာ သူတို့ရဲ့ ထုတ်လုပ်မှုကို ဈေးပိုကြီးတဲ့ RTX 5080 ဘက်ကို ပိုလှည့်လာနိုင်ပြီး အဲ့ဒီကတ်ရဲ့ဈေးနှုန်းကတောင်မှ မူရင်းထက် ၄၀ ကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ ထပ်တက်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ မှောင်ခိုဈေးမပါသေးခင်မှာတင် တက်မယ့်ဈေးနှုန်း ဖြစ်ပါတယ်။

ဒီသတင်းက ရာနှုန်းပြည့် အတည်မပြုနိုင်သေးဘူးဆိုပေမဲ့ လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင်တော့ Nvidia အနေနဲ့ အမြတ်အများဆုံးရမယ့် AI ကဏ္ဍကိုပဲ ဦးစားပေးမှာကတော့ သေချာသလောက်ရှိနေပါတယ်။ ဒါကြောင့် ဂိမ်းဆော့ဖို့ ဒါမှမဟုတ် အလုပ်အတွက် ဂရပ်ဖစ်ကတ်အသစ်ဝယ်ဖို့ စောင့်နေတဲ့ သာမန်သုံးစွဲသူတွေအတွက်ကတော့ ရှေ့လျှောက် ပစ္စည်းရဖို့ခက်ခဲတာရော ဈေးနှုန်းကြီးမြင့်တာကိုပါ ရင်ဆိုင်ရတော့မယ့် သဘောရှိနေပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: PC World

Post a Comment

0 Comments