![]() |
| Image: Gskill |
လက်ရှိ ကြုံတွေ့နေရတဲ့ Memory နဲ့ Storage ချစ်ပ်ပြား ပြတ်လပ်မှု အကျပ်အတည်းကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဈေးကစားသူ Scalper တွေဟာ အဆင့်မြင့် Bot တွေကို အသုံးပြုပြီး ဈေးကွက်ကို စောင့်ကြည့်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဝဘ်ဆိုဒ်တွေကို Bot တိုက်ခိုက်မှုကနေ ကာကွယ်ပေးတဲ့ DataDome ကုမ္ပဏီရဲ့ အဆိုအရ ဒီ Bot တွေရဲ့ လုပ်ဆောင်ချက် ပြင်းထန်မှုကို သိသာစေဖို့အတွက် DataDome က တစ်နာရီစာအတွင်း requests ပေါင်း ၅၀,၀၀၀ ကျော်ကို နမူနာယူပြီး စစ်ဆေးခဲ့ပါတယ်။ အဲဒီအခါမှာ ထူးခြားတဲ့ RAM အမျိုးအစား ၉၁ မျိုးကို တစ်မျိုးချင်းစီအလိုက် ပျမ်းမျှအကြိမ်ရေ ၅၅၁ ကြိမ်နှုန်းနဲ့ Bot တွေက ဝင်ရောက်ကြည့်ရှုနေတာကို တွေ့ရှိခဲ့ရတာပါ။
ဒါဟာ RAM kit တစ်ခုချင်းစီရဲ့ လက်ကျန်ပစ္စည်း အခြေအနေကို ၆.၅ စက္ကန့်တိုင်းမှာ တစ်ကြိမ်နှုန်းနဲ့ စစ်ဆေးနေတဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ထပ်ခါတလဲလဲ ပစ်မှတ်ထားပြီး စောင့်ကြည့်နေတဲ့ ပုံစံဟာ ပစ္စည်းရတာနဲ့ ချက်ချင်းဝယ်ယူပြီး ပြန်လည်ဈေးတင်ရောင်းဖို့ (Reselling) အတွက် ဈေးနှုန်းတွေကို အလိုအလျောက် စောင့်ကြည့်နေတာဖြစ်ကြောင်း သိသာစေပါတယ်။
ဒီအခြေအနေကိုကြည့်ရင် Scalper တွေဟာ သာမန်လူတွေထက် အဆပေါင်းများစွာ မြန်ဆန်တဲ့ နည်းပညာကိုသုံးပြီး ဈေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတာပါ။ ဒါကြောင့်လည်း ပုံအသုံးပြုသူတစ်ယောက် ဝယ်ယူတဲ့အခါမှာ ပစ္စည်းပြတ်လပ်တာ ဒါမှမဟုတ် ဈေးနှုန်းတွေ အဆမတန် တက်နေတာမျိုးတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒီ Bot တွေဟာ သာမန်လူတွေ ဝယ်ယူတဲ့ ပစ္စည်းတွေကိုတင် မကဘဲ DIMM sockets တွေ၊ CAMM2 connectors တွေနဲ့ စက်မှုလုပ်ငန်းသုံး Memory module တွေအထိပါ ထောက်ပံ့ရေးကွင်းဆက် တစ်ခုလုံးကို ဖြန့်ကျက်ပြီး စောင့်ကြည့်နေတာပါ။
ထူးခြားတာက ဒီ Bot တွေဟာ လူတွေ အသုံးပြုနေသယောင် ထင်မှတ်မှားအောင် နေ့ညအချိန်ဇယားတွေနဲ့ လုပ်ဆောင်သလို၊ နောက်ဆုံးရ အချက်အလက်တွေကို ရရှိဖို့အတွက် Cache-busting လိုမျိုး နည်းပညာမြင့် နည်းလမ်းတွေကိုလည်း အသုံးပြုထားကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ RAM စာရင်းတွေကိုပဲ သီးသန့်ပစ်မှတ်ထားတာ၊ ရှာဖွေတာ ဒါမှမဟုတ် ဈေးဝယ်လှည်းထဲ ထည့်တာမျိုးတွေ လုပ်တာကြောင့် Bot တွေဖြစ်မှန်း သိသာစေခဲ့ပါတယ်။
အခုလိုမျိုး Scalper တွေ ဈေးကစားတာဟာ အီလက်ထရွန်နစ်လောကမှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အရင်ကလည်း PlayStation 5 Pro 30th Anniversary၊ RTX 5090 GPU နဲ့ DDR5 Kit တွေကို မူလဈေးထက် ၇ ဆလောက်အထိ တင်ရောင်းတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ ပိုပြီး စနစ်တကျနဲ့ နည်းပညာမြင့်မြင့် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါဟာ AI နည်းပညာ အရှိန်အဟုန်နဲ့ တိုးတက်လာမှုကြောင့် Data Center တွေက ကမ္ဘာ့ Memory ထောက်ပံ့မှုရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို သိမ်းပိုက်ထားတဲ့ အကျိုးဆက်လည်း ဖြစ်ပါတယ်။
ပညာရှင်တွေကတော့ ဒီအခြေအနေဟာ နောက်ထပ် နှစ်အနည်းငယ်အထိ ဆက်ဖြစ်နေမယ်ဆိုရင် ၂၀၂၈ ခုနှစ်လောက်မှာ ဈေးသက်သာတဲ့ Entry-level PC တွေ ကွယ်ပျောက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Micron၊ Samsung နဲ့ SK hynix လို ကုမ္ပဏီကြီးတွေက ထုတ်လုပ်မှုကဏ္ဍကို တိုးမြှင့်ပြီး ဈေးနှုန်းတွေ ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်ရပေမဲ့ စက်ရုံအသစ်တွေ တည်ဆောက်ဖို့ လနဲ့ချီ၊ နှစ်နဲ့ချီ ကြာမြင့်နိုင်တာကြောင့် အခြေအနေကတော့ စိန်ခေါ်မှုတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။
Source: Tom's Hardware

0 Comments