![]() |
| Image: Reuters via Techpowerup |
DRAM နဲ့ NAND flash memory တွေ အလွန်အမင်း ပြတ်လပ်နေတဲ့ဒဏ်ကြောင့် ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ လူသုံးကုန် အီလက်ထရွန်နစ်ထုတ်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီအတော်များများ လုပ်ငန်းရပ်ဆိုင်းရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ Phison ရဲ့ CEO ဖြစ်သူ Chien Chen Pang က သတိပေးလိုက်ပါတယ်။ ထိုင်ဝမ်အခြေစိုက် Era News နဲ့ အင်တာဗျူးမှာ သူက အခုလို ပြောကြားခဲ့တာဖြစ်ပြီး၊ အထူးသဖြင့် ဈေးနှုန်းချိုသာတဲ့ ပစ္စည်းတွေထုတ်လုပ်ပြီး memory အနည်းငယ်စီ အသုံးပြုနေရတဲ့ (ဥပမာ- TV set-top boxes၊ Wi-Fi routers နဲ့ smart TVs) ကုမ္ပဏီတွေကြားမှာ အစုလိုက်အပြုံလိုက် လုပ်ငန်းရပ်ဆိုင်းမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
အခြေအနေက ဘယ်လောက်အထိ ဆိုးရွားနေသလဲဆိုရင် Smart TV တွေမှာသုံးတဲ့ 8 GB eMMC chip တစ်ခုရဲ့ ဈေးနှုန်းဟာ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ၁.၅ ဒေါ်လာပဲ ရှိခဲ့ရာကနေ အခုဆိုရင် ဒေါ်လာ ၂၀ နီးပါးအထိ ခုန်တက်သွားတာက သက်သေပါပဲ။ ဒီလိုမျိုး အစိတ်အပိုင်းဈေးနှုန်းတွေ မြင့်တက်လာတာဟာ ဒေါ်လာ ၁၀၀ အောက် ဈေးနှုန်းသတ်မှတ်ထားတဲ့ လူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းလောကတစ်ခုလုံးကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။
ဈေးနှုန်းကြီးမြင့်လာရုံသာမက နောက်ထပ်ပြဿနာတစ်ခုကတော့ ပစ္စည်းမရတာပဲ ဖြစ်ပါတယ်။ လက်ရှိ Memory ဈေးကွက်ဟာ ရောင်းချသူကပဲ အရာရာကို ထိန်းချုပ်ထားတဲ့ အခြေအနေကို ရောက်နေပြီး၊ အော်ဒါတွေကို နောက်ထပ် သုံးနှစ်စာအထိ ကြိုတင်မှာယူထားကြရပါတယ်။ ဆိုလိုတာက သင်ဟာ အခုချက်ချင်း DRAM ချစ်ပ်တွေကို မှာယူမယ်ဆိုရင်တောင် ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ပစ္စည်းရဖို့ မသေချာတဲ့ အနေအထားပါ။
ဒါပေမဲ့ ဒီအကျပ်အတည်းဟာ ဆယ်စုနှစ်တစ်ခုရဲ့ အကုန်ပိုင်းလောက်မှာတော့ ပြန်လည်ပြေလည်သွားနိုင်ခြေ ရှိပါတယ်။ Memory ထုတ်လုပ်သူတွေက စက်ရုံအသစ်တွေ ထပ်မံတိုးချဲ့လာတာ၊ စက်မှုလုပ်ငန်းရှင်တွေရဲ့ ဖိအားကြောင့် တရုတ်နိုင်ငံက DRAM နဲ့ NAND flash ကုမ္ပဏီတွေ ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်လာနိုင်တာ စတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေကြောင့် အခြေအနေ ပြန်ကောင်းလာနိုင်တယ်လို့ ယူဆရပါတယ်။ Phison ကုမ္ပဏီဟာ SSD၊ Flash drive နဲ့ Memory card တွေမှာသုံးတဲ့ Controller တွေကို အဓိက ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။
Source: Techpowerup

0 Comments