![]() |
| Image via Techpowerup |
Intel ဟာ ၁၉၈၅ ခုနှစ်မှာ Memory ဈေးကွက်ကနေ ထွက်ခွာခဲ့ပြီးနောက် နှစ်ပေါင်း ၄၀ ကြာမှ SoftBank ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Saimemory နဲ့ ပူးပေါင်းပြီး Z-Angle Memory (ZAM) ဆိုတဲ့ နည်းပညာသစ်နဲ့အတူ DRAM လောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာပါတယ်။ လက်ရှိ AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်နေချိန်မှာ Memory လိုအပ်ချက်ကလည်း အဆမတန် မြင့်မားနေတာကြောင့် Intel အနေနဲ့ ဒါကို အခွင့်ကောင်းယူပြီး ပြိုင်ဘက်ကင်းတဲ့ နည်းပညာတစ်ခု ချပြလိုက်တာပါ။
ဒီ ZAM နည်းပညာဟာ လက်ရှိသုံးနေကြတဲ့ HBM (High Bandwidth Memory) တွေထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိလာမှာပါ။ Intel ရဲ့ Next Generation DRAM Bonding (NGDB) နည်းပညာကို အခြေခံထားပြီး မျက်နှာပြင်တစ်ခုတည်းမှာပဲ Memory လွှာတွေကို ဒေါင်လိုက် (Z-axis) ဆင့်ပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ သူဟာ စွမ်းအင်သုံးစွဲမှုကို ၄၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာဖြစ်သလို Chip တစ်ခုတည်းမှာတင် Memory ပမာဏ 512 GB အထိ ပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။
နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင် ZAM ဟာ ကြေးနီနဲ့ ကြေးနီ ချိတ်ဆက်တဲ့ Hybrid Bonding စနစ်ကို သုံးထားတာကြောင့် အလွှာတစ်ခုနဲ့တစ်ခုကြား ဆက်သွယ်မှုက ပိုမိုမြန်ဆန်ပြီး monolithic လို့ခေါ်တဲ့ တစ်သားတည်းကျတဲ့ ပုံစံမျိုး ဖြစ်နေမှာပါ။ ဒါ့အပြင် Intel ရဲ့ EMIB နည်းပညာကိုသုံးပြီး AI Chip နဲ့ Memory ကို တိုက်ရိုက်ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ AI Data Center တွေမှာ ကြုံတွေ့နေရတဲ့ အပူချိန်တက်တဲ့ ပြဿနာနဲ့ ဒေတာစီးဆင်းမှု နှေးကွေးတဲ့ ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
SoftBank ကတော့ ဒီပူးပေါင်းမှုကတစ်ဆင့် သူတို့ရဲ့ ကိုယ်ပိုင် Izanagi AI Chip တွေမှာ ဒီ ZAM နည်းပညာကို ထည့်သွင်းအသုံးပြုပြီး နည်းပညာလောကကို ဦးဆောင်ဖို့ ပြင်ဆင်နေပါတယ်။ Intel အနေနဲ့လည်း ဒီနည်းပညာကို Nvidia လိုမျိုး AI လောကရဲ့ ထိပ်သီးကုမ္ပဏီတွေက သူတို့ရဲ့ Chip တွေမှာ ထည့်သွင်းသုံးစွဲလာအောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အစီအစဉ်အရဆိုရင် ၂၀၂၇ ခုနှစ်မှာ ပထမဆုံး Prototype နမူနာတွေကို မြင်တွေ့ရမှာဖြစ်ပြီး ၂၀၂၉ သို့မဟုတ် ၂၀၃၀ ခုနှစ်ဝန်းကျင်မှာတော့ ဈေးကွက်ထဲကို အမှန်တကယ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Wccftech

0 Comments