![]() |
| Image via TechSpot |
8K OLED နဲ့ LCD တီဗွီတွေကို အဓိကထုတ်လုပ်နေတဲ့ LG ကုမ္ပဏီဟာ ဒီနည်းပညာကဏ္ဍကနေ တရားဝင် နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ လူကြိုက်မများခင်မှာတင် 8K ခေတ်ကြီး နိဂုံးချုပ်သွားတာလို့တောင် ပြောလို့ရပါတယ်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ LG ရဲ့ နာမည်ကြီး 8K မော်ဒယ်တွေဖြစ်တဲ့ Z3 OLED နဲ့ QNED99T စီးရီးတွေကို ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပြီး ၂၀၂၆ ခုနှစ်အတွက်လည်း မော်ဒယ်သစ် ထုတ်ဖို့အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။
တကယ်တော့ LG ဟာ ၂၀၁၉ ခုနှစ်တုန်းက ၈၈ လက်မရှိတဲ့ Z9 မော်ဒယ်နဲ့ 8K လောကကို ဟိုးဟိုးကျော်အောင် စတင်ခဲ့တာပါ။ ပုံရိပ်ကြည်လင်ပြတ်သားမှုမှာ 4K ထက် နှစ်ဆပိုကောင်းတဲ့အတွက် နည်းပညာပိုင်းအရ အားကျစရာဖြစ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ကြည့်စရာ ရုပ်ရှင်နဲ့ ဗီဒီယိုတွေ မရှိတာက အဓိကပြဿနာ ဖြစ်ခဲ့ပါတယ်။ နာမည်ကြီး Streaming ပလပ်ဖောင်းတွေကလည်း လိုင်းဆွဲအား အလွန်စားတဲ့ 8K အတွက် စိတ်မဝင်စားကြသလို PlayStation 5 Pro လိုမျိုး 8K ကို ထောက်ပံ့ပေးနိုင်တဲ့ စက်တွေ ပေါ်လာချိန်မှာတောင် တီဗွီတွေဘက်က အဆင်သင့်မဖြစ်တာမျိုးတွေ ကြုံခဲ့ရပါတယ်။
ဒီအခြေအနေဟာ LG တစ်ခုတည်းတင် မဟုတ်ပါဘူး။ TCL ဟာ ၂၀၂၃ ခုနှစ်မှာ 8K ကိုလက်လျှော့ခဲ့သလို Sony ကလည်း ၂၀၂၅ ခုနှစ်မှာ 8K ဈေးကွက်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ Panasonic နဲ့ Philips တို့ဆိုရင်လည်း 8K ကို စမ်းသပ်ရုံသာလုပ်ခဲ့ပြီး ဈေးကွက်က အဆင်သင့်မဖြစ်သေးဘူးလို့ သတ်မှတ်ခဲ့ကြပါတယ်။ လောလောဆယ်မှာ Samsung တစ်ခုတည်းကပဲ 8K ကို ဆက်လက်ဆုပ်ကိုင်ထားပြီး ၂၀၂၆ ခုနှစ်အတွက် QN990H ဆိုတဲ့ မော်ဒယ်တစ်မျိုးတည်းကိုပဲ ထုတ်လုပ်ဖို့ ရှိပါတယ်။
ပညာရှင်တွေရဲ့ အဆိုအရ 8K ဟာ သာမန်မျက်စိနဲ့ ကြည့်ရင် 4K နဲ့ သိသိသာသာ ကွာခြားမှုမရှိတာကြောင့် သုံးစွဲသူတွေက ဈေးကြီးပေးပြီး မဝယ်ချင်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တီဗွီထုတ်လုပ်သူတွေဟာ Resolution ပိုမြှင့်ဖို့ထက် OLED ရုပ်ထွက် ပိုလင်းလာဖို့၊ အရောင်ပိုစိုဖို့နဲ့ AI သုံးပြီး ပုံရိပ်မြှင့်တင်ဖို့ကိုပဲ ပိုပြီး အာရုံစိုက်လာကြပါတယ်။ အခုတော့ 8K ဟာ အရင်ခေတ်က 3D TV တွေလိုပဲ နည်းပညာပြယုဂ်တစ်ခုအနေနဲ့ပဲ ကျန်ရစ်တော့မယ့် သဘောရှိနေပါတယ်။
Source: TechSpot

0 Comments