![]() |
| Image via TechSpot |
ကယ်လီဖိုးနီးယားပြည်နယ်၊ Fremont မှာရှိတဲ့ Tesla ရဲ့ အဓိကစက်ရုံကြီးဟာ မကြာခင်မှာ ကားထုတ်တဲ့နေရာအစား လူသားပုံစံတူ ရော်ဘော့တွေ ထုတ်လုပ်တဲ့ အခြေစိုက်စခန်း ဖြစ်လာတော့မှာပါ။ Elon Musk က ၂၀၂၅ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်း အစီရင်ခံစာမှာ Tesla ရဲ့ သက်တမ်းအရင့်ဆုံး လျှပ်စစ်ကားမော်ဒယ်နှစ်ခုဖြစ်တဲ့ Model S နဲ့ Model X ထုတ်လုပ်မှုကို လာမဲ့ သုံးလပတ်မှာ အပြီးသတ် ရပ်နားတော့မယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီစက်ရုံကို Tesla ရဲ့ အကြီးမားဆုံး ရည်မှန်းချက်ဖြစ်တဲ့ Optimus ရိုဘော့စီမံကိန်းအတွက် ပြန်လည်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
![]() |
| Image via TechSpot |
ဒါဟာ Tesla သမိုင်းကြောင်းထဲက အခန်းကဏ္ဍတစ်ခုကို အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ Model S နဲ့ ၂၀၁၅ မှာ ထွက်ခဲ့တဲ့ Model X တို့ဟာ အဆင့်မြင့်လျှပ်စစ်ကားလောကကို စတင်ပုံဖော်ပေးခဲ့ပြီး Tesla ကို ခေတ်မီမော်တော်ကားဒီဇိုင်းရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် ကမ္ဘာက သိစေခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဈေးသက်သာပြီး လူကြိုက်များတဲ့ Model 3 နဲ့ Model Y တို့က ဈေးကွက်ကို စိုးမိုးလာတဲ့အတွက် ဈေးကြီးတဲ့ ဒီမော်ဒယ်ဟောင်းကြီးတွေရဲ့ အရောင်းနှုန်းက သိသိသာသာ ထိုးကျသွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ Model S နဲ့ X အစီးရေ ၄ သိန်းကျော်ပဲ ရောင်းရချိန်မှာ Model 3 နဲ့ Y ကတော့ ၁.၅ သန်းကျော်အထိ ရောင်းချခဲ့ရပါတယ်။
![]() |
| Image: App Economy Insights via TechSpot |
ဒီလို အရောင်းကျရတဲ့ နောက်ထပ်အကြောင်းရင်းကတော့ တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေး အငြင်းပွားမှုတွေကြောင့် Tesla ရဲ့ အကြီးဆုံး ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ အခွန်တိုးမြှင့်ခံရပြီး ရောင်းအားတွေ ရပ်တန့်သွားခဲ့တာပါ။ အခုအခါမှာတော့ Tesla ဟာ AI နဲ့ အလိုအလျောက် စနစ်တွေဘက်ကို အဓိက ပြောင်းလဲအာရုံစိုက်လာတာကြောင့် ဒီမော်ဒယ်ဟောင်းတွေကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။ Musk ကတော့ ဒါဟာ ဆုတ်ခွာတာမဟုတ်ဘဲ ဂုဏ်သိက္ခာရှိရှိ အနားပေးလိုက်တာလို့ တင်စားပြောဆိုခဲ့ပြီး လက်ရှိသုံးစွဲသူတွေအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုတော့ ဆက်လက်ပေးသွားဦးမှာပါ။
အခုအခါမှာတော့ Fremont စက်ရုံဟာ Musk ရဲ့ Optimus ရိုဘော့တွေ ထုတ်လုပ်ရာ နေရာဖြစ်လာတော့မှာဖြစ်ပြီး တစ်နှစ်ကို ရိုဘော့ တစ်သန်းအထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ၂၀၂၂ခုနှစ်မှာ Prototype အနေနဲ့ စတင်ပြသခဲ့တဲ့ ဒီရိုဘော့တွေဟာ လက်ရှိမှာတော့ ရိုးရှင်းတဲ့ အလုပ်အချို့ကိုပဲ လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ Musk ကတော့ ဒီ Optimus ရိုဘော့တွေဟာ နောင်တစ်ချိန်မှာ စမတ်ဖုန်းတွေထက်တောင် ဈေးကွက်အပေါ် သက်ရောက်မှု ပိုကြီးလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Tesla အနေနဲ့ လာမယ့်နှစ်ကုန်ပိုင်းမှာ ဒီရိုဘော့တွေကို စတင်ရောင်းချဖို့ စီစဉ်နေပါတယ်။ ကားထုတ်လုပ်ရေးကနေ AI နည်းပညာနဲ့ ရိုဘော့ထုတ်လုပ်ရေးဘက်ကို ဒီလိုမျိုး ပြင်းပြင်းထန်ထန် ပြောင်းလဲလိုက်ခြင်းက Tesla ကို ကားကုမ္ပဏီတစ်ခုထက် ပိုမိုကြီးမားတဲ့ စက်မှုလုပ်ငန်းသုံး AI ကုမ္ပဏီကြီးတစ်ခု ဖြစ်လာစေမဲ့ Musk ရဲ့ နောက်ဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။
Source: TechSpot



0 Comments