Subscribe Us

header ads

HKC က ကမ္ဘာ့ပထမဆုံး RGB Backlight Zone ၄ ထောင်ကျော်ပါဝင်သည့် RGB Mini LED မော်နီတာကို ကြေညာ

Image: HKC

HKC ကုမ္ပဏီက ၂၀၂၆ ခုနှစ်မှာ M10 Ultra လို့အမည်ရတဲ့ ၃၂ လက်မ 4K RGB Mini LED ကွန်ပျူတာမော်နီတာကို ဖြန့်ချီဖို့ စီစဉ်နေပါတယ်။ RGB Mini LED နည်းပညာဆိုတာ အခုလောလောဆယ် မျက်နှာပြင်လောကမှာ ရေပန်းအစားဆုံး နည်းပညာအသစ်ဖြစ်ပြီး၊ ဒီနည်းပညာသုံး မော်နီတာကို ကြေညာတဲ့နေရာမှာ HKC က တခြား နာမည်ကြီး တီဗီနဲ့ မော်နီတာ ကုမ္ပဏီကြီးတွေကို ကျော်ဖြတ်ပြီး ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

ဒီ M10 Ultra ရဲ့ လျှို့ဝှက်လက်နက်ကတော့ သူ့ရဲ့ RGB Mini LED backlight စနစ်ပါပဲ။ HKC ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒီစနစ်က အလင်းနဲ့ အရောင်ကို တပြိုင်နက်တည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ပုံမှန် Mini LED တွေရဲ့ အလင်းတစ်ခုတည်းကိုပဲ ထိန်းချုပ်နိုင်တဲ့စနစ်နဲ့ ယှဉ်ရင် အများကြီး ကွာခြားပါတယ်။ Backlight မှာ သီးသန့်ထိန်းချုပ်နိုင်တဲ့ ဇုန်ပေါင်း ၄,၇၈၈ ခုအထိ ပါဝင်တယ်ဆိုတော့ သူတို့ရဲ့ ပြောကြားချက်က တော်တော်လေး ယုံကြည်လောက်စရာပါပဲ။

Image: Sony

Micro LED လို့လည်း ခေါ်ကြတဲ့ RGB Mini LED ဟာ LED backlight နည်းပညာရဲ့ နောက်တစ်ဆင့်ပါပဲ။ ပုံမှန် Mini LED ခေတ်မှာတော့ မီးလုံးလေးတွေ ပိုသေးလာပြီး အလင်းအမှောင်ထိန်းညှိနိုင်တဲ့ ဇုန်တွေ ပိုများလာလို့ ပုံရိပ်တွေ ပိုကောင်းမွန်လာပါတယ်။ ဒါပေမဲ့ အဲ့ဒီ Mini LED လေးတွေကသာ RGB အရောင်စုံဖြစ်သွားမယ်ဆိုရင်တော့ လူသားတွေ မြင်ဖူးသမျှထဲမှာ အရောင်အသွေး အတိကျဆုံး မျက်နှာပြင်တွေ ဖြစ်လာမှာပါ။ ဒီနည်းပညာက အရမ်းသစ်လွင်နေသေးတာမို့လို့ လက်ရှိအချိန်ထိတော့ ငွေကြေးချမ်းသာသူတွေပဲ သုံးနိုင်ပါသေးတယ်။ Samsung နဲ့ Hisense တို့ကထုတ်တဲ့ ၁၁၅ လက်မအရွယ် RGB Mini LED တီဗီတွေဆိုရင် ဒေါ်လာ ၃ သောင်းဝန်းကျင်လောက် ပေးရပါတယ်။

HKC ရဲ့ M10 Ultra ကတော့ ကမ္ဘာ့ပထမဆုံး ကြေညာလိုက်တဲ့ စားပွဲတင် RGB Mini LED မော်နီတာ ဖြစ်ပါတယ်။ ၃၁ ဒသမ ၄ လက်မအရွယ် 4K မျက်နှာပြင်ရှိပြီး၊ HKC ရဲ့ အဆိုအရ BT.2020၊ sRGB၊ DCI-P3 နဲ့ Adobe RGB အစရှိတဲ့ အရောင်စံနှုန်းတွေအားလုံးကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ဖော်ပြပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 165Hz refresh rate နဲ့ 4K ရုပ်ထွက်ကို ထောက်ပံ့ပေးထားပြီး၊ ဂိမ်းကစားတဲ့အခါမှာ 1080p နဲ့ဆိုရင် refresh rate ကို 330Hz အထိ မြှင့်တင်ပေးနိုင်မယ့် mode လည်း ပါဝင်ဦးမှာပါ။

မော်နီတာရဲ့ ထွက်မယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ မကြေညာသေးပေမယ့်၊ ဒေါ်လာ ၃ သောင်းအောက်တော့ ဖြစ်လောက်မယ်လို့ မျှော်လင့်ရပါတယ်။ HKC ရဲ့ ဈေးကွက်အနေအထားအရ အမေရိကန်ဘက်ကိုတော့ ချက်ချင်းရောက်လာဖို့ မရှိပါဘူး။ အနောက်နိုင်ငံက စာဖတ်သူတွေအတွက် HKC နာမည်က စိမ်းနေနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ ဖန်သားပြင်နည်းပညာလောကမှာတော့ သူက ဆရာတစ်ဆူပါပဲ။ ၂၀၀၁ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး မကြာသေးခင်ကလည်း အရည်အသွေးပိုင်းဆိုင်ရာ ဆုတံဆိပ်တွေ အများကြီး ရရှိထားသလို တင်ပို့မှုပမာဏအရ ကမ္ဘာ့အကြီးဆုံး တီဗီကုမ္ပဏီတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းကနေ တင်ပို့တာမျိုးမရှိရင်တော့ ဒီမော်နီတာကို ပြည်ပမှာအလွယ်တကူ ဝယ်ရဖို့ ခဲယဉ်းပေမယ့်၊ တကယ်လို့များ ရောက်လာခဲ့ရင်တော့ အကောင်းဆုံး 4K gaming monitor စာရင်းမှာ ဘယ်နေရာက ပါမလဲဆိုတာ စမ်းသပ်ကြည့်ရမှာပါ။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: Tom's Hardware

Post a Comment

0 Comments