Subscribe Us

header ads

ဖန်ချပ်အတွင်း ဒေတာများကို နှစ်ပေါင်း ၁၃.၈ ဘီလီယံတိုင် သိမ်းဆည်းထားနိုင်မည့် 5D Memory Crystal နည်းပညာ

Image via TechSpot

ခေတ်ပေါ် Data Storage နည်းပညာတွေဟာ သက်တမ်း တိုတောင်းလှပါတယ်။ Hard Drive တွေဟာ ပျက်စီးသွားတတ်သလို၊ SSD တွေဟာလည်း သက်တမ်းကုန်းဆုံးသွားတတ်ပြီး၊ Magnetic Tape တွေဆိုရင်လည်း အချက်အလက်တွေ မပျက်စီးအောင် အချိန်တိုင်း ပြန်လည်ကူးယူနေဖို့ လိုအပ်ပါတယ်။ အခုတော့ ဒီလို အခြေအနေတွေကို လုံးဝပြောင်းလဲပစ်မယ့် ရည်မှန်းချက်ကြီးတဲ့ နည်းပညာတစ်ခု ပေါ်ပေါက်လာပါပြီ။ ဒီ နည်းပညာဟာ ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေသာမက နှစ်ဘီလီယံနဲ့ချီပြီး အချက်အလက်တွေကို သိုလှောင်ထားနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပဲ ဖြစ်ပါတယ်။

ယူကေအခြေစိုက် SPhotonix လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီအသစ်တစ်ခုဟာ 5D Optical Data Storage ကို စီးပွားဖြစ် ထုတ်လုပ်ဖို့ ၂၀၂၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူအများကတော့ Memory Crystals လို့ ခေါ်ဝေါ်ကြပါတယ်။ ဒီနည်းပညာရဲ့ အခြေခံကတော့ Femtosecond Laser လို့ခေါ်တဲ့ အလွန်တိကျတဲ့ လေဆာတွေနဲ့ ဒြပ်ထုတွေကို နာနိုစကေး အတိုင်းအတာအထိ လိုသလိုပုံသွင်းပြီး အလွန်တာရှည်ခံတဲ့ ဖန်ချပ်လေးတွေထဲမှာ ဒေတာအမြောက်အမြားကို ထည့်သွင်းမှတ်သားထားတာ ဖြစ်ပါတယ်။

SPhotonix က Data Bits တွေကို မျက်နှာပြင်ပေါ်မှာ သိမ်းဆည်းတာမျိုး မဟုတ်ဘဲ၊ Fused-silica Glass Disc ရဲ့ အတွင်းပိုင်း တစ်ခုလုံးမှာ Femtosecond Laser တွေနဲ့ ရေးသွင်းပါတယ်။ အချက်အလက်တွေကို ပုံမှန် အလျား၊ အနံ၊ အနက် ဆိုတဲ့ သုံးဖက်မြင်အတိုင်းအတာ သုံးခုအပြင် လေဆာနဲ့ ဖန်တီးထားတဲ့ နာနိုဖွဲ့စည်းပုံရဲ့ ဦးတည်ရာနဲ့ ပြင်းအား ဆိုတဲ့ ထပ်ဆောင်း အလင်းပိုင်းဆိုင်ရာ ဂုဏ်သတ္တိနှစ်ခုကိုပါ အသုံးပြုပြီး စုစုပေါင်း ငါးဖက်မြင် 5D နဲ့ encode လုပ်ထားတာ ဖြစ်ပါတယ်။ ဒီ 5D  စနစ်ကြောင့် Storage သိပ်သည်းဆ သိသိသာသာ မြင့်တက်လာသလို၊ အချက်အလက်တွေကိုလည်း အံ့မခန်း ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ ပုံမှန် Optical Disc (CD/DVD) အရွယ်အစားလောက်ရှိတဲ့ ဖန်ချပ် တစ်ခုတည်းမှာ အချက်အလက်ပမဏ 360 Terabytes (360 TB) အထိ သိမ်းဆည်းထားနိုင်မှာပါ။ ဒါပေမဲ့ လူအများ စိတ်ဝင်စားကြတာကတော့ သူ့ရဲ့ သက်တမ်းပဲ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေအောက်မှာဆိုရင် ဒီ Media ဟာ နှစ်ပေါင်း ၁၃.၈ ဘီလီယံ ကြာရှည်စွာ ဖတ်လို့ရနေဦးမှာဖြစ်ပြီး၊ ဒါဟာ စကြဝဠာရဲ့ သက်တမ်းနီးပါး ရှိပါတယ်။ ဒီဖန်ခွက်ဟာ အပူဒဏ်၊ ဓါတ်ရောင်ခြည်၊ လျှပ်စစ်သံလိုက် လှိုင်းများရဲ့ အနှောင့်အယှက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုတွေကိုပါ ခံနိုင်ရည်ရှိတာကြောင့် ရေရှည်သိုလှောင်မှုအတွက် အတားအဆီးအားလုံးကို ကျော်လွှားနိုင်တာကို ပြသနေပါတယ်။

အပေးအယူတွေတော့ ရှိပါတယ်။ လက်ရှိ စမ်းသပ်ထုတ်လုပ်ထားတဲ့ နမူနာတွေဟာ မြန်နှုန်းပိုင်းမှာတော့ ခေတ်ပေါ် SSD တွေ၊ Hard Drive တွေနဲ့ တောင် ယှဉ်နိုင်လောက်တဲ့ အနေအထားမှာ မရှိပါဘူး။ Data ရေးသွင်းနိုင်မှုနှုန်းက 4 MB/s ဝန်းကျင်ပဲရှိပြီး၊ ဖတ်နိုင်မှုနှုန်းကတော့ အမြင့်ဆုံး 30 MB/s ဝန်းကျင်သာ ရှိပါတယ်။ ဒါကြောင့် 5D Glass ဟာ Deep Archive လို့ခေါ်တဲ့ အချက်အလက်တွေကို တစ်ခါတစ်ရံမှာသာ ပြန်ထုတ်ကြည့်ဖို့လိုပေမဲ့ ဘယ်တော့မှ ပျောက်ပျက်လို့ မရတဲ့ Data တွေအတွက်သာ သင့်လျော်ပါတယ်။ ဒါပေမဲ့ SPhotonix ရဲ့ လုပ်ငန်းစီမံချက်အရ သုံးနှစ်ကနေ လေးနှစ်အတွင်းမှာ Read/Write မြန်နှုန်းကို 500 MB/s အထိ ရောက်အောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

ဈေးနှုန်းလည်း မသက်သာပါဘူး။ Data ရေးသွင်းတဲ့စက်အတွက် ဒေါ်လာ ၃၀,၀၀၀ နဲ့ ဖတ်တဲ့စက် အတွက် ဒေါ်လာ ၆,၀၀၀ လောက် ကုန်ကျနိုင်တယ်လို့ SPhotonix က ခန့်မှန်းထားပါတယ်။ သုံးစွဲသူတွေလက်ထဲ ရောက်ရှိမယ့် Reader စက်ကိုတော့ ၁၈ လလောက်အတွင်း အသင့်ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်။

လက်ရှိ ကန့်သတ်ချက်တွေ ရှိနေပေမယ့် Data Center Operator တွေရဲ့ စိတ်ဝင်စားမှုကိုတော့ တားဆီးနိုင်ခြင်း မရှိပါဘူး။ ကမ္ဘာလုံးဆိုင်ရာ Data ဖန်တီးမှုတွေ မြန်ဆန်လာတာနဲ့အမျှ Hyperscaler တွေနဲ့ သုတေသနအဖွဲ့အစည်းတွေဟာ Cold Data လို့ဆိုကြတဲ့ အသုံးနည်းတဲ့ Data တွေကို စွမ်းအင်ပေးထားရ၊ အအေးပေးထားရပြီး အချိန်နဲ့အမျှ ပြန်လည် မွမ်းမံနေရတဲ့အတွက် ငွေကြေးအရရော၊ သဘာဝပတ်ဝန်းကျင်အရပါ ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မှာ တစ်ခါရေးသွင်းပြီးရင် လုံးဝစွမ်းအင်မလို၊ ထိန်းသိမ်းစောင့်ရှောက်စရာမလို၊ ပြန်ကူးစရာမလိုတဲ့ Storage Media တစ်ခုဟာ ဆွဲဆောင်မှုရှိတဲ့ အဆိုပြုချက်တစ်ခု ဖြစ်နေပါတယ်။

SPhotonix ဟာ သူတို့ရဲ့ နည်းပညာကို ဓာတ်ခွဲခန်းအဆင့်ကနေ ကျော်လွန်ပြီး လက်တွေ့ Data Center ပတ်ဝန်းကျင်အတွက် ဒီဇိုင်းထုတ်ထားတဲ့ စမ်းသပ်စနစ်တွေဆီ ရွှေ့ပြောင်းဖို့အတွက် မကြာသေးမီက ဒေါ်လာ သန်းပေါင်းများစွာ ရန်ပုံငွေ ရရှိခဲ့ပါတယ်။

ကုမ္ပဏီက သက်တမ်းအကြာကြီး ထားရှိဖို့ လိုအပ်တဲ့ သိပ္ပံဆိုင်ရာ အချက်အလက်များ၊ ယဉ်ကျေးမှု မှတ်တမ်းများ၊ ဥပဒေရေးရာ မော်ကွန်းများနဲ့ သမိုင်းဝင် အချက်အလက် စုစည်းမှုများစတဲ့ Archival အသုံးပြုမှုတွေကို ပစ်မှတ်ထားပါတယ်။ ဒီအချက်အလက်တွေဟာ ဖန်တီးခဲ့တဲ့ Hardware ထက် အများကြီး ပိုကြာကြာ တည်ရှိနေဖို့ လိုအပ်ပြီး နှစ်ပေါင်း ၁၃.၈ ဘီလီယံဆိုတဲ့ သက်တမ်းက ဒီလိုအပ်ချက်ကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: TechSpot

Post a Comment

0 Comments