Subscribe Us

header ads

၂၀၂၆ ခုနှစ်အစောပိုင်းတွင် Nvidia က GPU ထုတ်လုပ်မှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်

Image: Nvidia

PC နဲ့ ဂိမ်းဝါသနာအိုးတွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ Nvidia ကုမ္ပဏီဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ သူတို့ရဲ့ GeForce RTX 50 Series ဂရပ်ဖစ်ကတ် ထုတ်လုပ်မှုကို ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ အကြီးအကျယ် လျှော့ချဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလို ထုတ်လုပ်မှု လျှော့ချရတဲ့ အဓိက အကြောင်းရင်းကတော့ အသစ်ထွက်ရှိထားတဲ့ GDDR7 memory အပါအဝင် Memory အမျိုးအစားအားလုံး ပြတ်လပ်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Nvidia အနေနဲ့ လက်ရှိနှုန်းထားအတိုင်း GPU တွေ ထုတ်လုပ်ဖို့အတွက် လုံလောက်တဲ့ GDDR7 memory မရရှိတာ ဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း NAND နဲ့ DRAM ဈေးတွေ အဆမတန် တက်နေတာကြောင့် PC ဈေးနှုန်းတွေ မြင့်တက်လာပြီး ၂၀၂၆ မှာ GPU အရောင်းအဝယ် ကျဆင်းသွားမှာကို ကြိုတင်ခန့်မှန်းတာလည်း ဖြစ်နိုင်ပါတယ်။ ထူးခြားတာကတော့ ဒီထုတ်လုပ်မှုလျှော့ချရေးမှာ သာမန် GeForce RTX ကတ်တွေကိုပဲ ဖော်ပြထားပြီး အမြတ်အစွန်း ပိုရတဲ့ RTX PRO series တွေအကြောင်း မပါဝင်တာကြောင့် Nvidia အနေနဲ့ ရှိတဲ့ Memory အနည်းငယ်ကို အမြတ်အစွန်း ပိုရမယ့် လုပ်ငန်းသုံးကတ်တွေဘက်ကိုပဲ ပုံအောပေးတော့မယ့် သဘော ရှိနေပါတယ်။

Benchlife ရဲ့ အဆိုအရ Nvidia ဟာ ဒီထုတ်လုပ်မှု လျှော့ချမှုကို RTX 5060 Ti 16GB နဲ့ RTX 5070 Ti မော်ဒယ်တွေကနေ စတင်သွားမှာ ဖြစ်ပါတယ်။ RTX 5060 Ti 16GB လို ကတ်မျိုးဟာ ဈေးအများကြီး ပိုကြီးတဲ့ RTX 5080 နဲ့ Memory ပမာဏ အတူတူပဲ ဖြစ်နေတာကြောင့် အမြတ်အစွန်း ပိုရမယ့် ကတ်ကြီးတွေအတွက် Memory ကို ချန်လှပ်ထားဖို့ ဒီကတ်တွေကို အရင်ဆုံး လျှော့ချပစ်တာ ဖြစ်နိုင်ပါတယ်။ ဒါဟာ စီးပွားရေးအရ တွက်ခြေကိုက်ပေမယ့် သုံးစွဲသူတွေအတွက်တော့ အကြီးအကျယ် ထိခိုက်စေမှာပါ။ ခေတ်သစ်ဂိမ်းတွေကို အဆင်ပြေပြေ ကစားနိုင်တဲ့ 16GB မော်ဒယ်တွေ ရှားပါးသွားရင် သုံးစွဲသူတွေဟာ VRAM နည်းတဲ့ 8GB မော်ဒယ်တွေကိုပဲ မဖြစ်မနေ ဝယ်ယူရတော့မယ့် အခြေအနေ ဆိုက်ရောက်နိုင်ပါတယ်။

လက်ရှိမှာ DDR5 memory ဈေးနှုန်းတွေကလည်း မိုးထိအောင် တက်နေပြီး ဒီဈေးတက်မှုတွေက GPU ဈေးကွက်ကိုပါ မကြာခင် ရိုက်ခတ်လာတော့မှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက Memory နည်းတဲ့ GPU တွေနဲ့ အမြတ်များများရမယ့် Model တွေကိုပဲ ဦးစားပေး ထုတ်လုပ်လာကြတာက VRAM များများ သုံးချင်တဲ့ Gamer တွေအတွက် သတင်းဆိုးပါပဲ။ Nvidia ရဲ့ ဒီလို ထုတ်လုပ်မှု လျှော့ချခြင်းက GPU ပြတ်လပ်မှုကို ဖြစ်စေပြီး ဈေးနှုန်းတွေကိုပါ ထပ်မံ မြင့်တက်သွားစေမလားဆိုတာကတော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: OC3D

Post a Comment

0 Comments