Subscribe Us

header ads

HDR Brightness 5000 nits နှင့် ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရသည့် Phantom မော်နီတာ

Image via TechSpot

ဖောက်ထွင်းမြင်ရတဲ့ Display တွေဆိုတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ တီဗီတွေ၊ Prototype Laptop တွေအပါအဝင် တချို့သော စက်ပစ္စည်းတွေကို ကျွန်တော်တို့ မြင်ဖူးခဲ့ကြပြီးပါပြီ။ ဒါပေမဲ့ အခုတော့ Visual Instruments ဆိုတဲ့ ကုမ္ပဏီတစ်ခုက The Phantom လို့ခေါ်တဲ့ သူတို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ မော်နီတာအဖြစ် ကြွေးကြော်လိုက်ပါတယ်။

Visual Instruments ရဲ့ ၂၄ လက်မအရွယ်အစားရှိတဲ့ Phantom ကတော့ ဖောက်ထွင်းမြင်ရတာကို ချိန်ညှိနိုင်တာကြောင့် ပြိုင်ဘက်တွေနဲ့ ကွဲပြားခြားနားတယ်လို့ဆိုနိုင်ပါတယ်။

ကုမ္ပဏီကတော့ သူတို့ရဲ့ Phantom ဟာ ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ မော်နီတာလို့ ဆိုပါတယ်။ Product Page က FAQ အရ ဒီမော်နီတာဟာ လေယာဉ်မှူးတွေ အသုံးပြုတဲ့ Heads-Up-Display (HUDs) နဲ့ ဆင်တူတဲ့ နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Image via TechSpot

Phantom ဟာ သမားရိုးကျ မော်နီတာတွေလိုမျိုး ဖောက်ထွင်း OLED ဒါမှမဟုတ် LCD Panel ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ အဲဒီအစား၊ ယူနစ်ရဲ့ အောက်ခြေမှာ ဝှက်ထားတဲ့ Panel တစ်ခုကနေ ပုံရိပ်ကို ထုတ်လုပ်ပြီး၊ အသုံးပြုသူရဲ့ ရှေ့မှာ စောင်းလျက်ရှိနေတဲ့ အထူးဖုံးအုပ်ထားတဲ့ ဖန်သားပြင်ပေါ်ကို တိုက်ရိုက် ပုံရိပ်ကို ပြသပေးလိုက်တာပါ။ ဒီလို setup ကြောင့် ဖန်သားပြင်က ဖောက်ထွင်းမြင်နေရပေမယ့် ပုံရိပ်ကို ကြည့်ရှုသူဆီကို တိုက်ရိုက်ပြန်ဟပ်ပေးပြီး၊ ပုံက လေထဲမှာ ပေါ်နေသလိုမျိုး အမြင်ကို ဖန်တီးပေးမှာဖြစ်ပါတယ်။

ဒီလို နည်းပညာမျိုးက တစ်ကယ့် Pixel-by-Pixel ဖောက်ထွင်းမြင်ရခြင်းမျိုး မဟုတ်ဘဲ၊ ထိန်းချုပ်ထားတဲ့ ရောင်ပြန်ဟပ်မှုနဲ့ အလင်းပိုင်းဆိုင်ရာ လှည့်ကွက်တွေနဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီချဉ်းကပ်မှုက လက်ရှိ ဖောက်ထွင်း OLED တွေရဲ့ နည်းပညာဆိုင်ရာ အကန့်အသတ်တွေနဲ့ အလင်းရောင် အကန့်အသတ်တွေကို ရှောင်ရှားနိုင်စေတယ်ဆိုပေမဲ့ Contrast၊ Color Depth နဲ့ Viewing Angles တွေမှာတော့ အားနည်းချက်တွေ ရှိနိုင်ပါသေးတယ်။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ အသုံးပြုသူတွေဟာ ဖောက်ထွင်းမြင်ရမှု အဆင့်ကို ချိန်ညှိနိုင်ပြီး၊ ပုံမှန်အတိုင်း သုံးနိုင်တဲ့ Default ပုံစံ ၃ ခု ပါဝင်ပါတယ်။ ဖောက်ထွင်းမြင်ရမှု ပိုများအောင် ချိန်လိုက်ရင်၊ ဖန်သားပြင်နောက်ကွယ်က ပတ်ဝန်းကျင်ကို ပိုပြီး မြင်ရမှာ ဖြစ်ပြီး၊ လုံးဝ လျှော့ချလိုက်တဲ့အခါမှာတော့ သာမန် Monitor တစ်ခုလိုမျိုး အလုပ်လုပ်ပါလိမ့်မယ်။

Image via TechSpot

ဒီလို ဖောက်ထွင်းမြင်ရတဲ့ မော်နီတာကို တကယ်လိုအပ်သူ ရှိပါ့မလား? Visual Instruments ကတော့ ဒီစက်ကြောင့် အသုံးပြုသူတွေဟာ မော်နီတာကို ကြည့်နေရင်း လိုအပ်တဲ့အချိန်တိုင်း အနောက်ဘက်ကို ကြည့်ရှုနိုင်တာကြောင့် မျက်စိညောင်းညာမှုကို သက်သာစေတယ်လို့ ဆိုပါတယ်။ မျက်စိကျန်းမာရေးအတွက် ဘယ်လောက်အထိ အကျိုးရှိမလဲဆိုတာကတော့ လက်တွေ့စောင့်ကြည့်ရဦးမှာပါ။

ကျန်ရှိတဲ့ Specs တွေကတော့ အထင်ကြီးစရာကောင်းပါတယ်။ 4K 16:9 Display ပါဝင်ပြီး "Ultra HDR" နဲ့ 5,000 nits အထိ ရနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါတင်မက 100% sRGB အပြင် USB-C နဲ့ HDMI Ports တွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ "Founders Edition Phantom" မော်နီတာ ၁၀ လုံးကိုပဲ ပထမဆုံး စမ်းသပ်သုံးစွဲသူတွေအတွက် ထုတ်လုပ်နေပါတယ်။ ဒီ မော်နီတာတွေကို ၂၀၂၅ ခုနှစ်၊ စတုတ္ထသုံးလပတ် မှာ စတင်ပို့ဆောင်ဖို့ မျှော်မှန်းထားပြီး ဖောက်သည်တွေရဲ့ တုံ့ပြန်ချက်တွေအပေါ် မူတည်ပြီး နောက်ဆုံးထုတ်ကုန်ကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။

Founders Edition Phantom တစ်ခုချင်းစီကို သုံးစွဲသူစိတ်ကြိုက် ပြင်ဆင်ပေးမှာမို့ တရားဝင်စျေးနှုန်းကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် $1,599 နဲ့ စတင်ရောင်းချနေတဲ့ Apple Studio Display နဲ့ စျေးနှုန်းချင်း နှိုင်းယှဉ်နိုင်တယ်လို့ဆိုထားပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: TechSpot

Post a Comment

0 Comments