Image via Techpowerup

မိုက်ခရိုဆော့ဖ်ရဲ့ ဩဂုတ်လ Windows 11 Security Update ထွက်ရှိပြီးနောက်ပိုင်းမှာ SSD တွေ ပျက်စီးခဲ့တဲ့ ကိစ္စဟာ ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိလာပြန်ပါတယ်။ တရုတ် Facebook group တစ်ခုဖြစ်တဲ့ PCDIY! ရဲ့ အဆိုအရ ဒီပြဿနာရဲ့ အရင်းအမြစ်က SD အချို့မှာ ထည့်သွင်းထားတဲ့ pre-release firmware တွေကနေအစပျိုးလာခဲ့တာလို့ဆိုပါတယ်။

အဆိုပါ Facebook ပို့စ်မှာတော့ အဖွဲ့ရဲ့ admin ဖြစ်သူ Rose Lee က ဒီပြဿနာကို Phison ရဲ့ အင်ဂျင်နီယာတွေကလည်း ဖော်ထုတ်အတည်ပြုခဲ့ပြီး ဒီအဆိုကို ယုံကြည်နိုင်တယ်လို့ ပြောပါတယ်။ PCDIY! က လုပ်ခဲ့တဲ့ စမ်းသပ်မှုတွေအရ Windows 11 Update နဲ့ ဆက်စပ်ပြီး SSD ပျက်စီးတာတွေဟာ ရောင်းချဖို့အတွက် ရည်ရွယ်တဲ့ production version firmware တွေမှာ မဟုတ်ဘဲ pre-release engineering firmware တွေနဲ့ လည်ပတ်နေတဲ့ drive တွေမှာ ဖြစ်ပေါ်နေတာကို တွေ့ရှိခဲ့တယ်လို့ Lee က ရှင်းပြပါတယ်။

Phison controller တွေကို အသုံးပြုတဲ့ SSD ထုတ်လုပ်သူတွေဟာ မူရင်းပေးသွင်းသူဆီကနေ တိုက်ရိုက်ဝယ်ယူပြီး အလုံးအရင်းလိုက် တင်ပို့တဲ့အတွက် စားသုံးသူတွေလက်ထဲ ရောက်လာတဲ့ version တွေဟာ official firmware တွေနဲ့ပဲ ရှိသင့်ပါတယ်။ ဒီ official firmware တွေကို အပြည့်အဝ စမ်းသပ်စစ်ဆေးပြီးသားဖြစ်လို့ engineering builds တွေမှာ တွေ့ရတတ်တဲ့ ချို့ယွင်းချက်မျိုး ရှိမှာမဟုတ်ပါဘူး။

လွန်ခဲ့တဲ့လတုန်းကတော့ Microsoft ရဲ့ ဩဂုတ်လအတွက်ထွက်ရှိလာတဲ့ Windows 11 Update ဟာ SSD တွေကို ပျက်စီးစေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ သုံးစွဲသူတွေက အရွယ်အစားကြီးမားတဲ့ဖိုင်တွေ လွှဲပြောင်းပြီးနောက်ပိုင်းမှာ သူတို့ရဲ့ drive တွေ ပျောက်ဆုံးသွားတယ်လို့ ပြောဆိုခဲ့ကြပြီး အချို့ကွန်ပျူတာတွေမှာဆိုရင် reboot လုပ်ပြီးရင်တောင် ပြန်ကောင်းမလာဘူးလို့ ဆိုခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး Phison ကလည်း နာရီပေါင်း ၄၅၀၀ ကျော် စမ်းသပ်စစ်ဆေးပြီးနောက်မှာ ဒီလို ပျက်စီးတာမျိုးကို ပြန်လည်ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက အပူလွန်ကဲမှုကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ အကြံပြုခဲ့ပြီး အလုပ်များတဲ့အခါမျိုးမှာ အပူချိန်တက်မလာအောင် heatsink တွေ အသုံးပြုဖို့တောင် အကြံပေးခဲ့ပါသေးတယ်။

Microsoft ကလည်း နောက်ပိုင်းမှာ ဝင်ရောက်ဖြေရှင်းခဲ့ပြီး သူတို့ရဲ့ August Security Patch ဟာ storage ပြဿနာတွေအတွက် တာဝန်မရှိကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ Security Patch နဲ့ SSD ပျက်စီးတာတွေကြားမှာ ဆက်စပ်မှုမရှိကြောင်း ပြသနေတယ်လို့ ပြောဆိုပြီး ဒီအပ်ဒိတ်ကြောင့် အဓိကချို့ယွင်းချက်တစ်ခု ဖြစ်လာတယ်ဆိုတဲ့ သီအိုရီကို ပယ်ချခဲ့ပါတယ်။

PCDIY! ရဲ့ နောက်ဆုံးတွေ့ရှိချက်က pre-release engineering firmware ဟာ အဓိကအကြောင်းရင်း ဖြစ်နိုင်တယ်လို့ ထောက်ပြလာတဲ့အခါမှာတော့ အခြေအနေက တစ်ဖန်ပြန်ပြောင်းသွားပြန်ပါပြီ။ အတိုချုံ့ပြောရရင်တော့ တရားဝင် production firmware တွေနဲ့ SSD တွေကို အသုံးပြုနေတဲ့ သုံးစွဲသူတွေဟာ သူတို့ရဲ့ storage device တွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သုံးစွဲသူတွေရဲ့ သတင်းပို့ချက်တွေ၊ Phison ရဲ့ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ၊ မိုက်ခရိုဆော့ဖ်ရဲ့ ငြင်းဆိုမှုတွေကြားက ဒီအခြေအနေဟာ firmware, hardware နဲ့ operating system Update တွေ တစ်ထပ်တည်းကျတဲ့အခါမှာ storage ပျက်စီးမှုတွေရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ဖို့ ဘယ်လောက်တောင် ရှုပ်ထွေးနိုင်လဲဆိုတာကို မီးမောင်းထိုးပြလို့နေပါတယ်။

ဒီလိုမျိုး ပြဿနာတွေ ကြုံလာခဲ့ရင် သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ SSD firmware ကို အပ်ဒိတ်လုပ်ဖို့ အထူးအကြံပြုပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ အရေးကြီးတဲ့ data တွေကိုလည်း အရင်ဆုံး သေသေချာချာ backup လုပ်ထားဖို့ လိုအပ်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Tom's Hardware