![]() |
Image: Microsoft |
Windows 11 အတွက် ဖြန့်ချီခဲ့တဲ့ update KB5063878 ကို install ပြုလုပ်ပြီးနောက်မှာ SSD များ အလုပ်မလုပ်တော့တဲ့ ပြဿနာတွေ ဖြစ်ပေါ်နေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ သတင်းတွေအရ ဒီ security update ဟာ (50GB+) ထက်များတဲ့ ဒေတာတွေကို အဆက်မပြတ် ရေးသွင်းခြင်း (large sequential writes) မျိုး လုပ်ဆောင်တဲ့အခါမှာ error ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။ Error ဖြစ်သွားပြီးနောက်မှာ Windows 11 က သက်ရောက်မှုရှိတဲ့ drive တွေကို မသိတော့ဘဲ အသုံးပြုလို့မရတော့တဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။ အလားတူ လက္ခဏာတွေက HDD အသုံးပြုသူအချို့မှာလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Necoru_cat ရဲ့ X မှာ ဖော်ပြချက်အရ ဒီ bug ကြောင့် SSD အချို့က တခြား SSD တွေထက် ပိုပြီး ထိခိုက်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ Phison controller သုံး SSD တွေမှာ ဒီပြဿနာ "ဖြစ်ပွားနိုင်ချေမြင့်မားတယ်" လို့ သတင်းထွက်နေတယ်ဆိုပေမယ့် အခြား controller အမျိုးအစားအသုံးပြုထားတဲ့ SSD တွေမှာလည်း အဆိုပါပြဿနာ ဖြစ်ပေါ်နေပါတယ်။
![]() |
Image via OC3D/ Necoru_cat on Twitter/X |
ဒီပြဿနာဟာ 50+ GB ရှိတဲ့ ဂိမ်းဒေါင်းလုဒ်တွေနဲ့ ဂိမ်း update ကြီးတွေကို ပြုလုပ်လေ့ရှိတဲ့ ဂိမ်းမာတွေကို အဓိက သက်ရောက်မှုရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပြဿနာက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ PC အသုံးပြုသူတွေအတွက် စိုးရိမ်စရာဖြစ်လောက်တဲ့ သတင်းပေးပို့မှုတွေတော့ လုံလုံလောက်လောက် ရှိနေပါတယ်။ ဒီ update မှာ အဆက်မပြတ် ဒေတာအများအပြား ရေးသွင်းခြင်းကို ကောင်းကောင်းမကိုင်တွယ်နိုင်တဲ့ bug တစ်မျိုး (regression) ပြန်ပါလာတယ်လို့ သံသယရှိနေကြပါတယ်။ ဒီ error က SSD တွေကို အလုပ်မလုပ်တော့ဘဲ ရပ်တန့်သွားစေပြီး drive တွေ ပျောက်သွားတာ၊ Windows က မသိတော့တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါက သုံးစွဲသူတွေအတွက် ဒေတာဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။
Microsoft ကတော့ ဒီလို Windows SSD ပျက်စီးတဲ့အခြေအနေကို မကြာခင်မှာ hotfix (အရေးပေါ် ပြင်ဆင်ချက်) အသစ်တစ်ခု ထုတ်ပြန်ပြီး ဖြေရှင်းပေးသွားဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ Windows အသုံးပြုသူတွေအနေနဲ့ အဆက်မပြတ် ဒေတာအများအပြား ရေးသွင်းခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။ ဂိမ်းမာတွေအနေနဲ့လည်း ဂိမ်းတွေကို update လုပ်တဲ့အခါ ခေတ္တအနားပေးခြင်းအားဖြင့် တစ်ကြိမ်တည်းမှာ ဒေတာအများအပြား ရေးသွင်းခြင်းကို ရှောင်ရှားနိုင်ပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ Microsoft ရဲ့ KB5063878 update ကို uninstall လုပ်လိုက်တာပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်လိုက်မယ်ဆိုရင်တော့ ဒီ update က ဖြေရှင်းပေးထားတဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေရဲ့ အန္တရာယ်ကိုတော့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: OC3D
0 Comments