Subscribe Us

header ads

Windows 11 24H2 KB5063878/KB5062660(preview release) Security Update ကြောင့် ထိခိုက်နိုင်သော SSD များနှင့် ကာကွယ်ရန်နည်းလမ်းများ

Image: Western Digital

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖြန့်ချီခဲ့တဲ့ Windows 11 24H2 အတွက် security update KB5063878 ကြောင့် SSD အချို့ပျက်စီးနိုင်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ သတင်းတွေတက်နေတာတွေ့ရပါတယ်။ အဓိကပြဿနာကတော့ ဖိုင်ကြီးကြီးတစ်ခု (ဥပမာ 50GB လောက် အရွယ်အစားရှိတဲ့ဂိမ်းဖိုင်လိုမျိုး) ဒါမှမဟုတ် ဖိုင်အများကြီးကို တစ်ခါတည်း copy ကူးလိုက်တဲ့အခါ SSD က အလုပ်မလုပ်တော့ဘဲ Windows မှာ "ပျောက်သွား" တာမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ (KB5063878 မတိုင်ခင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့က preview release ဖြစ်တဲ့ KB5062660 မှာလည်း အဆိုပါပြဿနာ ဖြစ်ပွားနေကြောင်း သတင်းတွေထွက်နေပါတယ်။)

ကျွန်တော့်အနေနဲ့ ဒီပြဿနာကိုစတင် သတိထားမိတာက သြဂုတ်လ ၁၃ရက်နေ့နောက်ပိုင်း Battlefield 6 Open Beta ကို စမ်းသပ်ကစားနေချိန်မှာဖြစ်ခဲ့တာပါ။ ဂိမ်းက ကစားနေရင်းစက်က freeze ဖြစ်တာတွေ ပိတ်သွားတာတွေအပြင် ကစားရတာ လေးလံလာတာတွေကြုံလာရပါတယ်။ စစခြင်း Battlefield 6 ဂိမ်းက Open Beta သာရှိသေးတာမို့ Stable မဖြစ်သေးတာလို့ထင်ပြီး Battlefield V ကိုပြောင်းဆော့တော့လည်း ဒီအတိုင်းဖြစ်နေတာကြောင့် စက်ကတစ်ခုခုနဲ့ ငြိနေပြီလို့ထင်ပြီး Graphics Driver ကို downgrade လုပ်၊ Windows ရဲ့ Resume feature ကိုပိတ်ကြည့်ပေမယ့် freeze ဖြစ်တာမပျောက်သေးတာကြောင့် သြဂုတ်လ၁၃ရက်နေ့မတိုင်ခင် တစ်ရက်ကိုရွေးပြီး System Restore လုပ်လိုက်မှ အဆင်ပြေသွားတာကိုတွေ့ရပါတယ်။ အခုလို freeze ဖြစ်တာမျိုးက ထူးဆန်းပြီးတစ်ခါမှမကြုံဖူးတဲ့အတွက် လိုင်းပေါ်မှာရှာကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

ဒီလိုနဲ့ KB5063878 ရဲ့ သတင်းကို မနေ့ကတွေ့ပြီး တင်လိုက်ချိန်မှာတော့ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလို SSD ပြဿနာတွေအများအပြားဖြစ်ပေါ်နေကြောင်း post အောက်မှာ ပြောဆိုလာကြပါတယ်။ ဒီပြဿနာကို စတင်ပြောဆိုလာခဲ့တဲ့ Nekorusuki ရဲ့ စတင်စမ်းသပ်စစ်ဆေးမှုမှာတော့ SSD အားလုံးမှာ ဖြစ်တာမဟုတ်ဘဲ အချို့ SSD တွေမှာပဲ ဖြစ်တာလို့ဆိုထားပါတယ်။ ကိုယ့် SSD က အဲ့ဒီအထဲပါလား မပါလား သိနိုင်ဖို့ အောက်မှာ list တွေကို ကြည့်လိုက်ရအောင်။

ဘယ် SSD တွေမှာ ပြဿနာတက်နေလဲ

သြဂုတ်လ ၁၆ရက်နေ့မှာတင်ထားတဲ့ post အရ စစခြင်းပြဿနာရှိတယ်လို့ သိထားရတဲ့ SSD တွေကတော့...

  • Corsair Force MP600
  • Phison PS5012-E12 Controller သုံးထားတဲ့ SSD တွေ
  • KIOXIA EXCERIA PLUS G4
  • Fikwot FN955
  • InnoGrit controller သုံးထားတဲ့ SSD တွေ 
  • Maxio SSD တွေ
  • KIOXIA M.2 SSD
  • SanDisk Extreme PRO M.2 NVMe 3D SSD

အောက်က SSD ၃ခုကတော့ ဘာပြဿနာမှမပေါ်ဘူးလို့ဆိုပါတယ်။

  • Solidigm P44 Pro
  • Samsung 980
  • SanDisk SSD PLUS 240GB SDSSDA-240G 

Nekorusuki ရဲ့ အသေးစိတ်စမ်းသပ်မှု

သြဂုတ် ၁၇ရက်နေ့မှာတော့ Nekorusuki ဟာ SSD ၂၁ ခုကို သေချာစမ်းသပ်ပြီး list အသစ်တစ်ခု ထပ်ထုတ်ပေးထားပါတယ်။ ဒါပေမဲ့ သူကတော့ ဒါသူ့ရဲ့ကိုယ်ပိုင်စက်မှာ စမ်းထားတာမို့လို့ ကုမ္ပဏီတွေကို အပြစ်တင်တာမဟုတ်ဘူး၊ ကိုယ့်ဘာသာ ကာကွယ်ဖို့ ရည်ညွှန်းကိုးကားဖို့အတွက်ပဲလို့ ပြောထားပါတယ်။

ပြဿနာဖြစ်ပွားခဲ့သည့် SSD များ

  • WD Blue SN5000 2TB NVMe (Restart ချပါက ပြန်ကောင်း)
  • WD Red SA500 2TB SATA (Restart ချပါက ပြန်ကောင်း) 
  • WD Blue SA570 1TB SATA M.2 (Restart ချပါက ပြန်ကောင်း) 
  • WD Blue SA510 2TB SATA (Restart ချသော်လည်း ပြန်မကောင်း၊ ပြန်လည်အသုံးမပြုနိုင်)
  • Corsair MP510 960GB NVMe (Restart ချပါက ပြန်ကောင်း) 
  • Corsair MP600 2TB NVMe (Restart ချပါက ပြန်ကောင်း) 
  • SK hynix Platinum P41 NVMe (Restart ချပါက ပြန်ကောင်း) 
  • Crucial P3 Plus NVMe (Restart ချပါက ပြန်ကောင်း) 
  • ADATA LEGEND 800 2TB NVMe (Restart ချပါက ပြန်ကောင်း)
  • HP FX7000 2TB NVMe (Restart ချပါက ပြန်ကောင်း)
  • XPG SX8200 Pro 2TB NVMe (Restart ချပါက ပြန်ကောင်း)
  • Hanye HE70 2TB NVMe (Restart ချပါက ပြန်ကောင်း)

ပြဿနာမရှိသည့် SSD များ

  • Samsung 990 PRO 2TB NVMe

  • Samsung 980 PRO 2TB NVMe
  • Samsung 870 EVO 1TB SATA
  • WD Black SN7100 2TB NVMe
  • WD Blue SA510 1TB SATA M.2
  • Seagate FC530 2TB NVMe
  • Seagate FC530 1TB NVMe
  • Solidigm P44 Pro NVMe
  • Crucial T700 2TB NVMe

ဒါက သူစမ်းသပ်ထားသလောက်သိရတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပမာဏပိုများနိုင်ပါတယ်။ အခုဆိုရင် NAND flash controller တွေကိုထုတ်လုပ်တဲ့ Phison ဘက်ကလည်း ဒီပြဿနာကို စုံစမ်းစစ်ဆေးသွားမယ်လို့ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဘာကြောင့်ဖြစ်တာလဲ

တကယ်တမ်းတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ ဘယ်သူမှ တိတိကျကျမသိသေးပါဘူး။ သံသယရှိတာကတော့ KB5063878 နဲ့ KB5062660 update တွေကြောင့်လို့ယူဆရပါတယ်။ SSD တစ်ခုနဲ့တစ်ခု ဘာလို့မတူဘဲ ပြဿနာဖြစ်ရတာလဲဆိုတာကိုလည်း မသိသေးပါဘူး။

ဒါဆို ဘယ်လိုကာကွယ်မလဲ

အခုလောလောဆယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာတွေလုပ်လို့ရမလဲဆိုတော့...

ဖိုင်အကြီးကြီးတွေ တစ်ခါတည်းမကူးပါနဲ့။ GB ဆယ်ဂဏန်းလောက်ရှိတဲ့ ဖိုင်တွေကို တစ်ကြိမ်တည်း copy မကူးပါနဲ့။

ဖိုင်အများကြီးကို တစ်ခါတည်းမပို့ပါနဲ့။ စုစုပေါင်း GB ဆယ်ဂဏန်းလောက်ဖြစ်သွားမယ့် ဖိုင်အများကြီးကို copy ကူးမယ်ဆိုရင်၊ အချိန်ခြားပြီး နည်းနည်းစီ ခွဲကူးပါ။ Zip ဖြည်ရင် သတိထားပါ။ ဖိုင်အများကြီးပါတဲ့ Zip ဖိုင်ကြီးတွေကို ဖြည်ချတဲ့အခါ တစ်ခါတည်း အကုန်မဖြည်ဘဲ နည်းနည်းစီ ခွဲဖြည်ပါ။

Update ကို Uninstall လုပ်ပါ။ နောက်ဆုံးနည်းလမ်းကတော့ KB5063878/KB5062660 update ကို uninstall လုပ်လိုက်တာပါပဲ။ ဒါပေမဲ့ ဒါက security update ဖြစ်တဲ့အတွက် ဖယ်ရှားလိုက်တဲ့အခါ သင့်စက်ရဲ့ လုံခြုံရေးကတော့ အားနည်းသွားမှာဖြစ်ပါတယ်။

Windows Settings မှ Security Update Uninstall လုပ်နည်း

  • Start ကို နှိပ်ပြီး Settings ကို ဖွင့်ပါ။ ဒါမှမဟုတ် Windows key + I ကို တွဲနှိပ်ပြီး တိုက်ရိုက်ဖွင့်နိုင်ပါတယ်။
  • ဘယ်ဘက်ခြမ်း menu ကနေ Windows Update ကို ရွေးပါ။
  • အောက်မှာရှိတဲ့ Update history ကို နှိပ်ပါ။
  • Related settings အောက်မှာရှိတဲ့ Uninstall updates ကို နှိပ်ပါ။
  • ပေါ်လာတဲ့စာရင်းထဲက သင်ဖယ်ရှားချင်တဲ့ security update ကို ရွေးပြီး Uninstall ကို နှိပ်ပါ။
  • Uninstall လုပ်ပြီးပါက Restart လုပ်ပေးရပါမယ်။

အရေးကြီးတဲ့အချက်

update အားလုံးကို uninstall လုပ်လို့မရနိုင်ပါဘူး။ update တွေကို uninstall လုပ်လိုက်တာဟာ သင့်ကွန်ပျူတာရဲ့ လုံခြုံရေးကို အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့ အဲဒီ update ကြောင့် ပြဿနာတစ်ခုခု ဖြစ်နေတယ်ဆိုမှသာ ဒီနည်းလမ်းကို သုံးဖို့ အကြံပြုလိုပါတယ်။

အချုပ်ဆိုရရင် ဒီပြဿနာက SSD အားလုံးမှာဖြစ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကံဆိုးပြီး ကိုယ့် SSD က ပြဿနာဖြစ်ပွားစေတဲ့ SSD ဖြစ်နေခဲ့ရင် ဒေတာအများအပြား ရေးသွင်းလိုက်တဲ့အခါ SSD ကို အသုံးပြုလို့မရတော့ဘဲ ဒေတာတွေ ပျက်စီးသွားတာ ဒါမှမဟုတ် လုံးဝပျောက်ဆုံးသွားတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Niche PC Gamer, Neowin and Techpowerup

Post a Comment

0 Comments