![]() |
Image: Getty Images via BBC |
Facebook ကို တည်ထောင်သူ မာ့ခ် ဇူကာဘတ်(Mark Zuckerberg) နဲ့ နာမည်တူတဲ့ အမေရိကန် ရှေ့နေတစ်ဦးက "နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်ကို အယောင်ဆောင်တယ်" ဆိုပြီး သူ့အကောင့်ကို ထပ်ခါတလဲလဲ ပိတ်ပစ်နေတဲ့အတွက် Facebook ကို တရားစွဲဆိုလိုက်ပါတယ်။
![]() |
Image: Mark S Zuckerberg via BBC |
အင်ဒီယားနားပြည်နယ်က ဒေဝါလီခံဥပဒေအထူးပြုရှေ့နေ မာ့ခ် အက်စ် ဇူကာဘတ်(Mark S Zuckerberg)က ပြောကြားချက်အရ ဒီ ၈ နှစ်တာကာလအတွင်း သူ့ဖေ့စ်ဘွတ်ခ်အကောင့်ဟာ ၅ ကြိမ်တောင် ပိတ်ခံရပြီး စီးပွားရေးလုပ်ငန်းအတွက် ဒေါ်လာထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ပြောဆိုချက်အရ သူဟာ ရှေ့နေလုပ်ငန်းကို လုပ်ကိုင်နေတာ ၃၈ နှစ်ရှိနေပြီဖြစ်ပြီး အခုကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ် အီး ဇူကာဘတ် ကလေးဘဝကတည်းကပဲလို့ ထည့်သွင်းပြောဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Meta ကုမ္ပဏီကတော့ အဆိုပါရှေ့နေရဲ့အကောင့်ကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်းနဲ့ ဒီလိုအမှားမျိုး ထပ်မဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
"ဒါဟာ ရယ်စရာကိစ္စမဟုတ်ဘူး။ သူတို့က ကျွန်တော့်ရဲ့ပိုက်ဆံတွေကို ယူထားပြီးမှ ဒီလိုလုပ်တာလေ" လို့ မာ့ခ် ဇူကာဘတ်က WTHR-TV သတင်းဌာနကို ပြောခဲ့ပါတယ်။
Marion Superior Court မှာ တင်သွင်းထားတဲ့ တရားစွဲဆိုမှုထဲမှာ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ စာချုပ်ကို ဖောက်ဖျက်တယ်လို့ ဆိုထားပြီး သူ ပေးသွင်းထားတဲ့ ဒေါ်လာ ၁၁,၀၀၀ တန်ကြော်ငြာတွေကို အကြောင်းမဲ့ ဖယ်ရှားပစ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ထည့်သွင်းထားပါတယ်။
"ဒါဟာ လမ်းဘေးမှာ ဆိုင်းဘုတ်ကြီးထောင်ဖို့ ပိုက်ဆံပေးပြီးမှ အဲဒီဆိုင်းဘုတ်ကို စောင်ကြီးနဲ့အုပ်ထားတာမျိုး ဖြစ်နေတယ်" လို့ WTHR-TV ကို ရှင်းပြခဲ့ပါတယ်။
ဒေသခံမီဒီယာတွေကို မာ့ခ် ဇူကာဘတ် ပြသခဲ့တဲ့ အီးမေးလ်တွေထဲမှာ ဖေ့စ်ဘွတ်ခ်က သူ့ကို "နာမည်အတု" သုံးစွဲနေတယ်လို့ စွပ်စွဲထားတာကို တွေ့ရပါတယ်။
သူဟာ သူ့ရဲ့ဓာတ်ပုံပါ မှတ်ပုံတင်ကတ်၊ ခရက်ဒစ်ကတ်နဲ့ သူ့မျက်နှာပုံတွေကိုပါ အထပ်ထပ်အခါခါ ပေးပို့ပြီး တကယ့်လူမှန်ကြောင်း သက်သေပြခဲ့ရတယ်လို့ ပြောပါတယ်။
"ကျွန်တော်က မာ့ခ် စတီဗင်ပါဗျာ။ သူကတော့ မာ့ခ် အဲလယော့ပါ" လို့ မာ့ခ် ဇူကာဘတ်က ရှင်းပြပါတယ်။
ဒီနှစ် မေလတုန်းက ပိတ်ပစ်ခဲ့တဲ့ သူ့အကောင့်ကို တရားစွဲဆိုပြီးမှသာ ပြန်ရခဲ့တာပါ။
Meta ကုမ္ပဏီကတော့ "အမှားအယွင်းကြောင့် အကောင့်ကို ပိတ်မိခဲ့တာဖြစ်ကြောင်း သိရတဲ့အတွက် မာ့ခ် ဇူကာဘတ်ရဲ့ အကောင့်ကို ပြန်ဖွင့်ပေးလိုက်ပါပြီ။ ဒီကိစ္စအပေါ် သူ့ရဲ့ သည်းခံပေးမှုကို ကျေးဇူးတင်ပြီး နောင်မှာ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားပါမယ်" လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒေဝါလီခံဥပဒေကို အထူးပြုတဲ့ ရှေ့နေဇူကာဘတ်ဟာ သူ့နာမည်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ရောထွေးမှုကို မှတ်တမ်းတင်ဖို့ ဝက်ဘ်ဆိုဒ်တစ်ခုတောင် ထောင်ထားရပါတယ်။ ဝါရှင်တန်ပြည်နယ်က သူ့ကို နာမည်အလွဲသုံးစားပြုမှုနဲ့ တရားစွဲခဲ့တဲ့အဖြစ်အပါအဝင် ရောထွေးမှုပေါင်းများစွာကို အဲဒီဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC
0 Comments