![]() |
Image: Valve |
Valve ရဲ့ Steam Deck ဟာ လက်ကိုင် PC ဂိမ်းလောကမှာ တကယ့်ကို အောင်မြင်မှုတစ်ခု ရခဲ့တာ အားလုံးအသိပါပဲ။ အခုတော့ Valve တစ်ယောက် နောက်ထပ် Hardware အသစ်တစ်ခုအတွက် ပြင်ဆင်နေပြီလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဂိမ်းလောကက တစ်ခါပြန်လှုပ်ခတ်လာပြန်ပါပြီ။ အကြောင်းကတော့ Valve ဟာ "Steam Frame" ဆိုတဲ့ နာမည်နဲ့ ကုန်အမှတ်တံဆိပ်အသစ်တစ်ခုကို အမေရိကန် မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံး (USPTO) မှာ မှတ်ပုံတင်လိုက်လို့ပါပဲ။
ဒီသတင်းကို Reddit အသုံးပြုသူတစ်ယောက်က စတင်သတိပြုမိခဲ့တာဖြစ်ပြီး၊ လျှောက်လွှာနှစ်ခုကို တွေ့ရှိခဲ့တာပါ။ ပထမတစ်ခုက "ကွန်ပျူတာဂိမ်းစက်တွေ၊ ဗီဒီယိုဂိမ်းစက်တွေနဲ့ Controller လိုမျိုး ဆက်စပ်ပစ္စည်းတွေ" အတွက်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ "ကွန်ပျူတာ Hardware၊ ကွန်ပျူတာကွန်ရက်နဲ့ အသံ၊ ဗီဒီယို၊ ဒေတာ၊ စာသားနဲ့ မာတီမီဒီယာတွေကို ထုတ်လွှင့်ပြသဖို့ စီမံခန့်ခွဲဖို့အတွက် Hardware နဲ့ Software" ဆိုတဲ့ အမျိုးအစားတွေအတွက် ဖြစ်ပါတယ်။
ဒီအချက်အလက်တွေကြောင့် Steam Frame ဟာ ဘယ်လိုစက်မျိုးဖြစ်မလဲဆိုတာကို လူတွေက အမျိုးမျိုးတွေးကြတော့တာပါပဲ။ အများစုကတော့ ဒါဟာ Valve ရဲ့ အိမ်မှာ တီဗီနဲ့တွဲပြီးကစားရတဲ့ Console စက်တစ်လုံး ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ တစ်နည်းပြောရရင် အရင်က မအောင်မြင်ခဲ့တဲ့ "Steam Machine" လို concept ကို Steam Deck ရဲ့ အောင်မြင်မှုနဲ့အတူ အသက်ပြန်သွင်းလာလို့ ဆိုနိုင်ပါတယ်။
ဒီအတိုင်းသာဖြစ်လာမယ်ဆိုရင် Steam Frame ဟာ Controller တစ်ခုနဲ့ တွဲဖက်ပါဝင်လာမယ့် သီးသန့် Console စက်တစ်လုံးဖြစ်ပြီး Steam Deck မှာလိုပဲ Windows ဂိမ်းတွေကို Proton လို့ခေါ်တဲ့ software compatibility layer ပါဝင်တဲ့ Linux အခြေခံ SteamOS ကို အသုံးပြုလာမှာပါ။ လက်ကိုင်စက်မဟုတ်တော့တဲ့အတွက် အပူကို ကောင်းကောင်းစွန့်ထုတ်နိုင်မှာဖြစ်လို့ resolution မြင့်မားပြီး frame rate များများနဲ့ ကစားနိုင်ဖို့ ပိုအားကောင်းတဲ့ Hardware တွေကိုလည်း အသုံးပြုလာနိုင်ပါတယ်။
တချို့ကလည်း ဒါဟာ PlayStation နဲ့ Xbox တို့အတွက် Valve ရဲ့ အဖြေလားလို့ တွေးနေကြပါတယ်။ နောက်ထပ်ထင်ကြေးတစ်ခုကတော့ ဒါဟာ Valve Index VR Headset ရဲ့ နောက်မျိုးဆက်သစ် ဖြစ်နိုင်တယ်ဆိုတာပါပဲ။ Valve ဟာ Deckard ဆိုတဲ့ code name နဲ့ VR Headset အသစ်တစ်ခုကို ဖန်တီးနေတယ်ဆိုတဲ့ ကောလာဟလတွေကလည်း အရင်ကတည်းက ရှိနေခဲ့တာကိုး။
Valve ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြောတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဒီကုန်အမှတ်တံဆိပ်အသစ်ကြောင့် Valve ရဲ့ Hardware အပေါ် ရည်မှန်းချက်တွေက Steam Deck တစ်ခုတည်းနဲ့ ရပ်တန့်နေမှာမဟုတ်ဘူးဆိုတာတော့ သေချာသွားခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ဂိမ်မာတွေကတော့ "Steam Frame" ဟာ နှစ်ပေါင်းများစွာ စောင့်မျှော်နေရတဲ့ Half-Life 3 ဂိမ်းနဲ့အတူ တစ်ပြိုင်နက်တည်း ပွဲထွက်လာမလားလို့ မျှော်လင့်နေကြပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: PCMag and Techpowerup
0 Comments