Subscribe Us

header ads

Call of Duty ဂိမ်းကို Paramount က Live-Action ရုပ်ရှင်အဖြစ် ရိုက်ကူးတော့မည်

Image: Microsoft/Activision


Paramount/Skydance ကုမ္ပဏီတို့ဟာ Microsoft/Activision နဲ့ သဘောတူညီချက်ရရှိခဲ့ပြီး နာမည်ကျော် Call of Duty ဂိမ်းကို အခြေခံတဲ့ live-action ရုပ်ရှင်တစ်ကား ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ Call of Duty ဂိမ်းဟာ သမိုင်းမှာ အအောင်မြင်ဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ကူးဖို့အတွက်ကတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာခဲ့တာပါ။ လောလောဆယ်တော့ ဒီရုပ်ရှင်ကို live-action ရိုက်ကူးသွားမယ်ဆိုတာကလွဲပြီး အခြားအကြောင်းအရာတွေကို ဘာမှသေသေချာချာမသိရသေးပါဘူး။ Call of Duty ဂိမ်းဇာတ်လမ်းတွေကလည်း အမျိုးမျိုးရှိတာကြောင့် ရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်ထဲက ဇာတ်လမ်းလည်း ဖြစ်နိုင်သလို အနာဂတ်ကမ္ဘာအကြောင်းလည်း ဖြစ်သွားနိုင်ပါတယ်။ တကယ်တော့ "Call of Duty" ဆိုတဲ့ နာမည်တစ်ခုတည်းနဲ့တင် ဘယ်လိုစစ်ကားမျိုးမဆို ရိုက်ကူးနိုင်တာကြောင့် ဒီရုပ်ရှင်ဟာ ဂိမ်းထဲက နာမည်ကြီး Campaign ဇာတ်လမ်းတစ်ခုခုကို ပြန်အသက်သွင်းလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။


Paramount နဲ့ Activision တို့ရဲ့ သဘောတူညီချက်ဟာလည်း ယခုမှ အစပျိုးနေတဲ့ကာလသာ ရှိသေးတာကြောင့် ဂိမ်းကစားသူတွေနဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ဒီရုပ်ရှင်ကို အမြန်ဆုံးမြန်ကြည့်ရဖို့တော့ မမျှော်လင့်နိုင်သေးပါဘူး။  တကယ်လို့ ဒီကားကို ကြည့်ချင်တယ်ဆိုရင်လည်း အချိန်အတန်ကြာ စောင့်ရဦးမှာ သေချာပါတယ်။


Paramount ဘက်ကတော့ သူတို့ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ အခုလိုပြောကြားထားပါတယ်...


သမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေဖြင့် ကမ္ဘာ့ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဖြန့်ချီရေးကုမ္ပဏီဖြစ်သော Paramount (Skydance Corporation) သည် စံချိန်တင်အောင်မြင်မှုများရရှိထားသည့် Call of Duty ဂိမ်းစီးရီး၏ ပင်တိုင်ဖြစ်သော Activision နှင့် ရုပ်ရှင်ရိုက်ကူးရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်သည်။ ဤမိတ်ဖက်ဆက်ဆံရေးသည် နာမည်ကျော် Call of Duty universe ကို ရုပ်ရှင်ပိတ်ကားထက်တွင် အသက်ဝင်လာစေရန်နှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ပရိသတ်များအတွက် အမှတ်ရစရာ ရုပ်ရှင်အတွေ့အကြုံကို ပေးအပ်ရန် ရည်ရွယ်ပါသည်။


သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ဗီဒီယိုဂိမ်း Franchise များထဲမှ တစ်ခုဖြစ်သော Call of Duty သည် အမေရိကန်နိုင်ငံတွင် (၁၆) နှစ်ဆက်တိုက် အရောင်းရဆုံး ဗီဒီယိုဂိမ်းစီးရီးအဖြစ် ရပ်တည်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် အချပ်ရေ သန်း ၅၀၀ ကျော် ရောင်းချထားနိုင်ခဲ့ကာ ကမ္ဘာတစ်ဝှမ်းလုံးရှိ ကစားသမား သန်းပေါင်းများစွာထံ ရောက်ရှိခဲ့ပြီး ဆယ်စုနှစ်နှစ်ခုကျော်တိုင် ပေါ့ပ်ယဉ်ကျေးမှုတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။


ဤသမိုင်းဝင် မိတ်ဖက်ဆက်ဆံရေးအရ Paramount သည် Call of Duty ကို အခြေခံသည့် live-action ရုပ်ရှင်ကို ဖန်တီးထုတ်လုပ်၊ ဖြန့်ချီသွားမည်ဖြစ်သည်။ ဤရုပ်ရှင်သည် ဂိမ်းပရိသတ်များ နှစ်သက်သည့် အဓိကအမှတ်အသားများကို ပုံဖော်ပေးခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ကြီးမားသော ပရိသတ်များကို စိတ်လှုပ်ရှားစေမည့်အပြင် Call of Duty Franchise ကို ပရိသတ်အသစ်များထံသို့ပါ တိုးချဲ့နိုင်ရန် ရည်ရွယ်ပါသည်။ ကုမ္ပဏီနှစ်ခုစလုံးသည် Call of Duty အမှတ်တံဆိပ်၏ ခိုင်မာသော ဇာတ်လမ်းဇာတ်ကြောင်းနှင့် ထူးခြားသောဟန်ပန်များကို လေးစားတန်ဖိုးထားပြီး ပရိသတ်ဟောင်းများနှင့် ပရိသတ်အသစ်များအတွက်ပါ စစ်မှန်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေ့အကြုံကို ပေးအပ်သွားရန် ကတိပြုပါသည်။ 


ဘယ်လိုဇာတ်လမ်းနဲ့ပဲရိုက်ရိုက်ပါစေ ဒီဇာတ်ကားက ဘတ်ဂျက်အများကြီးသုံးမယ့် Blockbuster ဇာတ်ကားကြီးဖြစ်လာမှာတော့ သေချာပါတယ်။ ဒါပေမဲ့ စဉ်းစားစရာတစ်ခုက ဒီရုပ်ရှင်က တခြားစစ်ကားတွေနဲ့မတူအောင်လုပ်မလဲ ဆိုတာပါပဲ။ စစ်ကားတိုင်းက Call of Duty လို့ ဖြစ်နေနိုင်တာမျိုးလား? နောက်ပြီး "Call of Duty" ဆိုတဲ့ နာမည်တစ်ခုတည်းနဲ့ ပရိသတ်တွေကို ရုပ်ရှင်ရုံထဲရောက်အောင် ဆွဲခေါ်နိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ။


Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  


Source: OC3D

Post a Comment

0 Comments